You are here: Home သတင်းဆောင်းပါး Article ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ အပိုင်း (၁)

ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ အပိုင်း (၁)

E-mail Print PDF

ပထမနေ့ကန်တော့ခံ

ဝါခေါင်လဆန်း (၈) ရက်

ခုလို ပွဲတော်စချိန် ရောက်ပြီဆိုလို့ရှိရင် တောင်ပြုန်းလမ်းခွဲကလေး ပတ်ဝန်းကျင်ဟာ မှိုင်းဝေရီပြာလို့ လွမ်းစရာ ကောင်းနေတတ်တယ်။ မန္တလေး- မတ္တရာသွား ကားလမ်းကနေ ခွဲထွက်တဲ့ တောင်ပြုန်းလမ်းခွဲကလေးပေါ်မှာ ရောင်စုံကားတန်းကီး ရှည်လျားစပြုပြီ။

လူရောင်စုံတွေနှင့်လည်း စည်ကားစပြုပြီ။

လမ်းခွဲကလေးပေါ်မှာ တိုက်ခတ်နေတဲ့ ဝါဆို ဝါခေါင်လေကလည်း ရမ်းကားမြူးကြွလှတယ်။

ရေတိုးစေတဲ့ ဝါဆို ဝါခေါင်လေရမ်းကားကြောင့် လမ်းခွဲကလေးဘေးက တူးမြောင်းတစ်လျှောက်မှာ ညိုဝါရောင်ရေတွေ ပြည့်လျှံစီးဆင်းနေတယ်။ ရေရိပ်မိုးရိပ် ပွဲတော်ရိပ်ဟာ လမ်းခွဲပေါ်က လူတွေရဲ့စိတ်ကို လှုပ်ရှားစေတယ်။ မြူးကြွစေတယ်။ လွတ်လပ်ပေါ့ပါးစေတယ်။

ခရီးသည်တင် ဘတ်စ်ကားခေါင်မိုးပေါ်က လူငယ်တချို့ရဲ့ မြူးတူးအော်ဟစ်သံတွေကို ကြားရသလို ကျပ်ညပ်ပြည့်သိပ်နေတဲ့ ဘတ်စ်ကားအတွင်းထဲက မိန်းမကြီးငယ်တို့ရဲ့ အားကိုးတကြီး တီးတိုးတိုင်တည် ဆုတောင်းသံတွေကိုလည်း ကြားရတယ်။

ကိုယ်ပိုင် ကားငယ်လေးတွေထဲမှာ သက်သောင့်သက်သာ ထိုင်လိုက်လာရတဲ့ မိန်းမကြီးငယ်တွေကတော့ လက်အုပ်ကလေးကိုတောင်ချီပြီး ရော်ရမ်းမှန်းဆ ရှိခိုးတိုင်တည်လို့။

လမ်းဘေးဝဲယာမှာတော့ ကားတန်းကီးကို ကိုဆိုနေသလို ကလေးလူတန်းရှည်ကီး ရှိတယ်။

သူတို့ဟာ နေလောင်အသားအရေလေးတွေ ကိုယ်စီနဲ့။

မည်းညစ်ညစ် အဝတ်အစားလေးတွေကို ကိုယ်စီဝတ်ဆင်လို့။

တူညီတဲ့ အသံစာစာလေးတွေနဲ့ အဆက်မပြတ် အော်ဟစ်နေကြတာက ပိုက်ဆံကဲပါဗျို့တဲ့။

သူတို့ မျက်နှာလေးတွေဟာ မျှော်လင့်ချက်တွေအပြည့်နဲ့ ကားတန်းကီးပေါ်က လူတွေကို ကြည့်နေကြတယ်။

ကားတန်းပေါ်က လွင့်ပျံလာမယ့် ပိုက်ဆံစက္ကူလေးတွေကို အလစ်မပေးတဲ့ မျက်လုံးပြူးလေးတွေနဲ့ စောင့်မျှော်နေကြတယ်။ ကားတစ်စီးစီးပေါ်ကနေ ပိုက်ဆံစက္ကူလေးတွေ ဝဲခနဲကျလာတာနဲ့ ဝိုင်းအုံလုယက်ကောက်ကြတော့မယ်။

အဲဒီအချိန်မှာတော့ ဖုန်လုံးတွေဟာ လမ်းခွဲကလေးကို ဖုံးလွှမ်းသွားတတ်ပြီး ကားဘရိတ်အုပ်သံနဲ့ အထိတ်တလန့် အော်ဟစ်သံတွေလည်း ပေါ်လာတတ်သေးတယ်။

ကွမွနေတဲ့ ပိုက်ဆံစက္ကူရွက်ကို တင်းတင်းဆုပ်ရင်း ကားဘီးအောက်ရောက်ဖို့ သီသီကလေးလိုတော့တဲ့ ကလေးတချို့ကတော့ ဘာမှမဖြစ်သလို ရယ်ဖြဲဖြဲနဲ့။ ဒါပေမယ့် သူ့တစ်ကိုယ်လုံးမှာ ပွန်းပဲ့ရာတွေ ရှိတယ်။ မျက်လုံးလေးတွေကလည်း ကြောက်လန့်နေပါတယ်။

ကလေးတွေနှင့် အတူတူရောနှောအော်ဟစ် ပိုက်ဆံတောင်းနေကြတဲ့ လူကြီးတချို့လည်း ရှိသေးတယ်။ အရက်မူးနေတဲ့ အမူးသမားတွေနဲ့ လမ်းခွဲလေးဘေး လယ်ကွင်းထဲက တက်လာကြတဲ့ မိန်းမတစ်စုပေါ့။

အမူးသမားတွေက ကားလမ်းလယ်မှာ လက်ညှိုးနှစ်ချောင်း တထောင်ထောင်နဲ့ မျက်လုံးမှိတ်ယိမ်းယိုင်ကရင်း ကားတွေကို တားသလို မိန်းမတစ်စုကလည်း သူတို့တဘက်ကို ကြိုးလိုဆက်ပြီး ကားကို တားတယ်။ ကားအရှိန်နှေးလိုက်တာနဲ့ ပိုက်ဆံကြဲပါဗျို့ကို ဝိုင်းအော်ကြရင်း လက်ခုပ်သံမြိုင်မြိုင်နှင့် ကခုန်ကြတော့တယ်။

ကလေးလူတန်းရှည်ကြီးဟာ တောင်ပြုန်းလမ်းခွဲကလေးဆုံးတဲ့အထိ မဆုံးနိုင်အောင် ရှိနေတုန်းပဲ။

လမ်းခွဲကလေးအဆုံးမှာ တောင်ပြုန်းရွာရှိတယ်။ ပွဲတော်ကွင်းကြီး ရှိတယ်။

ဒါပေမယ့် ပွဲတော်လာသူတွေနဲ့ ပွဲတော်ဆိုင်တွေက တောင်ပြုန်းရွာကလေးကို ဖုံးအုပ်ပစ်လိုက်တယ်။ တောင်ပြုန်းရွာကလေးဟာ ပွဲတော်ကွင်းကြီး ဖြစ်သွားခဲ့ပြီ။

လမ်းခွဲလေးပေါ်မှာ တအိအိမောင်းနှင်လာခဲ့ရတဲ့ ကားတန်းကြီးက ကိုယ့်နေရာကိုယ် အသီးသီးဝင်သွားခဲ့ကြတယ်။ ကိုယ်ပိုင်ကားငယ်ကလေးတွေက ကားအပ်ရန် ခြံဝင်းကျယ်ကြီးတွေထဲကို မောင်းဝင်သွားကြပြီး ခရီးသည်တင် ဘတ်စ်ကားကြီးတွေက ကားဂိတ်ကွင်းကျယ်ကြီးတွေထဲကို မောင်းဝင်သွားကြတယ်။

ကားပေါ်က ဆင်းတာနဲ့ လှမ်းမျှော်ကြည့်လိုက်ရင် ပြွတ်သိပ်ကျပ်ညပ်နေတဲ့ ပွဲတော်ဆိုင်ခန်းတွေအလယ်က ဆုတောင်းပြည့်ဘုရားစေတီတော်ရဲ့ ထီးတော်ကို ဖူးတွေ့နိုင်ပေမယ့် ကြောက်စရာကောင်းအောင် အုတ်ကျက်ဆူညံနေတဲ့ ပွဲတော် အသံဗလံစုံတွေကြားမှာ စေတီတော်ရဲ့ ဆည်းလည်းသံသာကိုတော့ ကြားရနိုင်မယ် မဟုတ်ဘူး။

ပုဂံအနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့တဲ့ ဒီဆုတောင်းပြည့် ဘုရားတည်ရာမှာ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် ညီနောင်နှစ်ဦး အမှုတော် အုတ်နှစ်ချပ် လစ်လပ်ပျက်ကွက်တဲ့အတွက် အနော်ရထာမင်းရဲ့ ကွပ်မျက်ခြင်းကို ခံခဲ့ရသတဲ့။

ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် မင်းညီနောင်ဟာ အနော်ရထာမင်း ဖောင်တော်နဲ့ စုန်လာတဲ့အခါ ဖောင်တော်ကို သွားမရအောင် ဆွဲထားခဲ့ပြီး အမှုတော်ကိုသာ ထမ်းရသော်လည်း တစ်စုံတစ်ရာ အကျိုးမခံစားရသောကြောင့် ဆွဲထားခြင်း ဖြစ်ပါတယ်လို့ လျှောက်တင်ကြတော့ နော်ရထာမင်းကြီးက တောင်ပြုန်းအရပ်ဆုတောင်းပြည့်ဘုရားအနီးမှာ နတ်ကွန်းနတ်နန်း ဆောက်လုပ်စေပြီး လူအများကို ပူဇော်ပသစေခဲ့သတဲ့။

ဆုတောင်းပြည့် ဘုရားစေတီအတွင်းမှာ ရွှေချထားတဲ့ အုတ်နှစ်ချပ် လစ်လပ်ရာ ကွက်လပ်လေးနှစ်ခုရှိတယ်။ ဒီနေရာလေးကို ရှိခိုးပူဇော်ကန်တော့ဖို့အတွက် လူအများကြီး တိုးဝှေ့နေကြတယ်။

တောင်ပြုန်းရွာကလေးရဲ့အလယ် လမ်းမဘေးဝဲယာ တစ်လျှောက်မှာ ပွဲတော်ဆိုင်တွေနဲ့ ပြွတ်သိပ်ကျပ်ညပ်နေတယ်။ ပွဲတော်မှာ ရောင်းလေ့ရှိတဲ့ ကရေကရာ၊ စလူမုန့်၊ အနုဆုပ်ဆိုင်တွေဆီက မွှေးပျံ့လာတဲ့ မုန့်အနံ့ဟာ ဈေးသည်မလေးရဲ့ မိတ်ကပ်နံ့၊ နှုတ်ခမ်းနီနံ့၊ ရေမွှေးနံ့တွေနှင့် ရောနှောထွက်ပေါ်နေတယ်။

နာမည်တွေကို ဖတ်ရတာနဲ့တင် မူးနောက်သွားစေနိုင်တဲ့ အမိန့်ရ အရက်ဆိုင်တန်းကြီးကိုလည်း တွေ့နိုင်တယ်။

မန္တလေးရည် မူးမူးလေး၊ ယစ်ထုပ်ကြီး၊ ကပြားမလေး ဂိုယာရမ်၊ ချာချာလည်၊ ရီဝေဖီလင် အများကြီးပါပဲ။

အရက်ဆိုင်တန်းကအကျော် မီးရထားသံလမ်းကို ဖြတ်တဲ့နေရာရောက်ရင်တော့ လူအုပ်ကြီးက ရွှေ့မရအောင် ကျပ်ညပ်နေတော့တယ်။ မီးရထားလာနေပြီမို့ သံလမ်းတံခါးဘေးနားမှာ စုပြုံရပ်နေကြရတော့တယ်။ ရုတ်တရက် ပူလာတဲ့ နေပူရှိန်ဒဏ်အောက်မှာ ရပ်တန့်နေရတဲ့ လူအစုအပြုံကြီးရဲ့ချွေးတွေဟာ ချောင်းငယ်လေးတစ်ခုတောင် ဖြစ်သွားနိုင်တယ်။ လမ်းခွဲကလေးတလျှောက်လုံးလိုက်လာတဲ့ ဝါဆိုဝါခေါင်လေရမ်းကားတောင် ပွဲတော်လူအုပ်ကြီးကို ကြောက်လို့ လမ်းခွဲကလေးဆီ ပြန်ပြေးပြီထင်ရဲ့။

မီးရထားကိုယ်ထည်ကို မမြင်ရလောက်အောင် လူတွေနဲ့ ဖုံးလွှမ်းထားတဲ့ မန္တလေး- မတ္တရာ မီးရထားဟာ တအိအိ တရွှေ့ရွှေ့နဲ့ တောင်ပြုန်းဘူတာကို ဝင်လာနေတယ်။ ရထားခေါင်မိုးပေါ်မှာ၊ ရထားဝမ်းထဲမှာ၊ ခြေနင်းခုံပေါ်မှာ ပြွတ်သိပ်လိုက်လာတဲ့ လူတွေရဲ့အော်သံ၊ ခေါ်သံတွေက ပွဲတော်သံတွေထဲမှာ ရောနှောပေါင်းစည်းလိုက်ကြတယ်။

ရထားကျော်သွားတာနဲ့ လူအုပ်ကြီးက ပွဲတော်လမ်းမတစ်လျှောက်မှာဆက်ပြီး ရွေ့လျားကြပြန်တယ်။ ထူးခြားတာတစ်ခုက ရွေ့လျားနေတဲ့ လူအုပ်ကြီးထဲမှာ ဟိုရှေးကလို ယောက်ျားလေးတွေက မိန်းကလေးတွေကို သားပြော၊ မယားပြော၊ သမီးရည်းစားပြောတွေနှင့် စကြ၊ နောက်ကြတာတွေ မရှိတော့ဘဲ ဟိုတုန်းကလို ကလေးရုပ်ကြီးတွေ အတင်းလိုက်ထိုးပေးတာမျိုးတွေ ဘာတွေ မရှိတော့ဘူး။ ယောက်ျားလေးနဲ့ မိန်းကလေး သမီးရည်းစားဖြစ်ဖို့၊ မျက်လုံးချင်းဆုံ ရင်ခုံဖို့ အင်မတန်ခက်ခဲတဲ့ ခေတ်တုန်းက မက်မောခဲ့ကြတဲ့ ပါးစပ်အရသာကို သည်နေ့ခေတ်မှာ မမက်မောကြတော့ဘူးနဲ့ တူပါရဲ့။ ဟိုရှေးတောင်ပြုန်းကို မီလိုက်တဲ့ ဘိုးတော်အရွယ် လူပျော်ကြီးတွေလောက်ပဲ ခပ်ကြောင်ကြောင်နှင့် နောက်နေကြတယ်။

ချုပ်ပြီးသား အင်္ကျီအဝတ်အထည်ဆိုင်ကြီးတွေရဲ့ အလုအယက်ဈေးဝယ်ကြိုသံ၊ ခေါ်သံတွေက လူတွေကို ခြေလှမ်း မှားစေတယ်။ ရွှေရောင်ငွေရောင် တလက်လက်ဝင်းနေတဲ့ လက်ဝတ်ရတနာအတုဆိုင်တွေမှာတော့ လူတွေ ကြိတ်ကြိတ်တိုးနေတယ်။

တောင်ပြုန်းပွဲတော်ရဲ့ အစဉ်အလာ အိမ်ပြန်လက်ဆောင် ဖြစ်နေတဲ့ ဆွဲကြိုးလေးတွေ၊ လက်ကောက်လေးတွေ၊ နားဆွဲလေးတွေ၊ လက်စွပ်လေးတွေကို ပွဲတော်လာသူတိုင်း ဝယ်ကြတယ်။ အိမ်ပြန်လက်ဆောင်ဝယ်သလို ပွဲတော်ထဲမှာလည်း အပျော်ဝတ်ဆင်ထားကြတယ်။ ဆွဲကြုံးတစ်ကုံး ငါးကျပ်၊ လက်ကောက်တစ်ရံ လေးကျပ်၊ နားဆွဲတစ်ရံ ငါးကျပ် ဝယ်စမ်းပါလေ့၊ ဝယ်စမ်းပါလေ့။

လက်ကောက်၊ ဆွဲကြိုးအတုလေးတွေနဲ့အတူ လူအုပ်ထဲမှာ အများဆုံး တွေ့နေရတာက မိန်းမအတုကလေးတွေပေါ့။ မိန်းကလေးအစစ်နဲ့မခြား ပြင်ဆင်ဝတ်စားထားတဲ့ မိန်းမလျာတွေလေ။ ပွဲတော်ရဲ့ ဘယ်နေရာကို ကြည့်ကြည့် သူတို့ကို တွေ့ရမယ်။

စားသောက်ဆိုင်တန်းတွေရဲ့ဘက်ကနေ တအုံးအုံးထွက်လာနေတဲ့အသံတွေကတော့ ဂီတသံလို့ပြောလို့မရနိုင်တော့တဲ့ ကက်ဆက်ဖွင့်သံတွေပေါ့။ ဆောင်းဘောက်အကြီးကြီးတွေနဲ့ တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် ဖွင့်ထားရင်း စားသောက်မယ့် လူတွေကို ကြိုနေကြတယ်။

စားသောက်ဆိုင်တန်းတွေကို ကျော်ခဲ့ရင်တော့ နတ်ကတော်တို့ရဲ့ ကနားတဲခန်းလေးတွေကို အစီအရီ မြင်ရပြီ။ အုန်းသီး၊ ငှက်ပျော်သီးဆိုင်လေးတွေနဲ့ အသင့်ပြင်ပြီးသား ကန်တော့ပွဲ ဆိုင်လေးတွေကိုလည်း တွေ့ရပြီ။ ဗောင်းတော်(ပဝါ) ဆိုင်လေးတွေကလည်း အရွယ်အစားစား ရောင်းချကြလို့။

 

ရှည်မျောမျော ကနားတဲခန်းလေးတွေအားလုံး အတက်နိုင်ဆုံး တောက်ပပြောင်လက်နေအောင် ပြင်ဆင်ထားကြတယ်။ ရွှေရောင်ဝင်းလက်နေတဲ့ နတ်ပုံတော်တွေဟာ မီးလုံးဝါအောက်မှာ အသက်ဝင်လှုပ်ရှား လာတော့မလိုပဲ။ ပုံတော်တွေရှေ့မှာ သစ်သီးမျိုးစုံ၊ ပန်းမျိုးစုံ၊ မုန့်မျိုးစုံ၊ ဘီယာဘူး၊ ရမ်ပုလင်း၊ ပက်စီ၊ ဆဲဗင်းအပ် စတဲ့ စတဲ့ စားတော်စားပွဲတွေကို တခမ်းတနား ပြင်ထားတယ်။ လှလှပပ ဖြီးလိမ်းပြင်ဆင်ထားတဲ့ နတ်ကတော်ကလည်း ကတ္တီပါခင်း ကလပ်လေးပေါ်က ကြွေကလေးတွေကို ဆကာ ဆကာနဲ့ ကြွေခေါက် နတ်ဟောဖို့ အဆင်သင့်ပြင်လို့။

ဟော ဟိုမှာ လူအုပ်ကြီး ဦးတည်တိုးဝှေ့နေတဲ့ တောင်ပြုန်းမင်းနှစ်ပါးရဲ့ ရွှေနန်းတော်ကြီးကို လှမ်းလို့ မြင်ရပါပကော။

အုတ်ကျက်ဆူညံလှတဲ့ အသံဗလံတွေရဲ့အလယ်မှာ နန်းတော်ကြီးက အိနြေ္ဒသိက္ခာကြီးမားစွာနဲ့ ငြိမ်သက်လို့ နေတယ်။

နန်းတော်ကြီးနား ရောက်လာကြတဲ့ လူအပေါင်းကို ရုတ်တရက် စိတ်လှုပ်ရှားသွားအောင် သင်းပျံ့လာတဲ့ အနံ့ကတော့ တခြားဟုတ်ပါရိုးလား။ ဇွန်ပန်းနံ့လေ။ ဒီရာသီမှာပွင့်တဲ့ ဇွန်ပန်းရဲ့မွှေးရနံ့ဟာ စိတ်ကိုလှုပ်ရှားကြည်နူး သွားအောင် ထူးခြားတဲ့အနံ့ပေပဲ။

နန်းတော်ကြီးရဲ့ ပတ်ပတ်လည်ကို ပန်းဆိုင်တွေက ဝိုင်းရံထားကြတယ်။ ဇွန်ပန်းနံ့၊ သပြေနံ့၊ နှင်းဆီနံ့၊ ပန်းညိုပန်းနံ့၊ ရွှေပန်းနံ့တွေနဲ့ ပန်းသည်တွေရဲ့အသံဟာ နန်းတော်ကြီးပတ်ဝန်းကျင်မှာ လွင့်ပျံ့နေခဲ့တယ်။

လူအုပ်ကြီးက ပန်းဆိုင်တွေမှာ ပန်းစုံစည်းထားတဲ့ ပန်းတော်ပန်းစည်းတွေကို ဝယ်လိုက်ကြပြီး ပန်းစည်းထိပ်မှာ ဗောင်းတော်ပဝါစလေးကို အထွတ်အမြတ် ရစ်ပတ်လိုက်ကြတယ်။

မင်းနှစ်ပါးကို ကန်တော့ကြမယ်လေ။ သည်နေ့ဟာ ကန်တော့ခံ ပထမနေ့။ မင်းနှစ်ပါး စတင်ပြီး ကန်တော့ခံတဲ့နေ့။ လူအုပ်ကြီးက ဖိနပ်တွေကို ချွတ်လိုက်ကြတယ်။

လူအုပ်ကြီးရဲ့ ခြေဖဝါးတွေဟာ ရေစိုရွှဲနေတဲ့ နန်းတော်ကြီးခြေရင်းက ရွှံ့အိုင်လေးတွေထဲမှာ နစ်မြုပ်သွားကြတယ်။ သည်ရေတွေဟာ နန်းတော် အဝင်ဝ တစ်ဖက်တစ်ချက်မှာရှိတဲ့ မင်းနှစ်ပါးရဲ့ စီးတော်ကျားရုပ်နှစ်စီးကို လူတွေ ကျားရေတိုက်ရာက စီးဆင်းလာတဲ့ ရေတွေပေါ့။

မင်းနှစ်ပါးကို ကန်တော့ပြီးတာနဲ့ နန်းတော်က အဆင်းမှာ မင်းနှစ်ပါးရဲ့ စီးတော်ကျားတွေကို ကျားရေတိုက်ကြရတယ်။ ကျားစာကျွေးကြရတယ်လေ။ နန်းတော်ကြီးခြေရင်းမှာ ကျားရေး၊ ကျားစာဆိုင်လေးတွေ ရှိတယ်။

နန်းတော်ကြီးပေါ်ကို ရောက်လာကြတဲ့ လူအုပ်ကြီးက မင်းနှစ်ပါးရဲ့ မျက်နှာတော်တွေကို အနီးကပ်ဖူးရအောင် သူ့ထက်ငါ ရှေ့ကို တိုးကြတယ်။

နန်းတော်ကြီးထိပ် ပလ္လင်ပေါ်မှာတော့ မင်းခမ်းမင်းနား အပြည့်အစုံနဲ့ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်၊ ကိုယ်တော်ကြီး၊ ကိုယ်တော်လေး မင်းနှစ်ပါး ပုံတော်ရုပ်တုနှစ်ခု စံပယ်နေတယ်။

အောက်ခံ ဇွန့်ရိုးပလင်ပြန့်ပေါ်မှာ လက်ယာဒူးထောင်၊ လက်ဝဲဒူးလှဲ၊ လက်ယာလက်က ဓားထမ်း၊ လက်ဝဲလက်က ပေါင်ပေါ်ထောက်ထားတဲ့ ဟန်နဲ့ဗောင်း၊ နားေÉာင်း၊ လက်ကောက်တန်ဆာအပြည့်အစုံ ဆင်ယင်ထားတယ်။ မင်းနှစ်ပါးပုံတော်နှစ်ခုကို တစ်ဆင်တည်း ထုလုပ်ထားပေမယ့် မင်းလေးပုံတော်ကို အရွယ်နည်းနည်းငယ်ပြီး ထုထားတယ်။

မင်းနှစ်ပါး ပလ္လင်ဘေးမှာ နန်းထိန်းမျိုးတွေက လူတွေဆက်တဲ့ ပန်တော်ပန်းတွေ၊ ဗောင်းတော်တွေကို ယူပြီး မင်းနှစ်ပါးရဲ့ ပန်တော်ကျပန်းကို လူတွေဆီ ပြန်ပေးတဲ့အလုပ်ကို တစ်နှစ်လုံး ဆောင်ထားကြမယ်လေ။

ပန်တော်ပန်းကို ဆောင်ထားခြင်းဖြင့် အန္တရာယ်ကင်းသတဲ့၊ ဘေးရှင်းသတဲ့။ စီးပွားလာဘ်လာဘ တိုးတက်သတဲ့။ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်သတဲ့။

အထူးသဖြင့် သည်နေ့သည်ရက် မင်းနှစ်ပါး စတင် ကန်တော့ခံတဲ့ ရက်နေ့နေ့ဦးမှာ လာရောက်ပူဇော်ကန်တော့ရင်ဖြင့် မင်းနှစ်ပါးက ပိုလို့သာ ရွှေစိတ်တော် ကျေနပ်ပြီး ပိုလို့သာ သတဲ့။

လူအုပ်ကြီးက နန်းကြမ်းပြင်ပေါ်မှာ တစ်ဦးနှင့်တစ်ဦး တိုးဝှေ့နေရာယူ ထိုင်လိုက်ကြတယ်။

ရိုရိုသေသေ ပုဆစ်တုပ်လို့ ပန်တော်ပန်းကို ရင်မှာထားရင်း လက်အုပ်တွေကို ကိုယ်စီ ချီလိုက်ကြတယ်။

ပြီးတော့ ပျပ်ဝပ်ဦးနှိမ်ပြီး မင်းနှစ်ပါးကို ရှိခိုးဦးခိုက် ကန်တော့လိုက်ကြတယ်။

ဒုတိယနေ့ ကန်တော့ခံ

ဝါခေါင်လဆန်း ၉ ရက်

ရက်ဦးပါဘုရား၊ နေ့ဦးပါဘုရား၊ ကျေးတော်မျိုး ကျွန်တော်မျိုး ကျွန်တော်မျိုးမကြီး အခစားရောက်ပါပြီ ဘုရား။ လာဘ်ထူးများကို ပေးသနားတော်မူပါ၊ စောင့်ရှောက်တော်မူပါ၊ ကြည့်ရှုတော်မူပါ၊ ကိုယ်တော်တို့အပါးကို နှစ်စဉ်မပျက် အခစားဝင်ပါတယ် ဘုရား။ ကျေးတော်မျိုး ကျွန်တော်မျိုးမကြီးမှစ၍ သားသမီး မြေးမြစ်တီကျွတ်မှမကျန် တော်မူပါ၊ တော်မူပါ၊ ဘုန်းကောင်း၊ လာဘ်ကောင်းများလည်း ပေးသနားတော်မူပါ ဘုရား။

ဘွားရွှေအိမ်ရဲ့ ကိုယ်လုံးသေးသေးလေးက နန်းကြမ်းပြင်မှာ ပြားကပ်လို့နေတယ်။ တတွတ်တွတ် ဆုတောင်းရွတ်ဖတ်နေတဲ့ ဘွားရွှေအိမ်ရဲ့ပါးနှစ်ဖက်က ချိုင့်ဝင်နေပြီး လက်အုပ်ချီထားတဲ့ လက်အစုံကလည်း ပိန်လှီသေးငယ်ပြီး အရေတွေ အလိပ်လိုက် တွန့်လိမ်နေကြပြီ။ ဒါပေမယ့် အဘွားအိုရဲ့ ပါးရေတွန့်မျက်နှာမှာ သနပ်ခါး အဖွေးသားလိမ်းကျံထားတယ်။ ဖြူဆွတ်နေတဲ့ ဆံပင်ဖုထုံးလေးမှာ ဇွန်ပန်းကုံးလေး တစ်ကုံးကို ရစ်ခွေထားတယ်။ အင်္ကျီအဖြူ၊ တစ်နှစ်လုံးခေါက်ထားတဲ့ ခေါက်ချိုးရာတွေနှင့် (အဘွားတို့ အပျိုခေတ်က) ဖဲတရိုကိတ်ထဘီအပွင့်ကို ဝတ်ထားပြီး ပိုးဖော်ထားတဲ့ ဝါညစ်ညစ် ပိုးပဝါကို လည်မှာရစ်လို့။

အသက် ရှစ်ဆယ်ကျော် ဘွားရွှေအိမ်ရဲ့ခေါင်းက တဆတ်ဆတ်တုန်စပြုနေပြီ။ သွားတွေလည်း ကုန်စပြုပြီ။ မျက်လုံးတစ်ခုသာ မှုန်ရုံမှုန်ပြီး လူလုံးကွဲအောင် ဘွားရွှေအိမ် ကြည့်နိုင်သေးတယ်။

အရှင်နှစ်ပါး မျက်နှာတော်တွေကိုတော့ ရှေ့မတိုးနိုင်လို့၊ လူတွေကို မတိုးနိုင်လို့ ပြတ်ပြတ်သားသား မမြင်ရတော့၊ မဖူးရတော့ပြီ။ စိတ်နဲ့သာ ရော်ရမ်းဖူးခဲ့ရတာ ဘယ်နှနှစ် ရှိခဲ့ပြီလဲ။ သြော် ဟိုတုန်းကတော့ ဒီလိုမဟုတ်ပေါင်။ ကိုယ်တော်တို့အနား ရောက်အောင်သွားပြီး မျက်နှာတော်ကို တစိမ့်စိမ့်ဖူးပြီး ခစားခဲ့တာချည်းပဲ။ ဘယ်လိုလူအုပ်မျိုး တိုးရမလဲ လာခဲ့ပါ။ ဘယ်လို အတားအဆီးမျိုး ကျော်ရမလဲ လာခဲ့ပါ။ ခုတော့ ဒီလိုမဟုတ်တော့ပြီ။ ရွှေအိမ် ငယ်ငယ်တုန်းက အားတွေ ဘယ်များရောက်ကုန်ပါလိမ့်တုန်း။

ဟိုတုန်းက သည်လိုလည်း လူမများသေးပါဘူး။ ကိုယ်တော်တို့အနားရောက်ဖို့ တိုးစရာ၊ ဝှေ့စရာလည်း မလိုပါဘူး။ အေးအေးသက်သာကန်တော့ပြီး ပန်းတော်ကျလေးယူ၊ ခေါင်းမှာပန်ပြီး နန်းထဲမှာ စိမ်ပြေနပြေ ထိုင်နေလို့ရသေးတယ်။ ကိုယ်တော်တို့ခြေတော်ရင်းမှာ ပါလာတဲ့ ထမင်းအိုးတောင်း၊ ဟင်းအိုးတောင်း ဖွင့်ပြီး ထမင်းစားနေလို့ရသေးတယ်။

ခုတော့ ကျေးဇူးရှင်များ ဘုန်းသမ္ဘာတော်ကလည်း ကြီးတော်မူပေတာကိုး။ တစ်ပြည်လုံးက လာပြီး ခစားကုန်ကြပြီ။ ကိုယ်တော်တို့ကို လိုက်၊ လိုက်ကြတာကလည်း နည်းရော့လား။ ကျေးတော်ရင်း ကျွန်တော်ရင်း ကျွန်တော်မျိုးမကြီးတောင် အရှင်နှစ်ပါးရဲ့ ပန်တော်ကျကို ယူဖို့ခက်နေပြီ။ ပန်တော်ကျပန်းလေး တစ်ပွင့်တစ်ခက်မှ မရလို့ကတော့ ကျွန်တော်မျိုးမကြီး မပြန်ဘူး ဘုရာ့။ ကိုယ်တော်တို့ခြေတော်ရင်းမှာ ကျောက်ချနေမယ်။

အင်း ပန်တော်ပန်းကလည်း ဈေးကြီးလိုက်တာ ဘုရား။ ဟိုတုန်းကနှင့်များ ကွာလှချည်ရဲ့။ ဟိုတုန်းက ပန်တော်ပန်းတစ်စည်းမှ တစ်မတ်ရယ်။ သပြေပါတယ်၊ ပန်းညိုပါတယ်၊ ဇွန်ကုံးလေးလည်းပါတယ်။ အစည်းကြီးတစ်စည်းမှ တစ်မတ်၊ အခုတစ်စည်း ငါးကျပ်တဲ့ ဘုရား၊ သပြေလေး နည်းနည်းနှင့် ရွှေပန်းတွေ နည်းနည်းပဲပါတယ်။ ပန်းညိုတို့ ဘာတို့ဆိုတာ ကြားတောင်ကြားဖူးတော့ဘူး ထင်ပါရဲ့။ ရွှေပြုံးက ပန်းနဲ့သာ ညိုမွှေးလှတယ်ဆိုတဲ့ စာဆိုတောင် ရှိသေး။ မပြောလိုက်ချင်ဘူး။

သားတွေ သမီးတွေက အမေရယ်၊ တစ်နှစ်တလေ မသွားပါနဲ့လား။ အိမ်ကပဲ ရည်မှန်းကန်တော့ပေါ့။ အမေ အသက်ကြီးပြီတဲ့။ ပြောလိုက်ရတယ်၊ နင်တို့ ဘာနားလည်လို့လဲ။ အရှင်နှစ်ပါးကို ပေးထားတဲ့ ကတိမဖျက်ကောင်းဘူး။ မဖျက်ရဘူး။ ငါ တစ်သက်လုံး အရှင်နှစ်ပါးကို ပွဲတော်ချိန်မှာ အခစားဝင်ပါ့မယ်လို့ ကတိထားခဲ့ပြီးသား။ မင်းရာဇမာန် ရှတယ်ဆိုတာ တယ်ကြောက်ဖို့ ကောင်းတယ်။ ဟိုတစ်နှစ်က ဖျားပြီး အိပ်ရာထဲ လဲနေလို့ အခစားမဝင်လိုက်ဘဲ နေလိုက်ရပါရောလား။ ခါတည်း အိပ်မက်တွေပေး၊ တစ်နှစ်လုံးလည်း ထူထောင်တယ်မရှိဘဲ ချူချာနေတော့တာ။ အခစားမဝင်လို့ မဖြစ်ဘူးဟဲ့လို့ ပြောရတယ်။

မြေးတွေကို အဖော်သဟဲ ထည့်ပြန်တော့လည်း တုန်ချည့်တုန်ချည့် ဘွားအေနှင့် မြေးတွေက မလိုက်ချင်ကြဘူး။ နေဟဲ့။ ကိုယ်ဟာကိုယ်သွား၊ ဘာဖြစ်တုန်း။ တောင်ဝှေ့တစ်ချောင်းပါ ပြီးတာကို။ သည်တောင်ပြုန်းနဲ့ ကျုပ်တို့ရွာကလည်း ကပ်နေတာ။ မြေးတွေသည်ရွာစပ်ထိ ငါ့လိုက်ပို့။ နေအေးရင် ရွာစပ်က လာစောင့်လို့။ သည်ရွာထဲက မသေမပျောက်သေးတဲ့ ပေါင်းဟောင်းသင်းဟောင်းတွေနဲ့လည်း တွေ့ချင်သေးလေ။

တွေ့မယ်သာဆိုရ သူတို့အိမ်ရှာဖို့ကလည်း ကိုယ်အမယ်ကြီး ခပ်ခက်ခက်ရယ်။ ကိုယ်ငယ်ငယ်က သည်တစ်ရွာလုံး ဘယ်နားဘာရှိတယ်ဆိုတာ အကုန်သိတာပေတဲ့၊ ခုပွဲတော်ချိန်ဆို မျက်စိလည် ကုန်ပါလေရော။ တစ်ရွာလုံး နန်းတွေချည်းပဲ ဖြစ်ကုန်တာကိုး။

အရင်တော့ သည်နန်းကြီး ဘေးနားတစ်ဝိုက်မှာ နည်းနည်းပါးပါးပါ။ နတ်ကတော်တိုင်းလည်း ကနားထိုးပြီး ခုနှစ်ရက် ခုနှစ်လီ မနေပါဘူး။

ကန်တော့ပြီး ပြန်တဲ့သူ ပြန်တာပဲ။ ကိုယ်တော်တို့ သည်နန်းကလည်း သည်လို စုလစ်မွမ်းချွန်တွေနဲ့ တခမ်းတနား နန်းတော်ကြီး မဖြစ်သေးပါဘူး။ ရှေးက နန်းလေးပဲ ရှိသေးတယ်။

ခုလို သံဆွဲတံခါးတွေ၊ ဘာဂျာတံခါးတွေလည်း ရှိသေးပေါင်ဘူး။ ခုတော့ ရွာထဲမှာ နတ်ကတော်တွေရဲ့ နန်းတွေ၊ နန်းတွေနည်းတာမှ မဟုတ်ဘဲလား။ နန်းကြီးက ထိုးပေးပြီး ကိုယ်တော်တို့ကို အခွန်ဘဏ္ဍာဆက်ရတဲ့ ကနားတဲတွေနဲ့ မလောက်လို့ ရွာထဲက အိမ်ခြံဝင်းတွေထဲမှာ ဆောက်ပြီး ငှားကြပါရောလား။

အိမ်ဝိုင်းတိုင်းမှာ ကနားတဲတွေ၊ လူတွေနဲ့ အပြည့်။ ရေစက်တူးပြီး ရေချိုးခလည်း ယူကြသတဲ့။ အိမ်လခလည်း ယူကြသတဲ့။ ကိုယ်တော်တို့ ပေးတာပေါ့။

ကိုယ်ကျေးရွာ၊ ကျွန်ရွာကို ကိုယ်တော်တို့က ကျွေးတာပေါ့။ ကိုယ်တော်တို့ ကျေးဇူးကြီးပါပေတယ်။

ပြီးတော့ အရင်ကဆို သည်လိုရှစ်ရက်၊ ကိုးရက် ဘာစည်သေးမတုန်း။ ရွာနေရွာထိုင်တွေပဲ ရိုးရာလာကန်တော့ကြ၊ ပန်းဆက်၊ နတ်ကတော်တွေလည်း ပုံတော်လှည်းကြီးတွေနဲ့ ပုံတော် လှည်းပေါ်တင်ပြီး တဖွဲဖွဲလာကြတုန်း မန္တလေးက မီးရထားက လဆန်းရှစ်ရက်နေ့မှ ထွက်ပေးတာ။

မန္တလေးသူ မန္တလေးသားတွေက သည်ရက် ကိုးရက်ကျမှ လာကြတယ်။ မန္တလေးသူ၊ မန္တလေးသားထုံးစံက မန္တလေးကနေ လှည်းတွေနဲ့ လာကြတယ်။

လှည်းတွေနဲ့လာပြီး ကပိုင်ရွာ ဘုန်းကြီးကျောင်း ညောင်ပင်ကြီးတွေအောက်က ဇရပ်ကြီးတွေမှာ တစ်ထောက်နား၊ အဲသည်မှာ မနက်စာ ချက်ပြုတ်စားသောက်ကြပြီး နေလေးချိုတော့မှ တောင်ပြုန်းအရောက် မောင်းလာကြတာ။

လွမ်းပါသေး၊ လွမ်းပါသေး။ အိမ်က အဘိုးကြီးဖြစ်မယ့် သွားလေသူကြီး ဘိုးသာမောင်က မန္တလေးက သူဌေးဦးဘခင်တို့ လှည်းကိုမောင်းရတဲ့ လှည်းသမားကြီးပေါ့တော်။ သူဌေးရဲ့လူယုံလည်း လူယုံပေါ့။

တောသူ ရွှေအိမ်ကို သူဌေးနဲ့ သူဌေးကတော်ကိုယ်တိုင် လိုက်တောင်းပေးတာ။ မင်္ဂလာဆောင်ပြီးတော့ သည်နန်းပေါ်မှာ အရှင်နှစ်ပါးကို လာကန်တော့ကြသေးတယ်။

သြော် အဘိုးကြီးနှယ် အသက်တိုရှာပေတယ်။

ဘွားရွှေအိမ်က နန်းကြမ်းပြင်ကနေ တောင်ဝှေးကလေးကို ဆုပ်ကိုင်ရင်း မတ်တပ်ရပ်ဖို့ ကြိုးစားတယ်။ တောင်ဝှေ့လေးကို အားပြုဖို့ ဘွားရွှေအိမ် ကြိုးစားနေတုန်းမှာပဲ သန်မာတဲ့ လက်တစ်ဖက်က ဘွားရွှေအိမ်ကို တွဲထူပေးလိုက်တယ်။

အလို ဘယ်သူလေးပါလိမ့်။

အဘွား၊ အောက်ဆင်းမလို့လား။ ကျွန်တော် တွဲပို့ပေးရမလား

သြော် ဘုန်းကြီးမယ့် သူငယ်ကလေးပဲ။ သွက်လက်ဖျတ်လတ်တဲ့ သူငယ်ကလေးကို ဘွားရွှေအိမ် သဘောကျ ခေါင်းညိတ်တုန်းမှာ သူငယ်ကလေးက သူ့အလုပ်ကို သွက်သွက်လက်လက်လှုပ်ရှားလိုက်တယ်။ အဘွားကြီးရဲ့ ရှေ့ရင်ဖုံးအိတ်၊ ဘော်လီအိတ်ထောင် အားလုံးကို အသာစမ်းသပ် လှုပ်ရှားလိုက်တယ်။

အို အလကားပဲ။ စိုးလွင် တော်တော်စိတ်ပျက်သွားတယ်။ ချိတ်အပ်ကြီးကြီးနှင့် တွယ်ထားတဲ့ ဘော်လီအိတ်ထောင်ထဲမှာ ကျပ်တန်အသစ် မာခေါက်ခေါက်လေးတွေပဲ ပါတယ်။

တော်ပါပြီ၊ မလိုချင်ပါဘူး။ ကျပ်တန်ခေတ်ဆိုတာ ကုန်ပြီ အဘွားရဲ့။ နတ်ဆက်ဖို့ဆိုလည်း အဘွားမျက်နှာငယ်ရမယ်။ ခေါင်းပေါင်းစတွေ၊ ခြင်္သေ့တွေကြားမှာ မျက်နှာငယ်ရမယ်။ ဘော်လီအိတ်ထောင်ထဲမှာ၊ ရှေ့ရင်ဖုံးအိတ်ထဲမှာ တခြား အဘွားကြီးတွေလို ရွှေကြယ်သီးစုံတို့၊ ကျောက်ကြယ်သီးစုံတို့ကို ချိတ်နဲ့ချိတ်လာပါလား အဘွားရဲ့။ သည်လို အဘွားကြီးမျိုးတွေဆီက ရွှေကြယ်သီးတစ်စုံ၊ ကျောက်ကြယ်သီးတစ်စုံ၊ မနှစ်ပွဲတော်မှာတုန်းက စိုးလွင် ရဖူးပြီ။ ခါးပိုက်နှုက် သက်တမ်းတစ်လျှောက်မှာ သည်လိုအဘွားကြီးမျိုးတွေကို စိုးလွင် သဘောအကျဆုံးပေါ့။

ကပ်ဖို့လည်း အင်မတန်လွယ်၊ နှိုက်ဖို့လည်း အင်မတန်လွယ်ပဲ။ လွယ်ကလည်း လွယ်သေး၊ သူတို့ဆီကရတဲ့ ပစ္စည်းလေးတွေကလည်း အကောင်းလေးတွေရယ်။ ရွှေဆိုလည်း ရှေးရွှေအရည်မီ အရည်ပြည့်လေးတွေ။ ကျောက်ဆိုလည်း ဥဿဖယား အကောင်းစားလေးတွေ။

ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အန္တရာယ်မျိုး ကိုးဆယ့်ခြောက်ပါးနဲ့ ကင်းဝေးပါစေ၊ ထိမယ့်ခလုတ် ဆုတ်ပါစေ၊ လာမယ့်ဘေး ဝေးပါစေ၊ တစ်ကြံ ကြံလို့ ဆယ်ကြံအောင်ပါစေ

အဘွားကြီးက တတွတ်တွတ်ဆုတောင်းရင်း လှေကားပေါ်ကနေ တရွေ့ရွေ့ ဆင်းသွားလေရဲ့။

အန္တရာယ်မျိုး ကိုးဆယ့်ခြောက်ပါးတောင် မကင်းဝေးချင်ပါဘူး အဘွားရယ်။ ဘုန်းလည်း မကြီးပရစေနှင့်။ အသက်လည်း မရှည်ပါစေနှင့် (ဘုန်းကီးမှာ မဟုတ်တဲ့တူတူ အသက်ရှည်မှာ မဟုတ်တဲ့တူတူလေ)

ဟဲဟဲ ကိုယ်တတ်တဲ့ လက်မှုပညာလေးနဲ့ လှုပ်ရှားတိုင်း လှုပ်ရှားတိုင်းတော့ ခဲခဲဖတ်ဖတ် ဖို့ဖို့မို့မို့လေး ရပါရစေဗျာ။ ကိုယ်တော်ကီး ကိုယ်တော်လေးတို့ကလည်း ညီဖွားကို စောက်ရှောက်တော်မူပါ။ နန်းတော်ကီးပေါ်ကိုလည်း ညီဖွား နေ့တိုင်း အခစားဝင်မှာပါ။

အောင်မယ် မင်းအလုပ်နဲ့မင်း အမဲရှာရင်း နန်းပေါ်လာတာ မဟုတ်လားကွလို့လည်း ဟုတ်တာတွေနဲ့ အပြစ်တင်စော်တော် မမူပါနဲ့။

ဘုရားလည်း ဖူးရင်း လိင်ဥလည်း တူးရင်းပေါ့ ဘုရား။ ကိုယ်တော်တို့လည်း ဖူးရင်း အမဲလည်း ရှာရင်းပေါ့ ဘုရား။

အမဲကလည်း သည်နှစ်မရပါဘူး ဘုရား။ အရင်နှစ်တွေဆို မန္တလေး- မတ္တရာ မီးရထားပေါ်မှာ တောင်ပြုန်းပွဲတော် မစခင်ကတည်းက စိုးလွင်တို့ တောကြောမိနေပြီ။ စိုးလွင်တို့ လက်ဖျားမှာ ရွှေရော၊ ငွေရော သီးနေပြီ။ ပွဲမစခင်မှာ ရထားပေါ်က စိုးလွင်တို့ရဲ့ အမဲက နတ်ကတော်တွေလေ။ သူတို့နတ်ရုပ်တောင်းတွေ၊ သေတ္တာတွေနဲ့ ရှုပ်ယှက်ခတ်ပြီး တွဲပေါ်တက်တဲ့အချိန်ဟာ စိုးလွင်တို့အတွက် အလွန်ပျော်စရာကောင်းတဲ့ အချိန်ပေါ့။ မိန်းမလျာ နတ်ကတော်တွေဆို ပိုတောင် ကပ်လို့ကောင်းသေး။ နောက်သလို ပြောင်သလိုနှင့် နည်းနည်းပါးပါး ကပ်ညုလိုက်ရင် ပြီးပြီ။ သည်ထက် ဆက်လုံးရင် ခါးပိုက်နှိုက်စရာ မလိုဘဲနဲ့တောင် သူတို့ဆီက ရမယ့်ကိန်း ရှိတယ်။

ပွဲတော်ရက်အတွင်းကတော့ ရထားပေါ်မှာ စိုးလွင် စိတ်ကိုက်ပေါ့။ ရထားက ကျပ်သလားလို့ မမေးနဲ့။ ထိုင်စရာခုံတွေ အကုန်ပြည့်တဲ့ပြင် ခုံတွေကြားမှာ လူတွေရပ်နေကြတာ ကြည့်လိုက်လို့ရှိရင် ရင်ချင်းဆက်အမြွာတွေ၊ ကျောချင်းဆက်အမြွာတွေ၊ ဘေးချင်းဆက်အမြွာတွေ ကျနေတာပဲ။ ကျပ်ရမယ်လေ။ ရထားက ကားထက် ဈေးသက်သာတာကိုး။ ကားခက အစိတ်သုံးဆယ်၊ ရထားက ခုနှစ်ကျပ်၊ ရှစ်ကျပ်ကိုး။ ကားခဈေးကြီးတာနဲ့ ရထားခ ဈေးသက်သာတာပဲ မြင်ပြီး ခါးပိုက်နှိုက်ရန်ကို မမြင်တဲ့ မိဘပြည်သူအပေါင်းတို့ကိုတော့ စိုးလွင်တို့က အဆင်သင့် ကိုဆိုလျက်ပါပဲ ခင်ဗျား။

စိုးလွင်တို့က ရထားပေါ်မှာ အမြဲရင်ချင်းဆက် အမြွာပဲ။ ကျောချင်းဆက်တွေ၊ ဘေးချင်းဆက်တွေအဖြစ် ဘယ်တော့မှ မနေပါဘူး။ ကိုယ့်ရဲ့ရင်ချင်းဆက်အမြွာကလည်း အမျိုးသားပဲ ဖြစ်ဖြစ်၊ လည်ပင်းမှာ ဆွဲကိုးလေးတစ်ကုံးတော့ ပါတဲ့သူ ဖြစ်မှလေ။

အမျိုးသမီးတွေဆို ရွှေကြယ်သီးလေးတွေများ တပ်လာရင် ပိုတောင်ကောင်းသေး။ အောက်လုံးလေးတွေကို တစ်လုံးချင်း အသာလေး ဖြုတ်ရုံပဲ။ သည်ခေတ်မှာ ကြယ်သီးတပ်အင်္ကျီတွေ ပြန်ခေတ်စားလာတာ စိုးလွင် ကျေးဇူးတင်ရဦးမယ်။

အဲ ရွှေမစစ်တဲ့ ရွှေကြယ်သီးတွေကလည်း တစ်ခါတလေ ခါးပိုက်နှိုက်ကို တစ်ပတ် ပြန်ရိုက်သွားတတ်သေးသဗျ။ ဒါပေမယ့် အညာသူ အညာသားတွေကတော့ ရိုးရိုးသားသားများ များရှာပါတယ်။ ဆွဲကိုးဖြစ်ဖြစ်၊ ကြယ်သီးဖြစ်ဖြစ် ရလိုက်ရင် အစစ်ကလေးတွေ ချည်းပါပဲ။

အိုး သည်နှစ်များတော့ မပြောချင်ပါဘူး။ ဘယ်လိုဖြစ်ကြတယ် မသိပါဘူး။ ရထားကတော့ ကျပ်မြဲပေမယ့် ယောက်ျားများကြည့်လိုက်တော့လည်း ဆွဲကြိုးပါတဲ့သူ လုံးဝမရှိသလောက် (အရင်အညာသားတွေက ဆွဲကိုးဆွဲတာ အလွန်ဝါသနာပါတာ) မိန်းမတွေကြည့်လိုက်တော့လည်း ဆွဲကြိုးဝေးလို့ နားကပ်တောင် အနိုင်နိုင်။

အဲ အင်္ကျီတွေမှာတော့ အားလုံး အားလုံး မိန်းမတွေ ရွှေကြယ်သီးတွေ တပြောင်ပြောင်နဲ့ဗျာ။ ဒါပေမယ့် အထင်မကြီးပါနှင့် မိတ်ဆွေ။ မောင်စိုးလွင်တို့ ရန်ကုန်မှာကတည်းက လေ့လာခဲ့ပြီးသား။ သည်နှစ်က တစ်လုံး ဆယ့်နှစ်ကျပ်တန် ရွှေကြယ်သီးတပ် အင်္ကျီတွေ ခေတ်စားနေတဲ့ နှစ်ကိုးဗျ။ မောင်စိုးလွင်တို့ ခံလိုက်ရပုံကတော့ ရထားတွဲရှိသမျှ စုန်ချည် ဆန်ချည် ကူးတာတောင် ကလေးတစ်ယောက် လည်ပင်းက ဆွဲကြိုးမျှင်မျှင်လေး တစ်ကုံးပဲ ရတယ်။

ပွဲတော်မစခင် သုံးရင်အလိုက ရောက်တယ်။ ရှစ်ရက်နေ့ပွဲစတယ်။ သည်နေ့ ကိုးရက်ထိ ရွှေဆိုလို့ ဒါလေးပဲ။ ငွေရတာလေးကလည်း မဖြစ်စလောက်ပါ။ စားစရိတ်၊ သောက်စရိတ်၊ နှုတ်ဆက်တဲ့စရိတ် ဘယ်ကာမိသေးမလဲ။

တော်ပြီ၊ နက်ဖြန်ကစပြီး နန်းကြီးနားတစ်ဝိုက်မှာပဲ နေတော့မယ်။ ချိုးရေတော်သုံးတဲ့ နေ့ကျရင်တော့ ကိုယ့်အတွက်ချည်းပါပဲ။ အဲဒီနေ့ကျ ရန်ကုန်ကလာကြတဲ့ အန်တီကြီးတို့တစ်တွေ ချိုးရေတော်သုံးမယ့် ကိုယ်တော်နှစ်ပါးအတွက်ကို အလုအယက် တို့ဝှေ့ကြချိန်မှာ ကိုယ်က သူတို့လည်ပင်းလေးတွေ၊ သူတို့ချိုင်းကြားထဲက ပိုက်ဆံအိတ်ဖောင်းဖောင်းလေးတွေကို စမ်းသပ်ခွဲစိတ်လိုက်ရုံပဲလေ။

ကဲ ရှေ့ကနေ ဖယ်စမ်းပါတော်။ ဒီနားမှာ ကျီးကြည့်ကြောင်ကြည့် လုပ်မနေနဲ့။ ဘာအပျိုမှ မရှိဘူး။ တော် ခါးပိုက်နှိုက်ပဲ ခံသွားရမယ်

စိုးလွင် ခါးဘေးတစ်ခြမ်းမှာ အောင့်ခနဲတောင် နေတယ်။ နှုတ်သွက်လျှာသွက်၊ နွမ်းနွမ်းပါးပါး ရှိလှတဲ့ အသက်သုံးဆယ်ဝန်းကျင် မိန်းမတစ်ယောက်က စိုးလွင်ဘေးကနေ အတင်း ရှေ့ကို တိုးဝင်လာတယ်။ ခါးကိုပါ တံတောင်နှင့် တွတ်ရုံမကဘူး၊ မျက်စောင်းတစ်ချက်နှင့် ပါ တွတ်လိုက်သေးတဲ့ အဲဒီမိန်းမကို စိုးလွင် ရယ်ချင်သွားတယ်။

ခါးပိုက်နှိုက်တော့ ကြောက်တယ်ဗျို့

မကြောက်လို့ ရမလားတော့။ ရှိရှိသမျှ ဖြူခါပြာခါကျအောင် အကုန်နှိုက်နိုင်တဲ့ဟာတွေ။ ကျုပ်တို့က ခံရပေါင်း များလှပြီ။ မရှိဆင်းရဲသားလည်း ရှောင်တာ မဟုတ်ဘူး။ ပါတာလေးတွေ ပြောင်အောင်နှိုက်တာပဲ။ ရထားပေါ်မှာ သုံးလေးခါ ခံရဖူးပါတယ်တော်။ ပန်းတော်ပန်းဝယ်ဖို့တောင် ပိုက်ဆံမရှိတော့လို့ အရှင်နှစ်ပါးကို ဒီတိုင်း တိုင်တည်ပြန်ရတယ်။ အဖြစ်က...

မစန်းခင်ကတော့ သူ့အကျင့် သူ့ဝသီအတိုင်း ခါးပိုက်နှိုက်တစ်ယောက်လုံး ဘေးထားပြီး ပြောချင်ရာတွေကို တရစပ် ပြောတော့တယ်။ ဘေးက လူတွေအကုန်လုံးဟာ သူ့မိခင်ဟောင်း ကျွမ်းဟောင်းတွေ ကျနေတာပဲ။ ဘေးက လူတွေကတော့ အဝတ်အစား နွမ်းနွမ်းပါးပါးနဲ့ ပန်တော်ပန်း တစ်စည်းကိုင်ပြီး ဟောင်ဖွာ ဟောင်ဖွာ၊ အာကျယ် အာကျယ် လုပ်ရင်း လူအုပ်ထဲ အတင်းတိုးဝင်နေတဲ့ မိန်းမကို အထင်သေး စိတ်ပျက်သလို ကြည့်ကြတယ်။

ဘယ်သူတွေကြည့်ကြည့် စန်းခင်တို့က အရေးမစိုက်ပြီ။ အရှင်နှစ်ပါးရှေ့ ရောက်ဖို့သာ အဓိက။ မြန်မြန်ရောက်၊ မြန်မြန်ဆက်၊ မြန်မြန် ပန်းတော်ကျယူ။ အဲ... ကြာကြာလေးတော့ ဆုတောင်းပြီး ပြန်ရမယ်။ ကိုယ်က သည်မှာ မနက်စာ ထမင်းဝယ်စားနိုင်တာ မဟုတ်ဘူး။ ဘယ်မှလည်း လျှောက်ဝယ်ခြမ်းနိုင်တာလည်း မဟုတ်ဘူး။ ကိုယ့်ရိုးရာ ဆိုင်လို့သာ နှစ်တိုင်း အခစားဝင်ပါ့မယ်လို့ ကတိပေးထားလို့သာ ပိုက်ဆံမရှိတဲ့ကြားက အရောက်လာခဲ့ရတာ။

တကယ်ပြောတာပါ ဘုရာ့။ ကိုယ်တော်တို့ နှမကြီး လိမ်မပြောပါဘူး။ အင်္ဂါသမီးကြီးမှာ တစ်နှစ်ထက်တစ်နှစ် မွဲပြီးရင် မွဲနေတော့တာပဲ ဘုရား။ ကိုယ်တော်တို့ ရှေ့မှောက်ကိုလည်း မိသားစု အစုံအညီ ဝတ်ကောင်းစားလှတွေဝတ်၊ ဟိုတောင်းအေးတို့၊ လင်အေးတို့ဆိုတဲ့ ကားမျိုးကြီးတွေ စီးပြီး ကိုယ်တော်တို့အတွက် ပုဆိုးအုပ်ထောင်ကျော်တန်တွေ၊ နိုင်ငံခြား မုန့်ပုံးတွေနှင့် လာချင်လိုက်တာဘုရား။

ခုတော့ အင်္ဂါသမီးကြီး ငွေအစိတ်နဲ့လာရတာ ဘုရာ့။ ငွေ အစိတ်... ။ ဘုရားစူးပါရစေရဲ့။ ဆယ်တန်အနွမ်းတစ်ရွက်၊ ငါးကျပ်တန်နှစ်ရွက်နှင့် ကျပ်တန်အသစ်လေး ငါးရွက် လဲလာခဲ့တယ်။ ကလေးတွေနဲ့ သူတို့အဖေကို သည်နားလိုလို ဟိုနားလိုလို လုပ်ပြီး သူရဲဈေး ဘူတာဘက်ထွက်၊ ရထားပေါ် တက်လိုက်လာခဲ့တာ။

ယောက်ျားလုပ်တဲ့သူ သိလို့ကတော့ တစ်ပွဲတစ်လမ်း အကဲစမ်းရမှာ ဘုရား။ သူက သည်နှစ်သွားရင် သတ်မယ်လို့ ကိမ်းထားတယ်ဘုရား။ ကောင်းတဲ့လူ မဟုတ်ဘူး။ ကိုယ်တော်တို့ ပေးသမျှ အဖတ်မတင်ရတာလည်း သူ့အပြစ်တွေပါတယ် ဘုရာ့။ ကိုယ်တော်တို့ မကိုက်ပါဘူးဆိုမှ တရုတ်အမဲကို စားတယ် ဘုရာ့။ အလကား၊ တရုတ်အမဲကို သူ ဝယ်စားနိုင်တာလည်း မဟုတ်ဘဲနဲ့ မယားကို ရွဲ့ချင်တာနဲ့ သူ့အပေါင်းအသင်းတွေဆီက ဟင်းတောင်းတောင်းလာပြီး စားပြတာ ဘုရာ့။ ကိုင်လိုက်စမ်းပါ ဘုရာ့။ မှတ်လောက်သားလောက်ဖြစ်အောင် ကိုင်တော်မူလိုက်ပါ။ အဲ... အသေတော့လည်း မကိုင်လိုက်ပါနဲ့ဦး ဘုရာ့။ နှမကီး မုဆိုးမဘဝနဲ့ ဒင့်ကလေးတွေလုပ်ကိုင် ကျွေးနေရလိမ့်မယ်။

နှမကီးကို သည်နှစ်လည်း မနှစ်ကလို အိပ်မက်ပေးပြီး အတိတ်စိမ်းများ ပေးသနားတော်မူပါ ဘုရာ့။ မနှစ်က ကိုယ်တော်တို့ပေးလို့ နှမကီး ထောင့်ငါးရာ ဈေးရင်းရတယ် ဘုရာ့။

ထောင့်ငါးရာဆိုတဲ့ ဈေးရင်းကလည်း ဘာကြာတုန်း ဘုရာ့။ ဆန်ဈေးနှိပ်စက်လိုက်တာ သည်ပါးစပ်ပေါက်တွေနဲ့ အရင်းပြုတ်တော့တာပဲ။ နေ့ပြန်တိုး မိန်းမကို ပြန်ပြီး ရှိခိုးဦးတင် လုပ်ရတော့တာပေါ့ ဘုရာ့။

ကဲ... ဘုရာ့၊ ကိုယ်တော်တို့လည်း နားငြီးတော်မူလှရော့မယ်။ နှမကီးရင်ထဲမှာတော့ ပေါ့သွားပြီ ဘုရာ့။ တစ်နှစ်လုံးက အပူတွေ ကိုယ်တော်တို့ ရှေ့မှောက်မှာ အန်လိုက်ရတာ ရင်ထဲကို ရှင်းလင်းပေါ့သွားတာပဲ ဘုရာ့။ ကိုယ်တော်တို့တန်ခိုးပါ ဘုရာ့။ ကိုယ်တော်တို့ ဘုန်းပါ ဘုရာ့။ ဝအောင် ကျွေးတော်မူပါ။ တစ်နပ်စားဘဝကနေ နှစ်နပ်စားဘဝ ရောက်ပါစေ။ ဝမ်တီးတိန်များ၊ သိန်းထီများပေါက်မယ့် နံပါတ်များကိုလည်း အိပ်မက်များ ပေးသနားတော်မူပါ။ နှမကီးအပြန်လမ်းမှာ သူဌေးများ ကျကျန်ရစ်တဲ့ ရွှေထုပ်များ၊ ငွေထုပ်များကို ညွှန်တော်မူပါ ဘုရာ့၊ ပြတော်မူပါ ဘုရာ့။

 

ကိုယ်တော်နှစ်ပါး မျက်နှာတော်ကို တစိမ့်စိမ့်ဖူးရင်း ကိုယ်ပြောချင်တာ မှန်သမျှ တတွတ်တွတ် တိုင်တည်ချင်တိုင်း တိုင်တည်ပြီး မစန်းခင် လူအုပ်ကြားထဲကနေ ပြန်ထွက်တယ်။ ကိုယ်တော်တို့ ညွှန်တော်မူမယ့် ရွှေဆွဲကိုးတို့၊ ငွေထုပ်တို့ကို လူအုပ်ကြားမှာ မျက်စိကစားရင်းပေါ့။ ဟော... ကြည့်စမ်း၊ တွေ့တော့တွေ့သားနော်။ ရွှေဆွဲကိုးကီး၊ ရွှေလက်ကောက်တွေ၊ စိန်နားကပ်ကီး၊ လက်စွပ်ရောင်စုံတွေ၊ ဒါပေမယ့် မစန်းခင် ကောက်လို့မရဘူး။ လူအုပ်ကြားက နန်းကြမ်းပြင်ပေါ်မှာ မဟုတ်ဘူး။ အဲဒါတွေက လူအုပ်ကြားက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ၊ လူအုပ်ကြားထဲမှာ တအိအိရွေ့လာတဲ့ မိန်းမဝဝကီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာလေ။

အဲ... အဲလို မိန်းမကီးမျိုး နှမကီး ဖြစ်ချင်တာ ဘုရာ့။ ဝချင်သလောက် ဝစမ်းပါစေ။ စားချင်တာတွေ စားလို့ဝတာပဲ ဘုရာ့။ ဝဝခန့်ခန့်၊ အသားအရေကလည်း စိုစိုပြည်ပြည် ပါတိတ်ထဘီ ကိုးရိုးကားရားဆင်ကီးတွေနဲ့လည်း လိုက်မှလိုက်၊ လည်ပင်းတုတ်တုတ်ကြီးမှာ လက်မလောက် ရွှေဆွဲကိုးကီးကို ချက်ပေါ်ရောက်အောင်ဆွဲ၊ လက်မောင်းအစ်အစ်တွေပေါ်မှာ ရွှေလက်ကောက်တွေ ဆင့်ကာဆင့်ကာဝတ်၊ ရောင်စုံကျောက်လက်စွပ်တွေကို လက်ချောင်းလေးတွေကျပ်အစ်နေအောင်ဝတ်၊ နားရွက်နှစ်ဖက်ကလည်း လက်လက် လက်လက်၊ ဝင်းဝင်းနှင့် ပါးနှစ်ဖက်က မိတ်ကပ်ရဲရဲနှင့်ကို ဟပ်လို့ ကြည့်ပါဦး ဘုရာ့။

အဲဒီ မိန်းမကီးလက်က အိတ်ထဲမှာလည်း ကိုယ်တော်တို့ ဆက်ဖို့ ဗောင်းတော်တွေ၊ ပုဆိုးအုပ်တွေနဲ့ ဘုရား၊ နှမကီးသာ ကိုယ်တော်တို့ဆီကို အဲဒီမိန်းမကီးပုံစံမျိုးနဲ့ လာရရင် သေပျော်ပြီ ဘုရာ့။ သေပျော်ပြီ။

သူ့နောက်ကလည်း အခြွေအရံတွေနဲ့ရယ်၊ အဲ... မုန့်ပုံးတွေ၊ သစ်သီးသီးနှံတွေလည်း ပါသေးတယ် ဘုရာ့။ နှမကြီးကို အဲဒီမိန်းမကီးလို လာရအောင် မြန်မြန်လုပ်ပေးတော်မူပါ၊ မြန်မြန်လုပ်ပေးတော်မူပါ။

တိုင်တည်ပူဆာလို့ မဆုံးနိုင်သေးတဲ့ မစန်းခင်ရဲ့ဘေးနားကနေ မိန်းမဝဝကီးအုပ်စုက ဖြတ်သွားတယ်။ ပိုက်ဆံရှိသူတို့ရဲ့ ချွေးနံ့ကို မစန်းခင် ရှူပစ်လိုက်ရင်း မျက်လုံးနှစ်လုံး ကျွတ်ထွက်ခမန်း ငေးမောကျန်ရစ်ခဲ့တယ်။

သူ့ရင်ထဲမှာ ပူပင်စရာဆိုလို့ နှမ်းတစ်စေ့စာတောင်ရှိမှာ မဟုတ်ပါဘူးတော်လို့ မစန်းခင် ထင်နေတဲ့ မိန်းမဝဝကီး ဒေါ်တင်မြဟန်ကတော့ ကိုယ်တော်တို့မျက်နှာ မြင်တာနဲ့ မျက်ရည်ဝိုင်းစပြုပြီ။

သူ့ရင်ထဲက ဘယ်အပူနဲ့မှ မတူတဲ့ မန္တလေးတောင်လောက် အပူလုံးကီးက အရည်ပျော်စပြုပြီ။

ပုဆိုးအုပ်တွေ၊ ဗောင်းတွေ၊ မုန့်ပုံးတွေ၊ သစ်သီးသစ်နှံတွေကို နန်းထိန်းတွေကတစ်ဆင့် ကိုယ်တော်တို့ဆီ ဆက်ပြီးတာနဲ့ ဒေါ်တင်မြဟန် လက်ကိုင်ပဝါထုတ်ပြီး နန်းထိန်းတွေ ဖော်ရွေနှုတ်ဆက်နေတာကိုတောင် အများကီး ပြန်မပြောနိုင်တော့ဘူး။

အားလုံး အဆင်ပြေတယ် မဟုတ်လား။ ပြေပါတယ်။ မနှစ်က ကိုယ်တော်တို့ တိုင်တည်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေရဲ့လား။ ပြေပါတယ်။ ပြေလို့ ကတိအတိုင်း ကိုယ်တော်တို့ဆီလာဆက်တာပေါ့။ ပြေတယ်၊ ပြေတယ်။ စီးပွားရေးကတော့ သိပ်အဆင်ပြေတယ်။

ကိုယ်တော်တို့ ဗောင်းတော်ကျနဲ့ ပန်တော်ကျကို ဆောင်ပြီး လုပ်လိုက်တာ လုပ်ငန်းမှန်သမျှ အဆင်ပြေသလားလို့ မမေးနဲ့။ ငွေကဝင်သလားလို့ မမေးနဲ့။ ယောက်ျားဖြစ်တဲ့သူ ဘာကီးဖြစ်ဖြစ် မိန်းမမတတ်ရင် အဆင်မပြေဘူးမှတ်ပါ။ ကိုယ်တော်တို့သာ မ မရင်မပြေနိုင်ဘူး မှတ်ပါ။

မိန်းမလုပ်တဲ့သူက ကိုယ်တော်တို့ ဘုန်းတန်ခိုး အရှိန်အဝါနဲ့ စီးပွားရေးတွေ ကောင်းပြီး ငွေတွေဝင်၊ တိုက်တွေဝင်၊ ကားတွေဝင်၊ မြေတွေဝင်နဲ့ အဆင်လည်းပြေရော အိမ်ထောင်ရေးက အဆင်မပြေတော့ဘူး ဘုရာ့။ အဆင်အပြေတော့ဘူး။

ဒေါ်တင်မြဟန်က လက်ကိုင်ပဝါ မွှေးမွှေးလေးနဲ့ မှိတ်ထားတဲ့ မျက်လုံးအိမ်ထောင့်စွန်းကို အသာအယာ တို့တယ်။ တို့လိုက်တဲ့ခဏမှာ ခန္ဓာကိုယ်ပေါ်က အရောင်တွေက တဖျတ်ဖျတ် ပြိုးပြက်ကြပြီး ဒေါ်တင်မြဟန် လက်အုပ်ချီပြီး ပြန်ငြိမ်သွားတဲ့အခါမှာတော့ အရောင်လက်လက်တွေလည်း ငြိမ်သွားကြပြန်တယ်။

နှမကီးရင်ထဲက အပူကို ကိုယ်တော်တို့ သိနေမှာပါ ဘုရာ့။ အခု သူ... သူ ကိုယ်တော်တို့ညီဖွား အငယ်အနှောင်းထားတယ် ဘုရာ့။ မယားငယ်လေးနဲ့ ဘုရာ့။

အိမ်က အကီးဆုံးသမီးထက်တောင် ငယ်သေးတယ် ဘုရာ့၊ ကောင်းကြရော့လား။

အလုပ်ဝင်စတုန်းကတော့ အရက်တောင် အနံ့မခံ၊ မိန်းမဆိုဝေး။ အကံအဖန်ဆိုတော့လည်း မတတ်နဲ့ လူရိုးကြီးလေ။ အခုတော့ဖြင့် ပညာစုံတတ်ပြီ။ ညနေတိုင်း ဝီစကီလေးတမြမြနဲ့ ထွေတာနဲ့ မယားငယ်အိမ်သွားပြီ။ အမယ်လေး... အိမ်တစ်ဆောင် မီးတပြောင်ထားတာ ဘုရာ့။

တီဗီတွေ ဘာတွေနဲ့ ဘုရာ့။

နှမကီးစကားလည်း နားမဝင်တော့ဘူး။ သားသမီးတွေ စကားလည်း နားမဝင်တာ့ပါဘူး ဘုရာ့။ သည်တော့ နှမကြီးက ကိုယ်တော်တို့နဲ့ တိုင်တည်မယ်၊ ကိုယ်တော်တို့မကိုက်တဲ့ အလုပ်တွေ လုပ်တယ်ဆိုတော့ အရင်ကိုယ်တော်တို့ကို အင်မတန်ကြောက်တဲ့ ကိုယ်တော်တို့ညီဖွားလေ (ဆေးတွေ ဘာတွေ ခတ်ခံထားရတာလည်း ပါမှာပေါ့ ဘုရာ့) ဘာပြောတယ် မှတ်လဲ။ ရွှေနားတင်တော်မူပါ ဘုရာ့။

သူလုပ်တဲ့ အလုပ်တွေက ကိုယ်တော်တို့လည်း ကိုက်တဲ့အလုပ်တွေတဲ့ ဘုရာ့။ မိုက်ရိုင်းပုံက ဘုရာ့။ ကိုယ်တော်တို့လည်း အရက်သောက်တာပဲ။ မောင်းမတွေလည်း အများကီးတဲ့ ဘုရာ့။ အရက်မသောက်တော့ဘဲ ကိုယ်တော်တို့ ဥပုသ်ဆောင်ဝင်သွားပြီ ဆိုတာလည်း နားမလည်၊ ကိုယ်တော်တို့မို့ မောင်းမများရတယ် ဆိုတာလည်း မသိ။ မပြောလိုက်ချင်ဘူး။ ကိုယ်တော်တို့မို့ မောင်းမများတာ၊ နင်က ဘာကောင်မို့လို့လဲလို့။

ကြည့်မနေတော်မူပါနဲ့ ဘုရာ့။ မတိုင်းအပ်ဘဲ ကိုယ်တော်တို့ခြေရာတိုင်းတာ ကြည့်မနေတော်မူပါနဲ့။ ကိုယ်တော်တို့ ခြေအစုံမှာမျက်နှာအပ်ပြီး ဦးခိုက်တောင်းပန်ရအောင် ခေါ်တော်မူပါ။

တစ်ခါတည်း ကိုယ်တော်တို့ ညီဖွားစိတ်တွေ လည်ပြီး နောင်တတရားတွေရပြီး မယားငယ်ကို ကွဲချင် ကွာချင်စိတ်တွေဖြစ်အောင် လုပ်ပေးတော်မူပါ။ တစ်လက်စတည်းနဲ့လည်း သတင်းသဲ့သဲ့ကြားနေရတဲ့ ကိုယ်တော့်ညီဖွား အပြောင်းအရွှေ့ကိုလည်း တားပေးတော်မူပါ။

ပြောင်းရင်း ရွှေ့ရင် နှမကီးမှာ စီးပွားရေးလုပ်ငန်းတွေ တိုးလိုးတန်းလန်းနဲ့ သူ့နောက် မလိုက်နိုင်၊ မပြုနိုင်၊ အကုန် ဒုက္ခဖြစ်ကုန်မှာဘုရာ့။ သူက တကယ်လို့ ပြောင်းရရွှေ့ရရင် နှမကီးကို နေခဲ့တဲ့။ လုပ်ငန်းကိုင်ငန်းတွေ အခြေပျက်မယ်တဲ့။ အောင်မယ်လေး... ဒီက မသိဘူးများ မှတ်လို့လား။ သူ့ဟာမကို ခေါ်သွားမှာ ဘုရာ့။ သူ့ဟာမကို ခေါ်သွားမှာ။

သူ့မှာ အဲဒီအောက်တန်းစား ကလေကလွင့်မကို အရေးပေးလိုက်ရတာ၊ မြှောက်စားလိုက်ရတာ။ တပည့်တော်မက သူ ရာထူးကီးကီး တစ်ဆင့်တက်တုန်းက တခြားကတော်တွေလို ကိုယ့်နာမည် နောက်က ကိုယ့်ယောက်ျားနာမည်တစ်လုံး ထည့်ပြီး တင်မြဟန်လို့ နာမည်ပြောင်းတုန်းကများ ရှက်လို့တဲ့။ ရှက်စရာကြီးကွာ၊ ကလေးကလားအလုပ်တွေ မလုပ်စမ်းပါနဲ့တဲ့။

ခုတော့ သူ့ဟာမကျတော့ သူ့နာမည်တစ်လုံးတောင် မကဘူး။ နှစ်လုံးစလုံးထည့်ပြီး သူကိုယ်တိုင် နာမည်ပြောင်းသတဲ့။

နာပါတယ် ဘုရာ့၊ နာပါတယ်။ ရင်ထဲဝမ်းထဲ နာလွန်းလို့ပါ ဘုရာ့။ သင်း ရာထူးပေါက်စတုန်းက သားသမီးတွေနဲ့ မိတင်မြအငတ်ခံရတာတွေ၊ သင်း ရာထူးတက်ဖို့ မိတင်မြ လက်ဝတ်လက်စားတွေ ကုန်တာတွေ တွေးရင် နာစရာကီးပါ ဘုရာ့။

ကိုယ်တော်တို့ကယ်မှ ဒီအပူငြိမ်းမှာပါ။ နှမကြီးအပူကို ငြိမ်းပေးတော်မူပါ။ ကိုယ်တော်တို့ ညီဖွားလည်း မယားငယ်နဲ့ကွဲ၊ အပြောင်းအရွှေလည်း မရှိ၊ သားတွေ၊ သမီးတွေ စာမေးပွဲအောင်၊ လုပ်ငန်းကိုင်ငန်းတွေလည်း ဆတက်ထမ်းပိုးတိုးလို့ အောင်မြင်ပြီး နှမကီး အပူတွေ အားလုံးငြိမ်းခဲ့ရင် ကိုယ်တော်တို့အတွက် ပျော်ပွဲများ အကီးအကျယ်ပေးပါမယ့် ဘုရာ့။

သုံးရက်ကနားနဲ့ အကီးကျယ်ဆုံး ပျော်ပွဲများ ကျင်းပပါ့မယ် ဘုရာ့။

ဒေါ်တင်မြဟန် ဖြည်းဖြည်းချင်း မျက်စိဖွင့်လိုက်တယ်။ မသိမသာ မဆိုစလောက် လျော့ပါးသွားတဲ့ ရင်ထဲက အပူလုံးကီးကို သယ်ဆောင်ရင်း မတ်တပ်ရပ်ဖို့ ကိုးစားတော့ ဘေးနားက အခြွေအရံတွေက ပျာပျာသလဲ တွဲထူလိုက်ကြတယ်။

ဝလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ရုတ်တရက် အထိုင်အထဆို လူတွဲမှ ထိုင်ရာက ထပြီးရင်လည်း ရုတ်တရက် လမ်းမလျှောက်နိုင်ဘူး။ ခဏရပ်နေပြီးမှ ဖြည်းဖြည်းလျှောက်ရတယ်။ သွေးတိုးကလည်း ရှိနေပြီ။ အငန်ဆိုတာ ဘာမှမစားရဘူး။ ချမ်းသာတော့မှ ငါးရံ့ခြောက်ကို မစားရတဲ့ အဖြစ်။

ကိုယ်တော်တို့ကို ကိုယ့်ရောဂါအကြောင်း တိုင်တည်ဖို့တောင် မေ့နေတယ်။ သွေးတိုးကနေ ဆီးချိုတို့၊ နှလုံးတို့ မဖြစ်အောင် တားတော်မူပါဘုရာ့။ စိတ်ချမ်းချမ်းသာသာနဲ့ အသက်ရာကျော် ရှည်ပါရစေဦး။

အခြွေအရံတွေ တွဲထားတဲ့ မတ်တတ်ကနေ ဒေါ်တင်မြဟန် လက်အုပ်ချီပြန်တယ်။

လက်အုပ်ချီရင်းကနေ မဆုံးနိုင်တဲ့ဆုတွေကို တတွတ်တွတ်ရွတ်ရင်း ဖြည်းဖြည်းလျှောက်ပြီး နန်းကီးထဲကနေ ထွက်တယ်။

နန်းကြီးထဲမှာ များစွာသော မိန်းမ၊ ယောက်ျား၊ မိန်းမ လူပေါင်းများစွာကလည်း ပန်တော်ပန်းကိုယ်စီနှင့် နန်းကြီးပေါ်ကို အလုအယက်တိုးဝှေ့တက်လာကြပြီ၊


နုနုရည်(အင်းဝ)

ဆက်ပါဦးမည်။

 

ဤသက်တံ့ရောင်အင်တာနက်စာမျက်နှာသည် စီးပွားရေးအကျိုးအမြတ်ကိုမျှော်ကိုးပြီး တည်ထောင်ထားခြင်းမဟုတ်ပါ။ မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါရောက်ရှိနေကြသည့် လိင်တူခြင်းချစ်ကြိုက်နှစ်သက်သူများရော လိင်ကွဲချစ်သူများပါ လိင်တူချင်းချစ်ကြိုက်သူများနှင့်ပတ်သက်၍ အသိအမြင်ဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အခုတင်ပြထားသော ဆရာမနုနုရည်အင်းဝ၏၀တ္ထုကို ခွင့်ပြုချက်မရပဲ တင်ပြထားသည့်အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More