အပျိုပေါက်လေး ပေါက်လာတဲ့အခါ ဘယ်လိုအခါမျိုးတွေမှာ ကိုယ့်စိတ်တွေ ပြောင်းလဲလာတတ်သလဲဆိုတာ ကိုယ့်ဘာသာ အလိုလို သိလာတတ်ကြတာချည်းပဲ သမီးရ။ မိန်းကလေးအတော်များများကတော့ ဆယ်ကျော်သက် အရွယ်ရောက်ခါစမှာ တခြားမိန်းကလေးတွေကို ကြည့်ရင်းနဲ့ စိတ်ထဲမှာ သရိုးသရီ ဖြစ်စပြုလာတတ်ကြတယ်။ သည်လိုနဲ့ တခြားမိန်းကလေးတွေကို အသည်းအသန်တွေ ချစ်မိပြီး အချစ်တော်တွေ၊ ဘာတွေလည်း ထားချင်ထားမိတတ်ကြတယ်။ တချို့ဆိုလည်း ဓါတ်ရှင် မင်းသမီး တစ်ယောက်ယောက်ကို အသေအလဲ စွဲလမ်းနေမိတတ်ကြပြန်တယ်။ ဒါမှမဟုတ်လည်း ကိုယ်နဲ့ ရင်းနှီးခင်မင်တဲ့အထဲက အစ်မအရွယ်၊ အဒေါ်အရွယ်၊ အရွယ်ရောက်နှင့်ပြီးသူ မိန်းမသားတဦးဦးကို စွဲလမ်းချင် စွဲလမ်းနေနိုင်ပြန်တယ်။
သည်စိတ်ဟာ လူယောက်ျား၊ လူမိန်းမတိုင်းမှာ ဖြစ်တတ်မြဲ စံထားအားကျချင်စရာ၊ အတုယူချင်စရာ လိင်တူချင်းမို့ဖြစ်နေနိုင်သလို လိင်စိတ်နိုးကြားပုံကြောင့်လည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်ကွဲ့။ အချိန်တန်ရင်တော့ ဘယ်စိတ်ကြောင့် အဲသလိုဖြစ်နေတယ်ဆိုတာကို အတိအကျသိလာမှာလည်း မလွဲပါဘူး။ အရွယ်ရလာတာနဲ့အမျှ ကိုယ်ဟာ လိင်တူချင်းစွဲလမ်းသူလား၊ လိင်နှစ်မျိုးစလုံးကို စိတ်ဝင်စားသူလားဆိုတာ တိတိပပ မြင်လာမှာပဲ သမီးရေ။
တကယ်လို့ ကိုယ်ဟာ လိင်တူချင်းကိုမှစွဲလမ်းတတ်တဲ့ ယောက်ျားလျာဖြစ်နေတယ်လို့ တိတိပပ သိလာရပြီဆိုပါစို့။ အဲဒါကို အကောင်းဘက်က တွေးမယ်ဆိုရင် ကိုယ့်စိတ်ကို ပြတ်ပြတ်သားသားခိုင်ခိုင်မာမာ သိလာရတာပဲဆိုပြီး ကျေကျေနပ်နပ်နဲ့ အသာတကြည် လက်ခံထားလိုက်ရုံ ရှိတာပဲ။
အဲသလိုမှမဟုတ်ဘဲ၊ ကိုယ်က လိင်တူချင်းစွဲလမ်းသူလိုလို၊ လိင်ကွဲကိုမှ တပ်မက်သူလိုလို၊ မရေမရာ ဇဝေဇ၀ါဖြစ်နေတယ်ဆိုပါစို့။ အဲဒါဆိုရင်လည်း သမီးသတိထားဖို့က သည်လို ဆယ်ကျော်သက်အရွယ်မှာ သည်အတိုင်း ဖြစ်နေကျပဲဆိုတာကို နားလည်ဖို့ပါပဲ။ ဆယ်ကျော်သက်အရွယ်၊ အပျိုပေါက်အရွယ်မှာ ခံစားမှုတွေက ထွေပြားေ၀၀ါးနေတတ်စမြဲပဲ သမီးရဲ့။ အဲဒီ့ခံစားမှုတွေကလည်း တစ်ခုနဲ့တစ်ခု ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင် ကွဲလွဲနေတာမျိုးတွေ ဖြစ်နေနိုင်တယ်။
ဒါလည်း သည်အရွယ်ကို ဖြတ်သန်းရသူ လူယောက်ျား၊ လူမိန်းမတိုင်း ရင်ဆိုင်ရစမြဲ ရှုပ်ထွေးမှုပါပဲ သမီးရဲ့။ သမီးလေးတစ်ယောက်တည်းမှ ကွက်ပြီး ဖြစ်နေတာလည်း မဟုတ်ပါဘူးနော်။ အထူးသဖြင့် လိင်စိတ်နဲ့ ပက်သက်လို့က သာတောင် ဖြစ်တတ်သေးတယ်ဆိုတာ သမီး နားလည်ပါ။
စိတ်ပညာရှင်များအားလုံး တစ်ညီတစ်ညွတ်တည်း နားလည် လက်ခံထားတာတစ်ချက်ကတော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ လူရယ်လို့ မွေးလာကတည်းက လူတိုင်းလူတိုင်းမှာ ကျားစိတ်ရော၊ မစိတ်ပါ တစ်ပြိုင်တည်း ပါလာတယ်ဆိုတာပဲကွ။ အရွယ်ရောက်လာတဲ့အခါ ကျတော့မှသာ ကျားစိတ်ရဲ့လွှမ်းမိုးမှုက ပိုများသွားတာ၊ မစိတ်ရဲ့လွှမ်းမိုးမှုက ပိုများသွားတာတွေ ခိုင်လုံလာပြီး ယောက်ျားရယ်၊ မိန်းမရယ်၊ မိန်းမလျာရယ်၊ ယောက်ျားလျာရယ်ဆိုပြီး ကွဲထွက်ကုန်တာပဲ။ အမှန်စစ်စစ် ယောက်ျားဆိုတိုင်းလည်း ယောက်ျားစိတ်ချည်း ၁၀၀% ရှိတဲ့ ပုထုဇဉ်လူသားရယ်လို့ တစ်ယောက်မှ မရှိသလို မိန်းမဆိုတိုင်းလည်း မိန်းမစိတ်ချည်း ရာနှုန်းပြည့်ရှိတဲ့ လူမိန်းမရယ်လို့ တစ်ယောက်မှမရှိဘူးလို့ စိတ်ပညာရှင်များအားလုံးက နားလည်လက်ခံထားကြပါတယ်။
သည်တော့ကာ သမီးအနေနဲ့ ဆယ်ကျော်သက်အရွယ်မှာ သမီးနဲ့ရွယ်တူ မိန်းကလေးတွေထဲက တစ်ယောက်ယောက်ကို အရူးအမူးစွဲလမ်းမိရင်လည်း စွဲလမ်းမိသွားပေလိမ့်မယ်။ အဲဒါဆိုလည်း သမီးဟာ ကိုယ့်ကိုယ်ကိုယ် ယောက်ျားလျာဖြစ်နေပြီလို့ အပြီးအပြတ် ယုံမှတ်လို့ မရသေးဘူးကွ။ အဲသလို ဖြစ်နေတယ်ဆိုဦးတောင်မှ သမီးရဲ့စိတ်ကို သမီးဘာသာ သေချာအချိန်ယူပြီး ဆန်းစစ်ဖို့ လိုလိမ့်မယ်နော်။ ကိုယ့်ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို တိတိပပသိအောင် အရင်ကြိုးစားပြီးကာမှ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူစားဆိုတာ သတ်မှတ်တာက ပိုကောင်းပါတယ် သမီးရယ်။
သမီး မမေ့သင့်တဲ့အချက်တွေကို ဖေဖေ အောက်မှာ တန်းစီပြီး ချရေးပြလိုက်တယ်။
Ø သမီးရဲ့ လိင်စိတ်ကို တစ်ထိုင်တည်းနဲ့ ချက်ချင်းလက်ငင်း ဆုံးဖြတ် သတ်မှတ်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ပြီးတော့လည်း လိင်စိတ်ဆိုတာဟာ အချိန်နဲ့အမျှအမျိုးစုံ ပြောင်းလဲတတ်တဲ့သဘာဝရှိတယ်ဆိုတာကိုလည်း မမေ့နဲ့။
Ø ကိုယ့်ကိုယ်ကိုယ် ယောက်ျားလျာဖြစ်နေပြီ၊ ဒါမှမဟုတ်လည်း မိန်းမစိတ် ပေါက်နေပြီဆိုတဲ့ တံဆိပ်တွေကပ်ဖို့အတွက် ရေးကြီးခွင့်ကျယ် လုပ်၊ အပင်ပန်းခံပြီး အားမထုတ်စေချင်ဘူး သမီးရယ်။ သမီးဟာ သမီးပဲ။ တခြားလူ မဟုတ်ဘူး။ သမီးကိုယ်သမီး ယောက်ျားလျာပါ၊ မိန်းမစိတ်ပေါက်နေသူပါ၊ မိန်းမစိတ်ရော ယောက်ျားလျာစိတ်ပါ နှစ်မျိုးစလုံးရှိနေသူပါစသဖြင့် သတ်မှတ်နေစရာ ဘာမှမလိုဘူးဆိုတာ သမီးလေး နားလည်ထားစေချင်ပါတယ်။
Ø အဲ... အရေးကြီးဆုံးအချက်က ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ တခြားသူကိုဖြစ်စေ အယုံသွင်းချင်တဲ့စိတ်နဲ့ ဘယ်သူနဲ့မှ ကိုယ်လက်နှီးနှောမှု မလုပ်စေချင်ဘူး သမီးရေ့။ ဆိုလိုတာကကွာ၊ သမီးကိုယ်သမီး ငါ ယောက်ျားလျာမဟုတ်ဘူးလို့ ယုံချင်တဲ့စိတ်ကြောင့် ရည်းစားထားပြီး မလိုက်လျောသင့်တာ လိုက်လျောတာမျိုးမလုပ်မိစေချင်သလို သမီးရဲ့သူငယ်ချင်းတွေက သမီးကဖြင့် သိပ်အပျိုလုပ်ချင်နေပြီ၊ မိန်းမစိတ်တွေ ပေါက်နေပြီလို့ စွပ်စွဲတာနဲ့ပဲ သူတို့ ယုံလာအောင် တခြားမိန်းကလေးတစ်ယောက်ယောက်နဲ့ အတွင်းကျကျရင်းနှီးတဲ့အထိ နေမိထိုင်မိတာမျိုးတွေ မဖြစ်အောင်လည်း ရှောင်စေချင်တယ်လို့ ပြောနေတာပဲကွာ။
Ø တကယ်လို့ အခုစာကို ဖတ်နေတဲ့အထဲက သမီးလေးတွေမှာလည်း အလားတူ အခက်အခဲတွေ ပေါ်နေရင်လည်း သည်စာအုပ်အဆုံးမှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး မေးမြန်းနိုင်၊ ရင်ဖွင့်နိုင်ကြပါတယ်။ သို့ပေမယ့် စာရေးသူက အမျိုးသားတစ်ယောက်ဖြစ်နေလို့ မျက်နှာပူနေ၊ အားနာနေပါတယ်ဆိုရင်လည်း တစ်နည်းတစ်ဖုံ စီစဉ်ပေးပါ့မယ်။
ယောက်ျားလျာမုန်းတဲ့ ရောဂါ
ဖေဖေတို့ အရှေ့တိုင်းလူ့ဘောင်အပါအ၀င် ကမ္ဘာကြီးတစ်ခုလုံးမှာက လူတွေရဲ့လိင်စိတ်နဲ့ ပက်သက်လို့ သိပ်ပွင့်လင်းပေး၊ နားလည်ပေးနိုင်ကြပြီလို့ ဘယ်လိုမှ ပြောလို့ မရသေးဘူး သမီးရဲ့။ အထူးသဖြင့် ယောက်ျားလျာ၊ မိန်းမလျာတွေလို လိင်တူချင်းမှ အကြိုက်ကျသူများအပေါ်မှာ လူ့ဘောင်ရဲ့အမြင်က ကြည်ကြည်လင်လင် မရှိချင်သေးဘူး။
အမှန်တော့ သမီးရယ်၊ ပုထုဇနော ဥမ္မတ္တကောဆိုတဲ့အတိုင်း လူမှန်ရင် စိတ်အမျိုးမျိုးနဲ့ တစ်ခုမဟုတ်တစ်ခု ရူးနေကြသူချည်းပါပဲ။ စာရူး၊ ဥစ္စရူး၊ ဂီတရူး၊ လင်တရူး၊ မယားတရူး၊ အာဏာရူးစသဖြင့် အမျိုးစုံရှိကြသလိုပါပဲ၊ လိင်စိတ်မှာလည်း တစ်ဖက်ဖက်မှာ တရားလွန်သန်သွားတဲ့ ဥမ္မတ္တကောတွေ အများအပြားရှိနိုင်နေတာသဘာဝပါပဲ။
ကိုယ့်စိတ်နဲ့ မတွေ့တိုင်း၊ ကိုယ်လုပ်သလို မလုပ်တိုင်း၊ ကိုယ်ကြိုက်တာကို လိုက်မကြိုက်နိုင်တိုင်း အဲဒီ့လူကို မှားတယ်၊ မူမမှန်ဘူး၊ ရူးနေတယ်၊ စံလွဲနေတယ်လို့ လျှောက်သတ်မှတ်မယ်ဆိုရင် အဲဒါ ဗြဟ္မစိုရ်တရား ခေါင်းပါးတာပဲ သမီးရဲ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးရှိတတ်တဲ့သဘာဝကို နားလည်လက်ခံထားနိုင်၊ နှလုံးသွင်းနိုင်ပါမှ ကိုယ်လည်း စိတ်ချမ်းသာ၊ တစ်ဖက်သားလည်း စိတ်ချမ်းသာ၊ လောကကြီးလည်း ငြိမ်းချမ်းနေမှာ သမီးရ။
ထားပါလေ… ။ သမီးကို ပြောချင်တာကတော့ တကယ်လို့များ ဖေဖေ့သမီးလေးသာ ယောက်ျားလျာစိတ်ပေါက်နေတယ်ဆိုရင် သမီးအနေနဲ့ ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုကို ရင်ဆိုင်ရဲတဲ့သတ္တိမျိုး မွေးထားဖို့ မလွဲမသွေ လိုအပ်တယ်ဆိုတာပါပဲသမီးရယ်။ (အမှန်တော့ ဖေဖေ့သမီး ယောက်ျားလျာ မဟုတ်မှန်း ဖေဖေအသိဆုံးပေါ့။ သို့ပေမယ့် သမီးကို ပုÀားတိုင်ထားပြီး အများဖတ်ဖို့ ရေးနေတဲ့စာဖြစ်နေတာမို့ သမီးမဟုတ်သော်လည်းပဲ တခြား သမီးငယ်လေးတွေမှာ အဲသလိုဖြစ်နေတယ်ဆိုရင် ပြင်ဆင်နိုင်အောင် ဖေဖေက ဒါကို ထည့်ရေးလိုက်ရတာပါပဲ။ ငါ့အဖေကလည်း ဘာတွေ လျှောက်ရေးနေမှန်းမသိဘူး။ တော်တော်ကြာ၊ သမီးကို မသိတဲ့သူတွေက သမီးကို ယောက်ျားလျာထင်ကုန်လိမ့်မယ်၊ ဘာမယ်၊ ညာမယ်ဆိုပြီး မျက်မှောင်ကုပ်မနေနဲ့ဦးနော်။ အခုတစ်ခါတည်း အများသိအောင် ကြေညာပေးလိုက်မယ်နော်။ ဖေဖေ့သမီးက ယောက်ျားလျာ မဟုတ်ပါဘူးဆိုတာ။)
အေး... တခုပဲ သမီးရ။ သမီးကိုယ်သမီး ယောက်ျားလျာစိတ်ပေါက်နေမှန်း အလွန့်အလွန်ကြီးကို သေချာပြီဆိုမှသာ၊ ကျွန်မဟာဖြင့် ယောက်ျားလေးတွေကို စိတ်မ၀င်စားဘဲ မိန်းကလေးချင်းသာ စိတ်ဝင်စားပါတယ်ရှင့်လို့ တစ်ကမ္ဘာလုံးကို ပြောပြနိုင်ပြီဆိုမှသာ ကိုယ့်ကိုယ်ကိုယ်လည်း အပြတ်အသား သတ်မှတ် တံဆိပ်ကပ်စေချင်သလို တခြားတစ်ပါးသူများကိုလည်း ကိုယ်အဲသလိုဖြစ်နေတဲ့အကြောင်း အသိပေးပါလို့ မှာချင်တယ် သမီးရာ။
မဟုတ်လို့ကတော့ အရွယ်ရောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် သေချာအောင် စောင့်ကြည့်ပါဦးလို့ပဲ ပြောပါရစေတော့။
အတ္တကျော်
“မီးငယ်တို့ အသိကြွယ်ဖို့” မှ ထုတ်နှုတ်တင်ပြသည်။
www.coloursrainbow.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.