သက်တံ့ရောင်အယ်ဒီတာအဖွဲ့
စက်တင်ဘာ ၁၂၊ ၂၀၀၉
ဆရာ ဆူဒိုနင်ခင်ဗျား
ရိုသေလေးစားစွာဖြင့် ကျွန်တော် စာရေးလိုက်ပါတယ်။ ဇန်နဝါရီလထုတ် အိုင်ဒီယာမဂ္ဂဇင်းမှ “ယောက်ျားသားချင်း ပွင့်ပွင့်လင်း” ဆိုတဲ့ကဏ္ဍ ခေါင်းစဉ်လေးကို ဖတ်လိုက်ရကတည်းက ဆရာ့ထံကို ကျွန်တော့်အကြောင်းတွေ ရေးပြီး ဆွေးနွေးတိုင်ပင်ခဲ့ ချင်တာပါ။ ဒါပေမယ့် ရေးသင့်၊ မရေးသင့် စဉ်းစားနေတာနဲ့ အခုမှ ရေးဖြစ်ခဲ့တယ်။
ကျွန်တော့်ရဲ့အသက်က ၂၄နှစ် ထဲမှာပါ။ မောင်နှမ လေးယောက်ထဲမှာ ယောက်ျားလေးဆိုလို့ ကျွန်တော်တစ်ယောက်တည်းပါ။ ကျွန်တော့်ရဲ့ အစ်မတွေက သူ့မိသားစုနဲ့ သူပါ။ ကျွန်တော့်ရဲ့ ပညာအရည်အချင်းက ခုနစ်တန်းပဲ အောင်ပါတယ်။ ကျွန်တော် ခုနစ်တန်းနှစ်မှာ ဖေဖေက အစာအိမ်ရောဂါနဲ့ ဆုံးသွားလို့ မေမေ မျက်စိမကောင်းတဲ့အတွက် ကျွန်တော် ခုနစ်တန်းအောင်ပြီး ပညာကို လိုချင်ပေမယ့် ကျောင်းထွက်လိုက်ရပါတယ်။
ကျွန်တော်က နယ်မှာနေတာဆိုတော့ ကျောင်းထွက်ပြီး လယ်လုပ်ရပါတယ်။ ကျွန်တော် အလုပ်ကြမ်းလည်း လုပ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဘော်ဒီက မိန်းကလေးတွေ နှစ်သက်လောက်တဲ့ ဘော်ဒီမျိုးပါ။ ဒါပေမယ့် ဆရာ့ကို အဓိက ပြောချင်တာက ကျွန်တော့်ရဲ့စိတ်ပါ။ မိန်းကလေးတွေကို ဘယ်လိုမှ ရင်ခုန်လို့ မရတာပါ။ ဘယ်လောက်ပဲ ဆွဲဆောင်နေပါစေ၊ ခံစားလို့ကို မရတာပါ။
ကျွန်တော် လူပျိုဖော်ဝင်ခါစ၊ ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက ကျောင်းအတူတူတက်ခဲ့ရတဲ့ သူငယ်ချင်းနဲ့ ကျွန်တော် လက်တည့်စမ်းခဲ့ဖူးပါတယ်။ ဟိုလို လိင်တူချင်း ချစ်တင်းနှောတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ကိုယ်ရေ အာသာဖြေခဲ့ရုံပါ။ ဒါပေမယ့် အဲဒီ့ကတည်းက ကျွန်တော့်ရဲ့ စိတ်က သူငယ်ချင်းကို စွဲလမ်း သံယောဇဉ် ဖြစ်မိပါတယ်။ ရှင်းရှင်းပြောရရင် အခုအချိန်အထိပါပဲ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း gay ဖြစ်နေပြီလားလို့ အရမ်းသံသယ ဖြစ်နေမိတယ်။
အဲဒါကြောင့် ကျွန်တော် နယ်မှာမနေဘဲ ရန်ကုန်က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ အခု ရန်ကုန်မှာ ကျွန်တော့်ကို အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သံယောဇဉ် ဖြစ်မိမှာစိုးလို့ သူငယ်ချင်းကို ခပ်ခွာခွာပဲနေပါတယ်။ အဲဒီလိုနေတော့ ကျွန်တော့်ကို အဆင့်အတန်း ခွဲတာလားလို့ သူငယ်ချင်းက ပြောပါတယ်။ သူက သူဌေးသားပါ။ ကျွန်တော် စိတ်မကောင်းပါဘူး။
ကျွန်တော့်စိတ်ကို ကျွန်တော်သိတော့ လူ့ဘဝမှာ လူဖြစ်ရကျိုးမနပ်ဘူးလို့ အမြဲတန်းအားငယ်နေမိတယ်။ ကြာလာတော့ လူတောထဲတောင် မတိုး သလောက်ပါပဲ။ အရည်အချင်း မရှိဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော် ထင်နေမိတယ်။
ကျွန်တော်နယ်ကို အလည်ပြန်တော့ ကျွန်တော့်သူငယ်ချင်း(နယ်က) လာပါတယ်။ ဒါပေမယ့် ကျွန်တော်က မေးထူးခေါ်ပြောလောက်ပဲ နေတယ်။ ဒါကို သူငယ်ချင်းက စိတ်မကောင်းဖြစ်ပြီး ပြန်သွားတယ်။ ကျွန်တော် စိတ်မကောင်းပေမယ့် ဘာမှ မတက်နိုင်ဘူးဆရာ။
အခု ကျွန်တော်စိတ်ဝင်စားတဲ့ မိန်းကလေးတွေ ရှိပါတယ်။ အဲဒီ့အထဲကမှ ကျွန်တော့်ကို “နင်က ကိုးရီးယားမင်းသား ဂျွန်စောနဲ့ တူလို့ နင့်ကို အရမ်းချစ်တယ်”လို့ စာရေးပြီး ကျွန်တော့်လွယ်အိတ်ထဲထည့်သွားတဲ့ ကောင်မလေး ရှိသေးတယ်။ ဒါပေမယ့် ကျွန်တော် မောင်နှမစိတ်ဓါတ်ပဲ ထားလို့ရတယ်ဆရာ။
နင်က ယောက်ျားမှ ဟုတ်ရဲ့လားလို့ပြောရင် ကျွန်တော် အရမ်းဒေါသဖြစ်မိတယ်။ ကျွန်တော့်ကို gay လို့ အပြောခံရမှာ အရမ်းကြောက်တယ်။
မိန်းကလေးတွေနဲ့ ချစ်တင်းနှောတာမျိုး မရှိခဲ့ဖူးရင် အဲဒီလိုမျိုး ဖြစ်တတ်သလားဆရာ။ ကျွန်တော့်ရဲ့ ပျော့ညံ့တဲ့စိတ်ရယ်ကြောင့် အရမ်းကို စိတ်ဓါတ်ကျနေပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် တစ်ခုခုလုပ်ကြံဖို့လည်း စိတ်က တွန်းပေးနေသလိုပဲ။ အမေရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ ဖြေသိမ့်နေရပေမယ့် တစ်ချိန်မှာ တစ်ခုခု လုပ်မိမှာကို အရမ်းစိုးရိမ်နေမိတယ်။
ကျွန်တော် သိချင်တာ ကျွန်တော် တကယ်ပဲ gay ဖြစ်နေပြီလားဆိုတာရယ်၊ ကျွန်တော်ရဲ့ ဟိုးအောက်ရောက်နေတဲ့ စိတ်တွေကို ဘယ်လို ပြုပြင်ပြီး ဘဝကို ဘယ်လို အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းရမယ်ဆိုတာကို ညီလေးတစ်ယောက်လို အားပေးပြီး ဖြေကြားပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။ စာရှည်တယ်ဆိုပြီး မပယ်လိုက်ပါနဲ့ ဆရာ။ ကျွန်တော် အိုင်ဒီယာ မဂ္ဂဇင်းမှာ စောင့်မျှော်နေပါရစေ။
နောက်...“သားငယ်တို့ နားလည်ဖို့”ဆိုတဲ့ စာအုပ်ကိုလည်း ဖတ်ချင်ပါတယ်။ ဘယ်မှာ ရှာရမလဲ သိချင်ပါတယ် ဆရာ။
လေးစားစွာဖြင့်
စိုင်းတင်သန်း
ပဲခူး
၁၂၊ ၅၊ ၂၀၀၆
စာပြန်ရန် နေရပ်လိပ်စာမပါသဖြင့် မဂ္ဂဇင်းမှ တစ်ဆင့်သာ ပြန်ကြားပေးစေလိုကြောင်းမှာ ထင်ရှားလှပါသည်။
သူ့စာကို ဖတ်ပြီး ကျွန်တော့်စိတ်ထဲ မကောင်းပါ။ ပထမဆုံးက ကျောင်းနေချင်လျက်နှင့် ခုနစ်တန်းမှာ ပညာရေးဆုံးခန်း တိုင်သွားသော အကြောင်းကို ဖတ်လိုက်ရချိန်တွင် ရင်ထဲတွင် စာနာစိတ်ဖြင့် နင့်သွားပါသည်။ သူကမှ ကျောင်းမနေရပေမယ့် စာလေး ပေလေး အနည်းအကျဉ်းဖတ်ကာ ကျွန်တော့်ထံ စာရေးဖော်လေး ရသေးသဖြင့် တော်ပေသေးသည်ဟု ဖြေတွေးမိရပါသည်။ သူ့နှယ်ပင် အကြောင်းကြောင်းကြောင့် အလယ်တန်းပညာရေးမှာတင် ရပ်တန့်ကာ ဘဝပင်လယ်ထဲတွင် မျောလွင့်နေသူတွေ အများအပြားရှိနေနိုင်သည်ကို တွေးမိသည့်အခါ ပိုလို့ပင် စိတ်မကောင်း ဖြစ်မိရပါသည်။
သို့သော် သူသိချင်သည်မှာ ထိုအကြောင်းမဟုတ်ပါ။ သူသိချင်သည်မှာ သူ့လိင်စိတ်တိမ်းညွတ်မှုကိုသာ ဖြစ်ပါသည်။
ဤလောကတွင် အရှုပ်ထွေးဆုံး၊ အပွေလီဆုံး ပြဿနာမှာ ထိုလိင်စိတ်တိမ်းညွတ်မှုများ ဖြစ်လေသလားဟုပင် တွေးမိရပါသည်။
အမှန်တော့ လူ့စိတ်ဆိုသည်ကပင် အလွန် သိမ်မွေ့နက်နဲသော ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ စိတ်ပညာပါရဂူကြီးများပင်လျှင် လူ့စိတ်ကို သေချာဂန မသိနိုင်ကြသေးပါ။ အတွေ့အကြုံပေါ်တွင် အခြေခံပြီး မှန်းဆတွေးထင် ချက်များနှင့်သာ ပြောဆိုနေကြရဆဲ ဖြစ်ပါသည်။ တလောလေးကပင် ဘယ်ထဲမှာလည်း မသိ၊ ဖတ်လိုက်ရသည်။ အနောက်တိုင်းမှ စိတ်ပညာ ပါရဂူတစ်ဦးသည် ဗုဒ္ဓ၏တရားတော်များကို နာကြားကာ ဗုဒ္ဓ၏ ဝိပဿနာလမ်းစဉ်ကို လိုက်ပြီးသကာလ လူ့စိတ်သဘာဝကို နားလည်သည်ထက် နားလည်နိုင်အောင် စူးစမ်းလျက်ရှိသည့် အကြောင်းကိုပင်ဖြစ်သည်။ သူကမူ ဤကမ္ဘာလောက၌ ဗုဒ္ဓကသာလျှင် လူ့စိတ်ကို အကြွင်းမဲ့ သိရှိ နားလည်သွားသည်ဟု လေးလေးနက်နက် ယုံကြည်ပါသတဲ့။
ထားပါ။
ကျွန်တော့်ထံ စာရေးလာသူလေး မောင်စိုင်းတင်သန်း၏ စိတ်ပြဿနာကိုလည်း ကျွန်တော့်ဉာဏ်လေး တစ်မိုင်တစ်ထွာဖြင့် ကြိုးစားဆွေးနွေးကြည့်လိုပါသည်။
အဓိက ပြဿနာမှာ ကျွန်တော်အပါအဝင် သူသူကိုယ်ကိုယ် လူတိုင်းတွင် ရှိနေသော ‘အများနှင့် လိုက်လျောညီထွေ ရှိလိုမှု’ပင် ဖြစ်သည်။ အမှန်တော့ ထိုစိတ်ကလေး ရှိခြင်းမှာ ကောင်းပါသည်။ သို့သော် ထိုစိတ်သည် မိမိ၏ လက်တွေ့ဘဝနှင့် မဆီလျော်သောအခါတွင်မူ ပြဿနာတစ်ရပ်ဖြစ်လာပါသည်။
အလွယ်ဆုံး ဥပမာပဲ ပေးလိုပါသည်။ လူတကာ ဒူးရင်းသီးကြိုက်သည်။ ကိုယ့်အိမ်တစ်အိမ်လုံးကလည်း ကြိုက်၊ ကိုယ့်တစ်မျိုးတစ်ဆွေလုံးကလည်း ကြိုက်၊ ကိုယ့်အခင်ဆုံး သူငယ်ချင်းကလည်း ကြိုက်သည်။ ခက်သည်က ကိုယ်ကမူ ဒူးရင်းသီးကို အနံ့ပင် မခံနိုင်။ အားလုံးက ကိုယ့်ကိုဝိုင်းပြောကြသည်။ သည်လောက် အရသာရှိတာကို စားရကောင်းမှန်း မသိတဲ့သူ၊ လူမိုက်ဟု။ ထိုအခါ ကိုယ့်မှာ အလကားနေရင်း ဒုက္ခများနေလေတော့သည်။
ဒါက အလွယ်ဆုံး အရိုးစင်းဆုံး ဥပမာဖြစ်ပါသည်။ ဆန့်ထုတ်စဉ်းစားမည်ဆိုပါလျှင် အများနှင့်မတူသော အကြိုက်ဟူသည်က လူတိုင်းလူတိုင်းမှာ ရှိနေတန်ကောင်းပါသည်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘယ်နယ်ပယ်မှာမဆို အများနှင့်မတူသော အကြိုက်တွေက ရှိတတ်စမြဲပင် ဖြစ်သည်။
ထိုအထဲမှာမှ လူမှုရေးနယ်ပယ်ထဲက ဥပမာလေးတစ်ခုကို ပေးပါရစေဦး။
သာမန်အားဖြင့် လူယောက်ျားနှင့် လူမိန်းမတို့သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြိုက်နှစ်သက်မိတတ်ကြစမြဲပင် ဖြစ်သည်။ ထိုအခါ ရုပ်ရည်ချောမောသူကို ကြိုက်တတ်သည်မှာ အများ၏ သဘာဝဖြစ်သည်။ သို့သော် ချောပုံကို စံထားရာတွင်တော့ မတူကြချေ။ တချို့က ဖြူချောကို ကြိုက်ပေမယ့် တချို့က ညိုချောကိုမှ ကြိုက်ချင်ကြိုက်နေတတ်တာမျိုးကို ပြောလိုရင်း ဖြစ်ပါသည်။ ထိုအထဲကမှ တချို့ဆိုလျှင်လည်း ချောတာကို ဘယ်လိုမှ လက်မခံနိုင်၊ မကြိုက်နိုင်တာမျိုးလည်း ရှိတတ်ပြန်သည်။
တချို့က အရပ်မြင့်မြင့်ကို ကြိုက်သည်။ တချို့က ပိန်ပိန်ပါးပါးကို ကြိုက်သည်။ တချို့က သွက်သွက်လက်လက်ကို ကြိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း ဘယ်လိုမှ မတူနိုင်ပါ။
ကိုယ်က ကြိုက်ပြီး ကိုယ့်မိဘက မကြိုက်ဘဲ ခါးခါးသီးသီး ဖြစ်နေတာမျိုးလည်း ရှိသည်။ ကိုယ့်မိဘမောင်ဖွားတွေက သိပ်ကြိုက်နေပေမယ့် ကိုယ်က တစ်စက်ကလေးမှ ကြိုက်မရတာမျိုးလည်း ရှိသည်။
ဒါတွေက ဆန့်ကျင်ဘက်လိင်ကို ကြိုက်တာမို့ ကိုယ့်ချင်းကိုယ့်ချင်းကြားမှာ ပြဿနာရှိနေသည့်တိုငှ်တစ်ရပ်လုံး၊ တစ်ရွာလုံးကတော့ ပြဿနာသိပ်မရှိသဖြင့် ထင်ရာစိုင်းဖို့ အထိုက်အလျောက်လွယ်ကူသည်။ အဲဒီ ဆန့်ကျင်ဘက်လိင်ကိုမဟုတ်ဘဲ လိင်တူချင်း နှစ်သက် စွဲလမ်းတာရော ဘာဖြစ်သနည်း။ အမှန်တော့ ဒါလည်း အဆန်းမဟုတ်ပေ။
ဘုရားရှင်လက်ထက်ကတည်းကပင် ထိုနှယ် လိင်တူချင်း စုံမက်သူများရှိခဲ့သည်မှာ အထင်အရှားပင်ဖြစ်ပါသည်။ ပုထုဇနော ဥမ္မတ္တကောဟူသည့်အတိုင်း လူတွေမှာ တစ်မျိုးမဟုတ် တစ်မျိုး ရူးနေကြတာသာဖြစ်သည်။ အာဏာရူး၊ ဥစ္စာရူး၊ လင်တရူး၊ မယားတရူးစသဖြင့် သူတစ်ပါးကို ပါးစပ်နှင့်တစ်လုံး ရှုံ့ချဖို့ လွယ်ကူလှသလောက် ကိုယ်ကိုယ်တိုင်လည်း အမှန်တော့ တစ်နည်းနည်း ရူးနေသူချည်းသာဖြစ်ပါသည်။ မရူးဘူးဟု ခြေကန်ငြင်းလိုပါက ဘုရားဟောသည့် ပုထုဇနော ဥမ္မတ္တကောဟူသည့် စကားကို ဆန့်ကျင်သူသာဖြစ်ပါလိမ့်မည်။
သည်လို တစ်မျိုးစီ ရူးနေကြသည်မှန်သော်လည်း လိင်တူချင်းမှ အကြိုက်ကျမိသူကိုကျတော့ လူ့ဘောင်က အမြင်မကြည်သည်မှာ အတော်တော့ သဘာဝ မကျလှပေ။ ကျွန်တော်တို့အရှေ့တိုင်းကို အသာထားဦး၊ လိင်မှုကိစ္စနှင့် ပတ်သက်ပြီး အလွှတ်မဲ့လွန်းသည်၊ ပွင့်လင်းလွန်းသည်ဟု ကျွန်တော်တို့က တစ်ဖက်သတ် အထင်ရောက်နေသော အနောက်တိုင်းလူ့ဘောင်မှာပင်လျှင် ထိုနှယ် လိင်တူချင်းစုံမက်တတ်သူများခမျာမှာ နေစရာ အသိုင်းအဝိုင်း ကျဉ်းမြောင်းနေဆဲသာ ဖြစ်လေသည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း လေး၊ ငါးဆယ်လောက်ကထက် စာလျှင်တော့ ထိုသူတွေမှာ နည်းနည်းတော့ နေစရာ ရှိလာကြပါပြီ။ အောင်မြင်သော လုပ်ငန်းရှင်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေထဲမှာ ထိုနှယ် လိင်တူချင်းမှ အကြိုက်ကျသူတွေ အတိုင်းအတာတစ်ခုအထိ နေရာရလာသည်။
မနှစ်က အမေရိကန်နိုင်ငံတွင် အုတ်အာသောင်းသဲဖြစ်သွားသော စာအုပ်တစ်အုပ်ရှိသည်။ စိတ်ပညာပါရဂူတစ်ဦးက ရေးသွားသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်၏ အလိုအရ အမေရိကန်နိုင်ငံ၏ သမိုင်းတွင် အလွန်ထင်ရှားသော တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့် သမ္မတကြီးအေဘရာဟင်(မ်)လင်ကွန်း သည်ပင်လျှင် လိင်တူချင်း စုံမက်တတ်သူတစ်ဦး ဖြစ်နေတန်ရာသည်။ အဲတော့ ဘာဖြစ်သနည်း။ သူ လိင်တူချင်း တပ်မက်သည့်အတွက် အမေရိကန်ပြည်ထောင်စုကို ဘာများ ထိခိုက်သွားခဲ့ပါသနည်း။
တစ်ခုတော့ ရှိသည်ပေါ့။ သူ သက်ရှိထင်ရှား ရှိနေစဉ်တုန်းက သူထိုသို့ဖြစ်နေမှန်း ဘယ်သူမှ မရိပ်မိခဲ့ကြသဖြင့် ဘာမှ မဖြစ်ခဲ့တာလည်း ဖြစ်နိုင်နေပါသည်။ သို့မဟုတ်ပါက သူ့ကို လက်သီးပုန်းထိုးလိုသူများက ထိုအားနည်းချက်ကိုပင် ယိုးမယ်ဖွဲ့ပြီး ထိုးနှက်ကြပေလိမ့်မည်။
ထားပါ။ ကျွန်တော်တို့ဆီတွင်လည်း ထိုနှယ် လိင်တူချင်း စုံမက်သူများထဲတွင် အနုပညာနယ်ပယ်မှ လျှမ်းလျှမ်းတောက်တွေ ရှိခဲ့ပါသည်။ ထိုသူများ ထိုသို့ ဖြစ်နေသည့်အတွက်လည်း သူတို့၏ အနုပညာ ထုတ်ကုန်များကို ထိခိုက်ခြင်း အလျဉ်းမရှိခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။
ကျောင်းဆရာတွေထဲမှာလည်း ထိုနှယ်လိင်တူချင်းစုံမက်တတ်သူများကို ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဖူးပါသည်။ အထက်တန်းကျောင်းသားဘဝတုန်းက နှစ်ယောက်၊ ဘွဲ့လွန်ကျောင်းသားဘဝမှာ နှစ်ယောက်အတိအကျ ကြုံဖူးသည်။ ထူးခြားသည်မှာ ထိုသူများ အားလုံး စာသင်ကောင်းကြခြင်းပင် ဖြစ်သည်။
သည်တော့ မောင်စိုင်းတင်သန်း သူ့ကိုယ်သူ ပူပန်သလို သူသည် လိင်တူချင်းစုံမက်သူ ဖြစ်နေသည်ဆိုပါက ထိုအတိုင်း အသာတကြည် လက်ခံလိုက်ရန်သာ ကျွန်တော်ကဖြင့် အကြံပြုလိုပါသည်။
လိင်စိတ်ကိုင်းညွတ်မှုမှာ ပြုပြင်၍ရစကောင်းသော အရာမဟုတ်ပါ။ မွေးရာပါဟုသာ အလွယ်ပြောနိုင်ပါလိမ့်မည်။ အများနှင့် မညီသည့်စိတ်ရှိနေသည့်အတွက် မိမိကိုယ်မိမိ ဒေါသဖြစ်၊ ယူကျုံးမရဖြစ်နေလျှင် စိတ်ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မည်။ ထိုမှတဆင့် မောင်စိုင်းတင်သန်း ပြောသလို အားငယ်စိတ်၊ သိမ်ငယ်စိတ်များပင် ဝင်လာနိုင်ပါသည်။
လူတစ်ယောက်၏ လိင်စိတ်တိမ်းညွတ်မှုနှင့် ထိုသူ၏ အရည်အချင်း၊ အစွမ်းအစနှင့် အဆက်အစပ် မရှိသည်ကို ထိုလူငယ်လေး နားလည်သင့်သည်ဟု ယူဆပါသည်။ အလွယ်ဆုံး ဥပမာ ပြရလျှင် ငါးပိစားခြင်း၊ ထောပတ်စားခြင်း၊ အသားစားခြင်း၊ ငါးစားခြင်းတို့ကြောင့် လူတစ်ယောက် ပိုတော်မလာသလို ပိုလည်း ညံ့မသွားနိုင်တာမျိုးပင် ဖြစ်ပါသည်။
မောင်စိုင်းတင်သန်းက ကျွန်တော့်ဆီမှာ အကြံတောင်းထားပါသည်။ သူ တကယ်ပဲ လိင်တူချင်း စုံမက်သူ ဖြစ်နေပြီလားဟု မေးထားသည်။ ယတိပြတ် အဖြေရ ခက်လှပါသည်။ သို့သော် သူပြောပုံအရမူ သူသည် ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှု သိပ်မရှိတာကတော့ သေချာသလောက်ပင်။
နောက်မေးခွန်းကိုတော့ ကျွန်တော် ဖြေနိုင်မည်ထင်ပါသည်။ စိတ်ဓါတ်ကျနေခြင်းကို ဘယ်လို ပြန်တင်ယူရမလဲဟူသော မေးခွန်းပင်ဖြစ်ပါသည်။ ပထမဆုံး လုပ်သင့်သည်မှာ အထက်က ပြောခဲ့သည့်အတိုင်း သည်လိင်စိတ်ကိစ္စကြီးကို သိပ်ကြောင့်ကြမနေတော့ဘဲ ဘာဖြစ်ဖြစ် လက်ခံနိုင်အောင်ကြိုးစားဖို့ လိုပါသည်။ ဒုတိယလုပ်ရမည့်အလုပ်မှာ မိမိဝါသနာပါသော၊ စိတ်ဝင်စားသော ပညာရပ်တစ်ခုခု၊ အတတ်ပညာတစ်ခုခုကို စူးစူးနစ်နစ် ထဲထဲဝင်ဝင် စတင် လုပ်ကိုင် လေ့လာသင်ကြားဖို့ အကြံပေးလိုပါသည်။ တူရိယာတီးမှုတ်တာ၊ ပန်းချီဆွဲတာ၊ ကားပြင်တာ၊ စက်ချုပ်တာ၊ လက်သမားအလုပ်လုပ်တာ၊ ဖက်ရှင်ဒီဇိုင်း ဆွဲတာ၊ ဆံပင်ညှပ်တာစသဖြင့် တစ်ခုခုထဲမှာ မိမိအနှစ်သက်ဆုံး၊ ဝါသနာအပါဆုံးအရာတစ်ခုကို စွဲစွဲမြဲမြဲသင်ယူလုပ်ကိုင်လိုက်လျှင် မိမိ၏လိင်စိတ်အပေါ် အားမလို အားမရ ဖြစ်နေသည့်စိတ်ကို လမ်းလွှဲနိုင်သွားပါလိမ့်မည်။ ထိုမှတစ်ဆင့် မိမိသင်ယူဆည်းပူးနေသော အတတ်ပညာတွင် တက်ပွန်လာသည်နှင့်အမျှ မိမိကိုယ်မိမိ ယုံကြည်မှုများလည်း တိုးပွားလာနိုင်ပါသည်။
ဘာမှ လုပ်စရာမရှိ၊ ဘာကိုမှလည်း ဝါသနာမပါ၊ ဘာကို လေ့လာသင်ယူရမှန်းလည်း မသိသလို သင်ချင်စိတ်လည်း မရှိဟု ဆိုလျှင်တော့ စာတွေဖိဖတ်ဖို့သာ အကြံပေးချင်ပါသည်။ ဘာစာတွေ ဖတ်ရမလဲဟု မမေးစေလိုပါ။ တွေ့ကရာ အကုန်သာဖတ်ဟု ပြောလိုပါသည်။ ယုတ်စွအဆုံး၊ ကိုယ်ဝယ်စားသည့် ကောက်ညှင်းပေါင်းထုပ်လာသော စက္ကူစုတ်ပေါ်မှာ ပါသည့်စာကအစ ဖတ်ကြည့်တတ်သည့် စာဖတ်ကျင့်လေး ရလာအောင် ပျိုးထောင်သွားမည်ဆိုပါလျှင် မောင်စိုင်းတင်သန်း၏ ဘဝမှာ အများကြီး ပြောင်းသွားနိုင်ပါသည်။
ခုနစ်တန်းသာ အောင်သည့်အတွက် အားငယ်စရာလည်း မလိုပါ။ အတန်းပညာထက် အသိပညာက ပိုအရေးကြီးပါသည်။ ထိုအသိပညာတွေကို စာအုပ်တွေထဲမှာ မိမိဘာသာ ရှာလို့ရပါသည်။ ဖတ်ရင်းနှင့် သိလာပါလိမ့်မည်။
ကျွန်တော့် ‘သားငယ်တို့ နားလည်ဖို့’ စာအုပ်ကို ဘယ်မှာ ရှာရမလဲဟု မေးထားသည်မှာတော့ နည်းနည်းခွကျသည်။ စာအုပ်ဆိုင်တွေမှာ ရှာပေါ့ကွာဟု ဖြေလိုက်လျှင် ဘုပြောတာမျိုးဖြစ်သွားနိုင်ပါသည်။ သို့သော် ထိုအဖြေကသာ အမှန်ဖြစ်ပါသည်။ တစ်ခုတော့ ရှိသည်။ စာအုပ်အငှားဆိုင်မှာတော့ ရှိချင်မှ ရှိပါလိမ့်မည်။ စာအုပ်အရောင်းဆိုင်တွေမှာတော့ မလွဲမသွေ ရှိနေလောက်ပါသည်။
လူတို့၏ လိင်စိတ်တိမ်းညွတ်မှုမှာ အတော့်ကို ပွေလီပါသည်။ အထက်က ပြောခဲ့သည့် အေဘရာဟင်လင်ကွန်းနှင့် ပတ်သက်သော စာအုပ်တွင် စကေးတစ်ခု ချပြထားသည်။ သုညမှ ငါးအထိဖြစ်သည်။ သုညဆိုလျှင် ဆန့်ကျင်ဘက် လိင်ကိုသာ လုံးဝ တပ်မက်သူဖြစ်ပြီး ငါးဆိုလျှင် လိင်တူချင်းကိုသာ လုံးဝ တပ်မက်သူဖြစ်သည်။
စိတ်ပညာရှင်များ၏ အလိုအရ သုညစစ်စစ်သမား၊ ငါးစစ်စစ်သမားများ ရှိသော်လည်း ရှားပါးတတ်သည်။ တစ်၊ နှစ်၊ သုံး ဟူသော ကြားဂဏန်းများထဲတွင်သာ ရှိသူတွေကများသည်ဟု ဆိုသည်။ မည်သို့မှ ပြုပြင်ယူ၍ မရသည်ကို လူတိုင်းနားလည်လက်ခံသင့်ပြီဟု ယူဆမိပါသည်။
သူငယ်ချင်းတစ်ယောက်နှင့်ဆုံတော့ ကျွန်တော့်ကို ရယ်သလို မောသလိုနှင့် အတည်ပေါက်ပြောသည်။ သူက ကျွန်တော်ရေးသော ‘ယောက်ျားသားချင်း ပွင့်ပွင့်လင်းလင်း’ကို အတော်များများ ဖတ်ထားခဲ့သူ ဖြစ်လေသည်။ လိင်တူချင်း စုံမက်တတ်သည် လူငယ်လေးများနှင့် ပတ်သက်ပြီး အထက်တွင် ဖော်ပြခဲ့သော လင်ကွန်းရဲ့ အတွင်းကျကျကမ္ဘာစာအုပ်ကို ညွှန်းခဲ့သည်ကိုလည်း ဖတ်လိုက်ရသည်ဟု သူက ဆိုသည်။ ပြီးတော့ သူ ရယ်ရယ်မောမောပြောသော အတည်ပေါက်မှာ မထိတ်သာ မလန့်သာ။
‘မင်းက လူငယ်လေးတွေကို မိန်းမလျာဖြစ်အောင် မြှောက်ပေးရာ ရောက်နေပါပေါ့လားကွ...’ ဟူသတည်း။
ဘုရား... ဘုရား။ အကြောင်းမသိလျှင်ဖြင့် သူပြောသောစကားမှာ ဟုတ်သလိုလို ဖြစ်ပြီး ကျွန်တော်ပင် သမိုင်းတရားခံစာရင်းထဲတွင် တစ်နေရာရာမှာ အူကြောင်ကြောင်ပါသွားနိုင်သော အပေါက်ပင်။ သူငယ်ချင်း အရင်းအချာဖြစ်နေသောကြောင့် ကျွန်တော်လည်း ခပ်သာသာပင် ပြန်တွယ်လိုက်ပါသည်။
‘အေးကွာ... ဒါ့ကြောင့် ဟိုစကားပေါ်လာတာနေမှာ။ ‘လမင်းကို လက်ညှိုးထိုးပြတဲ့အခါ ဦးနှောက်မရှိတဲ့သူတွေက လက်ညှိုးကိုပဲ မဲကြည့်တတ်တယ်’ ဆိုတာလေ...’
ချစ်သူငယ်ချင်းက ကျွန်တော့်ကို ဆဲလေသည်။ ကျွန်တော် ရှည်ရှည်လျားလျား ဆက်ပြောရပါတော့သည်။
‘အေးကွာ... ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ မိန်းမလျာ၊ ယောက်ျားလျာဖြစ်နေပြီဆိုရင်၊ လိင်တူချင်းစုံမက်နေပြီ ဆိုရင် လိင်ကွဲချင်း စုံမက်တဲ့စိတ်ပေါက်လာအောင် ဘယ်သူမှ မြှောက်ပေးလို့ မရဘူး ငါ့လူ။ ဘယ်တန်ခိုးရှင်မှလည်း လုပ်မပေးနိုင်ဘူး၊ ဘယ်ဆရာဝန်မှလည်း ကုမပေးနိုင်ဘူး၊ ဘယ်စိတ်ပညာရှင်မှလည်း ဆောင်ရွက်မပေးနိုင်ဘူးဆိုတာ မင်းလည်း သိမှာပါကွာ။ လိင်စိတ်ဆိုတာ မွေးရာပါ၊ စွဲမြဲပြီးသားကွ။ အဲဒါကို ဘယ်သူမှ ပြောင်းလို့ပြင်လို့ မရတာကြီး။ ပြင်ချင်လွန်းလို့ပါ၊ ကျွန်တော်ဖြင့် နည်းမျိုးစုံနဲ့ ကြိုးစားပြီးပါပြီ။ ရည်းစားလည်း ထားကြည့်ပြီးပါပြီ။ ဒါပေမယ့် မိန်းကလေးတွေကို ဘယ်လိုမှ ကြိုက်လို့မရဘူး ဆရာဆိုတဲ့ ယောက်ျား ပီပီသသပုံပန်းတွေလည်း ငါ့ဆီကို လာခဲ့ကြဖူးလှပါပြီ။
‘ပြောချင်တာကကွာ အဲဒီ့စိတ်ပေါက်နေတဲ့သူကို အဲဒီ့စိတ်ပျောက်အောင် ဘယ်သူမှမြှောက်ပေးလို့မရသလို လုပ်ပေးလို့လည်း မရဘူးဆိုတာပဲ။ ပြောင်းပြန် ပြန်ပြောရင် အဲဒီ့စိတ် မရှိတဲ့သူကို အဲဒီ့စိတ်ရှိလာအောင်လည်း လှုံ့ဆော်ပေးလို့၊ မြှောက်ပေးလို့၊ ပြောင်းပေးလို့၊ ဖန်တီးပေးလို့ မရဘူးဆိုတာ မင်း သဘောပေါက်သင့်တယ် သူငယ်ချင်း။ ငါဆိုတာ လူပျိုဘဝတုန်းက မိန်းမလျာတွေ အများအပြားနဲ့ လုံးလုံးထွေးထွေး နေခဲ့တဲ့ကောင်ဆိုတာ မင်း သိပါတယ်။ အသက် ၂ဝလောက်အထိက ငါတွေ့ဖူးတဲ့ မိန်းမသား အရေအတွက်ထက် မိန်းမလျာ အရေအတွက်က ဆယ်ဆလောက်တောင် ပိုများမလားမှတ်တယ်။ မင်းပြောသလို မြှောက်ပေးလို့ရတာမျိုးဆိုရင် ငါလေ... မိန်းမလျာဖြစ်မသွားတောင်၊ မိန်းမ မယူဖြစ်တော့ဘဲ မိန်းမလျာနဲ့သာ ညားနေမှာပေါ့ကွာ။ ဒါမှမဟုတ်လည်း မယားကြီး ငုတ်တုတ်နဲ့ မိန်းမလျာတွေ အနားမှာပဲ ရစ်ဝဲနေမှာပေါ့ ကိုယ့်လူရာ။
‘ငါ့ပြောတာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် တခြားတတ်သိနားလည်တဲ့ သူတွေ ရှေ့မှာ သည်လို တောရမ်းမယ်ဘွဲ့တွေ ပြောမိရင် မင့် အရှက်ကွဲမှာ စိုးလို့ ရှည်ရှည်ဝေးဝေး ရှင်းပြရတာပဲ သူငယ်ချင်း’
ကျွန်တော့် သူငယ်ချင်းသည် တွေခနဲ၊ ဖြစ်သွားပါသည်။ ကျွန်တော့်ကိုလည်း မဆဲအားတော့ပါ။ အတန်ကြာမှ ခေါင်းတဆတ်ဆတ် ညိတ်ပါသည်။ ပြီးတော့မှ သူ ပြန်ပြောသည်။
‘အေးကွာ... မင်းပြောတာ သေချာစဉ်းစားကြည့်တော့လည်း ဟုတ်သားပဲကွ။ ငါ မြင်ဖူးတယ်၊ အဖေကရော အစ်ကိုတွေကပါ နေ့စဉ်နဲ့အမျှ ပြောဆိုဖျောင့်ဖျရုံမက အားတိုင်း လက်သီးနဲ့ဝိုင်းဝိုင်းထိုးပြီးတောင် မိန်းမလျာစိတ်ပျောက်အောင် ကြိုးစားခဲ့ကြပေမယ့် ကနေ့ အသက် ၅ဝတန်း ရောက်တဲ့တိုင် မိန်းမလျာဘဝမှာပဲ နေနေပြီး အဲဒီ့ဘဝနဲ့ပဲ အရိုးထုတ်မှာ သေချာနေတဲ့သူ ငါတို့အိမ၏းမှာ ရှိတယ်ကွ။ အေးနော်... မင်းပြောတော့မှ တရေးရေးပေါ်လာတယ်၊ ၇ဝကျော်လောက်အထိနေသွားတဲ့ ငါ့မိန်းမဘက်က အမျိုးနှစ်ယောက် ရှိတယ်၊ တစ်ယောက်က မိန်းမလျာ၊ တစ်ယောက်က ယောက်ျားလျာ၊ သေသည်အထိ အဲသလိုပဲ နေသွားတာ။ ဘယ်မှာ ပြင်လို့ ရလို့တုံး။ ဆောရီး သူငယ်ချင်း၊ ငါ စကားပြော လောသွားတယ်...’
ကျွန်တော် ရယ်မိပါသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော့် သူငယ်ချင်းနှယ် အသိခေါက်ခက် အဝင်နက်သူ တစ်ဦးတလေများ စာဖတ်သူလူကြီးမင်းများ အကြားတွင် ရှိပါက တွေးဆ ဆင်ခြင်ကြည့်နိုင်စေရန် ဤနောက်ဆက်တွဲကို ဖြည့်စွက်ရေးသားလိုက်ရခြင်းလည်း ဖြစ်ပါသည်။

ဆူဒိုနင်
'ယောက်ျားသားချင်း ပွင့်ပွင့်လင်း' စာအုပ်မှ ကူးယူဖော်ပြပါသည်။
| Comments |
|
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.