You are here: Home သတင်းဆောင်းပါး Article အပါယ်ခံ နှလုံးသား တစ်စုံ

အပါယ်ခံ နှလုံးသား တစ်စုံ

E-mail Print PDF

ပူပြင်းလွန်းတဲ့ နွေရာသီမှာ ရွက်ဝါတွေကကြွေ နွေကဗျာတေးကိုဆိုတဲ့ ဥသြတွေကလည်း တာဝန်ကျ တေးနဲ့ တွန်ကြူးလို့… ရွက်ကြွေ သစ်ခြောက်ပင်အောက်မှာ ဟိုမှာ ဒီမှာတွေးတောရင် တံလျှက်တွေ တလျှံလျှံ ထနေတဲ့ နွေလွင်ပြင်ကို ကြည့်ရင်း ဘယ်မှာ မလွမ်းဘဲ နေပါ့မလဲ… ကိုယ့်ရဲ့ အလွမ်းဝေဒနာကို ထုတ်ဖော်ပြောလို့ ဆေးဖော်ကြောဖက် မလုပ်တဲ့ သူတွေကို ခံစားနေရပါတယ်လို့ ပြောရင် ဟားတိုက်ကြမှာပဲ…

အဓိက ကတော့ မိန်းကလေးချင်းချစ်လို့ ခံစားချက် ဝေဒနာ မရှိရဘူး တဲ့လေ… သဘာဝ ကိုလွန်ဆန်တဲ့ အချစ်မို့လို့ ဟာသလို့ သတ်မှတ်ခံရတာ ကိုယ်ချင်းမစားတတ် ရံကောလို့တောင် တွေးနေမိတယ် လုပ်နိုင်စွမ်းအားတွေ ဘယ်လောက်ရှိရှိ အရည်ချင်းတွေ ဘယ်လောက်ရှိရှိ ယောင်္ကျားမိန်း လို့ အခေါ်ခံရတာ မခံချင်လည်း အပြုံးနဲ့သာ တုံ့ပြန်ခဲ့ပါတယ်… “အများနဲ့ တယောက် သမားမို့ ဒီပွဲမှာ မောင်ရှုံးရတယ်” ဆိုတဲ့ သီချင်းကိုတောင် မုန်းချင်သလိုလို ဖြစ်လာတယ်…

နွေရာသီကို ရောက်တိုင်း လွမ်းတတ်လာအောင် သင်ပေးခဲ့သူရေ… လောကမှာ လူတယောက်နဲ့ တယောက် မသိကြဘူး… အမျိုးလည်း မတော်ကြပဲနဲ့ ဒီလောက်တောင် ခင်တွယ် သံယောဇဉ် ရှိနေခဲ့တာ မင်းမသိ လေရော့လား လမင်းရယ်…

အတိတ်တို့က တဖြေးဖြေး ဝေးသွားပေမယ့် ဖြစ်ခဲ့ကြတဲ့ ဒို့နှစ်ယောက် အကြောင်းကတော့ အရာရာအသစ်လိုပါပဲ လမင်းလေးရယ်… ဟိုး… မအူပင်မြို့က ရန်ကုန်မှာလာပြီး အလုပ်လာလုပ်တဲ့ ကောင်မလေးတယောက်ရှိခဲ့တယ်… ရန်ကုန်က အဒေါ်တွေနဲ့ လာနေတယ်ဆိုပါတော့… ကျနော်တို့ အိမ်နဲ့ မနီးမဝေးမှာက စက်မှုဇုန်ရှိတယ်လေ… စက်ရုံတွေ အများကြီးပေါ့…

သူနဲ့ကျနော် ဆုံချင်တော့ မြန်မာနဂါးနီ စက်ချုပ်ရုံကိုပဲ ကျေးဇူးတင်ရမလား… အိမ်က ညီမ၀မ်းကွဲ ကိုပဲ ကျေးဇူးတင်ရမလား… ညီမ၀မ်းကွဲလေးကို ဖယ်ရီမမှီလို့ တမှတ်တိုင် ကျော်ကျော်လေးဆိုတော့ အပန်းမကြီးဘူး ဆိုပြီး လိုက်ပို့ရင်း သူနဲ့ စတင်ဆုံစည်း ခဲ့ပါလေသတည်းပေါ့…

သူက ကျနော်တို့ ရပ်ကွက်နဲ့ နည်းနည်းအလှမ်းဝေးတဲ့ ယုဇန ဥယာဉ်မြို့တော်ရဲ့ ကိုးလမ်းမှာ နေတယ်လို့ ညီမလေးဆီက သိခွင့်ရခဲ့တယ်… မျက်လုံးချင်းဆုံတုန်းက ကျနော့်ရင်တွေ တုန်လိုက်တာ… ဆယ်ကျော်သက်တို့ ရင်ခုန်သံဟာ ကမ္ဘာကြီး တော်လဲသံကြီး မြည်ဟီးနေတယ် ဆိုရင် တင်စားတယ်လို့ ပြောမှာလား… မပြောလိုက်ပါနဲ့ တောင်းပန်ပါတယ်…

အဲဒီတုန်းက ကျနော့်အသက် ၁၉နှစ် ကိုယ်ပိုင်လုပ်ငန်းနဲ့ပေါ့… ကြွားပြောတာ မဟုတ်ဘူးနော်… ဆန်ကုန်သယ် လုပ်တယ် အသားကဖြူဖြူ.. အရပ်အမောင်းက ငါးပေ ငါးလက်မ.. ၀တ်နိုင်စားနိုင် သုံးနိုင်သလောက်တော့ အသင့်အတင့်ရှိတယ် အရမ်းချမ်းသာတယ်လဲ မဟုတ်ဘူး…

ဆိတ်ငါးကောင် စက်ဘီးတွေပေါ်တော့ စက်ဘီး အသစ်လေးနဲ့ပေါ့… သိတယ်မှတ်လား ဆယ်ကျော်သက်တွေက အရမ်း အကြွားသန်တယ်နော်… လှလည်းလှချင်တယ်… အဲဒါနဲ့ ဆက်ပြောအုံးမယ်… တော်လဲသံကြီးနဲ့အတူ ရင်မှဖြစ်ပေါ်လာတဲ့ အဖြူရောင် နှလုံးသားလေးကို စတင် ဆေးဆိုးလိုက်တာက ကျနော်ပါပဲ… သူကတော့ သိမယ်တောင် မထင်ဘူး…

မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုတဲ့ သီချင်းလေး တအေးအေးနဲ့ အိမ်ကိုပြန်လာတော့ အစ်မက ဆီးမေးတယ်… တယ် အူမြူးနေပါလားတဲ့ ရှက်ကိုး ရှက်ကန်းနဲ့ အလုပ်သွားဖို့ ပြင်တော့ ခါတိုင်းထက် ပိုလှချင်သလို ဖြစ်လာတယ်… ညနေစောပြန်ပြီး ညီမလေးကို ၀င်ကြိုခဲ့မယ်လို့ စိတ်ကူးရင်းနဲ့ ညနေကျတော့ ညီမလေးကို ၀င်ကြိုတယ် ဆိုရင်ပဲ ဇွတ်မိတ်ဆက် ခိုင်းရတာပေါ့…

ညီမလေး နာမလည်သလို စိုက်ကြည့်နေတယ်… ကျနော်က တော်ရုံ မိတ်မဆက် ခိုင်းတတ်ဘူး… ကိုယ့်ကိုယ်ကိုသာ အရင်ဆုံး မိတ်ဆက်တတ်တဲ့လူ… သိပ်ပြီး ရှက်တာတို့ ရွံ့တာတို့ မရှိဘူး… လူချစ် လူခင်လည်း ပေါတယ် သူနဲ့ကျမှ ရှက်နေသလိုလို မလုံသလိုလိုနဲ့ ဖြစ်နေတာ… ဘယ်လုံမလဲ ကိုယ်ကမှ မရိုးသားတာ… ညီမလေး မိတ်ဆက်ပေးတော့ ကြည့်အုန်း.. လက်တွေ အေးစက်လို့…  ကိုယ့်ရင်ခုန်သံတောင် ကိုယ်ပြန်ကြားနေသေးတယ်… နာမည်လေးက သော်တာလွင် တဲ့…

ကျနော့်ထက် နည်းနည်းကြီးတယ်… အသက်ကိုပြောတာပါ… အရပ်လည်း နည်းနည်းမြင့်တယ်…  နယ်ကလာတယ် ဆိုပေမယ့် ခုခေတ်အပြောနဲ့ ဆိုရင်တော့ လန်းတယ်ပေါ့လေ…  အိမ်ရောက်လို့ ညီမကိုမေးတော့ သူ့ကိုကြိုက်တဲ့သူတွေ တအားပဲ… စက်ရုံက မန်နေဂျာတောင် ကြိုက်တယ်ဆိုပဲ… ကျနော်တော့ ဝေးပြီပေါ့… ဆွေးပြီပေါ့… အဲတော့ ညီမလေးက အားပေးရှာတယ်… ကြိုးစားခွင့် ရှိတာပဲတဲ့…

ဟုတ်သားပဲ… ကျနော်လည်း ကံကြမ္မာကို မရဲတရဲနဲ့ ရင်ထဲကလာတဲ့ စာနည်းနည်း ရေးပေးလိုက်တယ် စာအိတ် လှလှလေးနဲ့ ထည့်ပြီး သ၀ဏ်လွှာကို ကျေးညီမငယ်နဲ့ ပါးလိုက်တယ်… ရေးထားတဲ့ အတွင်းက စာက “ထာဝရထက် တစ်ရက်ပိုချစ် ပါရစေနော် အကြောင်းရင်းက မျက်လုံးလေးလှလို့” တဲ့…

မဆီမဆိုင် လူကို ချစ်ချင်တာနဲ့ မညီမညာ စာသားတွေကြောင့် ကံကောင်းချင်တော့ သူက စာဖတ်ရတာ ပျင်းတဲ့သူတဲ့… ရည်းစားစာကို ဒီလောက်လေးနက်စွာနဲ့ တိုတိုလေး ရေးပေးနိုင် သူ   ကျနော့်ကို အပြုံးနဲ့ တုံ့ပြန်လိုက်တယ်တဲ့…

သူက အဲလိုစာမျိုးရတာ ပျော်တယ်တဲ့လေ… ညနေကို ရင်ခုန်စွာနဲ့ စောင့်ရင်း ညီမလေး ပြောထားပြီးသားကို ထပ်ကြားချင်လို့ ထပ်ပြောခိုင်းရတာ အမော… ကြာတော့ စိတ်မရှည်သူ ညီမရဲ့ အအော်ကိုလည်း ပျော်ရွှင်စွာ ခံခဲ့ရတာပေါ့… နောက်ရက်တွေမှာ သူနေတဲ့ ရပ်ကွက်ကိုလည်း အလုပ်ပြန်တာနဲ့ ခြေဆန့်တတ်နေ ခဲ့တာပေါ့… ပထမတော့ သူ သတိထားမိအောင် စောင့်ကြည့်တယ်…

တနေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင် သင်္ကြန်နီးတော့ မိုးပြေးလေးကရွာ သူ လမ်းထိပ်လောက်မှာပေါ့… ဟယ် မိုးရွာပြီလို့ ပြောလို့ စကားအဆုံးမှာ ကျနော့် အပေါ်အင်္ကျီလေးက သူအပေါ်ကို မိုးပြီးသား ခြေအစုံက သူနဲ့ယှဉ်လျှောက်နေပေမယ့် သူကလည်း မငြင်းသလို နှစ်ယောက်လုံး စကားတခွန်းမှကို မပြောဖြစ်ခဲ့ဘူး… သူက လေးထပ်တိုက် အပေါ်ဆုံးထပ်မှာ နေတာဆိုတော့ လှေကားရင်း ရောက်ရင်ပဲ ကျေးဇူးပဲလို့ သူ စပြောတယ်…

ကျနော့် ဦးနှောက်ထဲမှာ ဆူဝေနေတယ်… ဘယ်ကစပြောရမှန်း မသိအောင်ဖြစ်နေခိုက် ပါးစပ်က ဟုတ်ကဲ့ လမင်း ရပါတယ်လို့ ပြန်ဖြေလိုက်မိသွားတယ်… သူပြုံးပြီး တုံ့ပြန်တာကို ငေးကြည့်နေရင်းက ကျောခိုင်းသွားတဲ့နောက် သူခြေလှမ်းတာနဲ့ ကျနော် လမင်းကို ချစ်တယ်သိလားလို့ အားယူ ပြောလိုက်တယ် ဆိုရင်ပဲ သူမကြားတာလား… ကျနော့်အသံ တိုးလို့လား သူ လှည့်မကြည့်ဘူးလေ…

ပါးစပ်က လမင်းလို့ဆိုရင်း လူကပါ လှေကား လေးထစ်လောက် တက်နေပြီဖြစ်တဲ့ သူ့နောက်ကို ဘယ်လို ရောက်သွားမှန်း မသိဘူး… ကျနော့်လက်ကလည်း သူလက်ကို ကိုင်မိလျှက်သားပဲ လမင်းကို ကျနော်ချစ်တာ သိတယ်မှတ်လားလို့ မေးလိုက်တယ်… သူကလည်း သိတယ်လေ ဘာဖြစ်လို့လဲလို့ အူကြောင်ကြားနဲ့ ပြန်ပြောတယ်…

ဘယ်ရမလဲ ပြောပြီးမှတော့ နောက်တဆင့်ပေါ့… သိတယ်ဆိုရင် အဖြေပေးပေါ့ ဆိုတော့ စဉ်းစားအုန်းမယ်… ဒို့ကိုချစ်ရင် နေခဲ့တဲ့… အပေါ်မှာ အဒေါ်ရှိတယ် ဆူလိမ့်မယ်တဲ့… ချစ်တော့လည်း နေခဲ့ရတာပေါ့…

ဆယ့်ငါးရက်မြောက် နေ့မှာတော့ သူတို့ စက်ရုံ အလုပ်ပိတ်ရက်နဲ့ ဆုံတော့ ကျနော် ညီမလေးကို အပူတိုက်ပြီး ဘုရားဖူးဖို့ အခေါ်ခိုင်းတော့ သူက အတင်းကြီး မခေါ်လိုက်ရပဲ လိုက်ခဲ့တယ်…  သူ့ အဒေါ်ကလည်း ညီမလေးနဲ့ဆို စိတ်ချတယ်ဆိုပဲ…

အဲဒီနေ့က မှတ်မှတ်ရရ ကျနော် ရှပ်အင်္ကျီ အဖြူလေး ၀တ်ခဲ့တယ်… သူအဖြူကြိုက်မှန်း ကျနော် မသိပါဘူး… ကျနော်ကလည်း အဖြူကြိုက်တာကိုး… ညီမလေးက ကျနော်တို့ကို ထားခဲ့တယ်…  ရှောင်ပေးတာပေါ့လေ… အဖြေတောင်းတော့ သူက ချစ်သူတို့ ထုံးစံအတိုင်းပဲ ဆေးလိပ်သောက်လား ကွမ်းစားလားပေါ့… အရက်သောက်လား ဆိုတဲ့အထိ မေးတာပေါ့…

ကျနော်ကလည်း အကုန် မလိမ်ပဲ လုပ်တတ်တယ်… ဒါပေမဲ့ လမင်း မကြိုက်ရင် ကျနော် ဆင်ခြင်ပါ့မယ်လို့ ပြောလိုက်တော့… ကြိုက်တယ် အဲလို မလိမ်တာကိုပေါ့…  တဖြေးဖြေး ဖြတ်ဖို့ ဂတိတွေတောင်းပြီး ကျေနပ်အားရမှ မျက်လုံးမှိတ်ဆိုပြီး အင်္ကျီကော်လံမှာ ချစ်တယ်လို့ ရေးပေးလိုက်တော့ ကျနော် အပျော်ကြီး ပျော်ပြီပေါ့…

သူက ကျနော့်ကို မေးတယ်… သူ့ကို ဘာလို့ လမင်းလို့ ခေါ်တာလည်းဟင်ဆိုတော့ လမင်းရဲ့ နာမည်က သော်တာပါတော့ သော်တာက လမင်းလို့ အဓိပ္ပါယ်ရတာပေါ့ ဆိုတော့ သူက ကျနော့်ကို လမင်းအနားမှာ အမြဲနေမယ့် ကြယ်လေးပေါ့တဲ့…

ဒီလိုနဲ့ပဲ လမင်းနဲ့ ကြယ်လေးဆိုတဲ့ ချစ်သူနှစ်ဦး ဘယ်အချိန်မှာ ကျလာမယ့် ကံကြမ္မာကို မမြင်နိုင်ပဲ ရွှေတဂုံ၊ ဆူးလေ၊ ရုပ်ရှင်ရုံ၊ ပြည်သူ့ရင်ပြင်၊ မြကျွန်းသာ၊ တညင်ကျောက်တန်း ရေလည်ဘုရား ပိတ်ရက်တိုင်း ခြေရာထပ်ခဲ့တာပေါ့… ကြိုက်ခေါက်ဘုရားကိုတော့ ဝေးရမှာစိုးလို့ ၀င်ကို မဖူးဖြစ်ဘူး…

ညဘက်ဆိုလည်း သူတို့စက်ရုံက OT ရှိတယ်လို့ ညာပြောပြီး လမ်းထိပ် အအေးဆိုင်မှာ စကားပြော၊ တခါတလေ အိမ်မှာ အလှူရှိတယ်လို့ ညာပြီး အပြင်မှာ တညလုံးတွေ့… မကုန်နိုင်တဲ့ စကားတွေ မ၀နိုင်တဲ့ ပင်လယ်ရေကို သောက်သုံးမိခဲ့ကြတယ်…

ဒီလိုပုံနဲ့ အမြဲချိန်းတွေ့ နေရတာ အားမရပြန်ဘူး… ချစ်တော့လည်း မျက်စိအောက်ကကို အပျောက် မခံချင်ဘူး… သူကလည်း ကိုယ့်လိုပါပဲ… တနေ့ တခေါက်လောက်မှ သူ့ဆီမလာရင် စာတတန် ပေတတန်နဲ့… တခါတလေ အရောင်းအ၀ယ် ကောင်းရင် စရံငွေကို ကိုယ်ကဦးပေးမှ ကိုယ့်ဆီ ရောင်းကြတာဆိုတော့ နောက်ကျတတ်တယ်… တရက်လောက်တော့ ဘာမှ မဖြစ်လောက် ပါဘူးဆိုရင် ရွှေစိတ်တော်ကညှိုးပြီ…

အဲတော့ ကျနော်က ကိုယ်တော်ချော့ လုပ်ရပြန် “စိတ်မကောက် တတ်ပဲနဲ့ ဘာလို့ စိတ်ကောက်တာလည်း လမင်းရယ်… စိတ်ကောက်တာကိုက နမ်းချင်စရာ” ဆိုပြီး စွတ်ခနဲ နမ်းလိုက်ရင် အပြုံးမျက်နှာနဲ့ ပြန်ပြေလည်သွားတဲ့ ရက်တွေကလည်းများ…

ဒီလိုနဲ့ တနေ့မှာ သူနဲ့ကျနော် ခွဲရဖို့ အကြောင်းက ဖန်လာရောလေ… သူ့အဖေ နေမကောင်းလို့ နယ်ခဏ ပြန်ရမယ်တဲ့… ရှင်းရှင်းပြောရရင် ကျနော် မခွဲနိုင်ဘူး… သူလည်း မခွဲနိုင်ဘူး… ပြန်မယ်ဆိုပြီး တရက်အပြင်မှာ အလွမ်းသယ် လိုက်သေးတယ်… မဖြစ်ပါဘူး အဖေဆိုလည်း ပြန်ရမယ်ဆိုတဲ့ အသိနဲ့ ဖုန်းနံပါတ်တွေပေးပြီး အငိုမျက်လုံး နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ ပထမဦးဆုံးအချိန် သူခွဲသွားတာ တစ်လတိတိ…

ကျနော့် စိတ်ထဲမှာ တနှစ်လောက်ကိုကြာတယ်… မပြန်လာခင် ကြားရက်တွေလည်း ဖုန်းဆက်သေးတယ်… သူ့အစ်ကို သိသွားတယ်.. မင်းက ဘယ်သူလဲလို့ မေးလာခိုက်မှာ ကျနော် ဘာပြန်ဖြေရမှန်း မသိလို့ တိတ်နေတော့ ရုပ်ရုပ် ရုပ်ရုပ်မလုပ်နဲ့ တဲ့လေ…

သူနဲ့ ကျနော် ချစ်သူတွေဖြစ်ခဲ့တာ တစ်နှစ်တင်းတင်း ပြည့်တဲ့နေ့ ဧပြီလ ငါးရက်နေ့မှာ ကောင်းမှု ကုသိုလ်ကိုလုပ် စိတ်နှလုံးကို ဖြူစင်အောင်ထား ဒီနေ့တနေ့ လိမ်မပြောပဲ နေကြမယ် အသေးအဖွဲ့ ကအစဆိုပြီး… မထင်မှတ်ပဲ သူ့ကိုကျနော် မေးမိတယ် “လမင်းပြန်သွားတုန်းက ကြယ်လေး ဖုန်းဆက်တာ အစ်ကိုကြီး လာကိုင်တယ် ရုပ်ရုပ် ရုပ်ရုပ်မလုပ်နဲ့လို့ ကြယ်လေးကို ကြိမ်းသွားတယ် အဲဒါ ဘာဖြစ်လို့လဲ” ဆိုတော့ သူ့မျက်နှာ မကောင်းစွာနဲ့ ကြယ်လေးကို မပြောပဲထားတဲ့ ကိစ္စ ခုတော့ ပြောတော့မယ်ဆိုပြီး “နယ်ကို ရောက်နေတဲ့ အခိုက်မှာ သတိရတိုင်း စာအုပ်ထဲမှာ ကြယ်လေးကို လွမ်းတဲ့အကြောင်းတွေ ရေးတာ ကိုကြီးသိသွားတယ်…

နင် အလုပ်သွားလုပ်တာလား ရည်းစား သွားထားတာလား… နင်ဒီကပြန်ရင် အဲဒီကောင်ကို အဆက်အသွယ် မလုပ်ရဘူးဆိုတဲ့ ကတိကို တောင်းတယ်… လမင်းလည်း ကြယ်လေးနဲ့ ဝေးမှာစိုးလို့ ကတိပေးခဲ့တယ်… အဖေ့ကျန်းမာရေး စိတ်ချရရင် ကိုကြီးလိုက်ခဲ့မယ်တဲ့… ကြယ်လေးသာ မိန်းကလေးဆိုတာ သိသွားခဲ့ရင် ပေးတောင် ပြန်လာမှာ မဟုတ်တော့ဘူး” ဆိုတဲ့ စကားကြောင့် အော်..ငါလည်း အမျိုးသားတွေလို ထားနိုင်ပါတယ်… ထားနိုင်စွမ်းလည်း ရှိပါတယ်… တခုတော့ရှိတယ် ကလေးရဖို့တော့ မဖြစ်နိုင်ဘူးပေါ့…

ချစ်သူနှစ်ဦး အတူနေဖို့ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးပဲ သဘာဝကျတယ်လို့ လူတွေက သတ်မှတ်နေကြပါလား… ငါ့ အစွမ်းဘယ်လောက် ရှိတယ်ဆိုတာ ပြရတာပေါ့လေလို့ စိတ်ထဲကြုံးဝါးရင်း ကျနော်လေးနက်စွာ စကားတခွန်း ပြောလိုက်တယ်… “ လမင်း ကြယ်လေးကို ဘယ်လောက်ချစ်လဲ”  “ကြယ်လေးချစ်တာထက် မပိုရင်တောင် မလျှော့ဘူး” “ဒါဆို ကြယ်လေးနဲ့ မခွဲကြေး ဘ၀တလျှောက်လုံး အတူနေရဲလား”

“နေရဲပါတယ် ဒါပေမဲ့ နှစ်ယောက်လုံး ငယ်သေးတယ် ကြယ်လေးရဲ့ လမင်း အတူမနေရဲလို့ ပြောတာမဟုတ်ဘူးနော်… ကြယ်လေးကိုချစ်ဖို့ စက်ရုံက လူတွေက လမင်းကို ဘူမ လို့ ခေါ်တာလည်း ခံခဲ့ရတယ်… စလောင်းဖုံး ကြိုက်တဲ့ မမ လို့လည်း ရယ်တာ ခနဲ့တာ လှောင်တာတွေကို ခံခဲ့ရတယ်… သူငယ်ချင်းတွေဆို ယောင်္ကျားရှားလားတဲ့ အဲဒါတွေကို လမင်း ဂရုမစိုက်ခဲ့တာ ကြယ်လေးကို အရမ်းချစ်လို့ပဲ… အခုဟာက ချက်ချင်းကြီး ကြယ်လေး မိသားစုကရော လက်ခံမယ်တဲ့လား”

ဒီလိုဆိုတော့လည်း ဟုတ်သားပဲ အဲဒီနေရာမှာ အမျိုးသားနဲ့ အမျိုးသမီးဆို ခိုးပြေးကြပြီ…  အသက်လည်းပြည့် တရားလည်းဝင်တယ် ဥပဒေကလည်း အသိအမှတ် ပြုထားတယ်လေ…  ကျနော်တို့က ဘယ်လိုလုပ်မလဲ ခြေရာဖျောက်မှ ရမယ်… အဲလို ဖျောက်မယ်ဆိုလည်း မိဘ မောင်ဘွားတွေကို တခါတည်း အပြီးခွဲခွာသွားရမှာ… သူလည်း ကျနော့် တမျက်နှာနဲ့ ဆိုတော့ စဉ်းစားမှာပေါ့လေ ဆိုပြီး သက်ပြင်းကို ရှည်ရှည်ချပြီး ရင်ထဲ အတွေးကိုယ်စီနဲ့ ပြန်ခဲ့ကြရတယ်…

ဒီလိုနဲ့ သင်္ကြန်တွင်းမှာ မိုးမမြင် လေမမြင် ပျော်ခဲ့ရတာ သင်္ကြန်ရက်လေး ကုန်ဆုံးမှာကိုတောင် ကြောက်တယ်… ခါတိုင်းလို တွေ့ဖို့ သိပ်မလွယ်တော့ဘူး… အလုပ်ပိတ်ရက်လည်း အပြင်မထွက် ဖြစ်တော့ ကျနော် ဂွမ်းပြီးပေါ့…

အလုပ်ဆင်းရတဲ့ တရက်မှာ ပူဆာလွန်းလို့ တရက်ခွင့်ယူပြီး လိုက်လည်လိုက်မိကြတယ်… ကံဆိုးချင်တော့ သူအဒေါ်နဲ့ တည့်တည့် တိုးပါလေရော… မမြင်အောင် ပုန်းနေပေမယ့် မြင်ဖြစ်အောင် မြင်သွားတယ်… အိမ်ပြန်ရောက်တော့ အလူးအလဲ အဆူခံရတယ်… နောက်ပိုင်း မတွေ့ရသလောက် ဖြစ်ခဲ့ကြတယ်…

ဒီလိုနဲ့ တစ်နှစ်နဲ့ ခြောက်လ တင်းတင်းပြည့်တဲ့နေ့မှာ သူ့အစ်ကိုက ဓါတ်ပုံတပုံကို ကိုင်ပြီး ဒါ မင်းဓါတ်ပုံ မှတ်လားဆိုပြီး ကျနော်ထိုင်နေတဲ့ ကျားကြီး လက်ဘက်ရည်ဆိုင်ထဲ ၀င်လာပြီး မေးတော့ “ဟုတ်ပါတယ် ဒါကျနော့် ဓါတ်ပုံပါ”  “ဒါဆို ငါ့ညီမနဲ့ ကြိုက်တာ မင်းပေါ့”  “ဟုတ်ကဲ့ပါ”  “ငါတို့ မောင်နှမ နှစ်ယောက်ပဲရှိတာ.. ဒို့မျိုးဆက်တော့ လိုချင်တယ်.. မင်းမှာ အဲဒီ စွမ်းရည်ရှိလား”

ကျနော်တိတ်လျက် “ငါမေးနေတယ်လေးကွာ မင်းဘယ်ဖြေနိုင်မလဲ မင်းကယောင်္ကျားမှ မဟုတ်တာ ဒီမှာဟေ့ မင်းနဲ့ သဘောတူမဲ့အစား ခွေးကို အမြီးဖြတ်ပြီး ပေးစားလိုက်မယ် သိလား” ကျနော် တခွန်းတော့ ပြန်ပြောဖြစ်တယ် “အကိုက ခွေးမျိုးဆက်ကို လိုချင်ရင် ပေးစားလိုက်ပေါ့”

သူ စိတ်တွေ တအားတိုပြီး ကျနော့်ကို ထိုးဖို့ရွယ်တယ်… အဲတော့ ဘေးက သူငယ်ချင်းတွေက ထိရဲရင် ထိကြည့်လိုက် သူလည်းလူပဲ အဲလောက်ပြောရင် တော်ရော့ပေါ့ ဆိုတော့မှ “ မင်းငါ့အကြောင်း သိစေရမယ် စောင့်ကြည့်” ဆိုပြီး ပြန်သွားလေရဲ့…

ကျနော်လည်း ကျနော့်ချစ်သူကို တခုခုလုပ်မှာစိုးလို့ သူတို့ တိုက်ရှေ့မှာ စောင့်ကြည့်နေတယ်… အမြင့်ကြီးမှာဆိုတော့ ၀ူးဝါးအသံပဲ ကြားရတယ်… နောက်နေ့မှာတော့ သူအလုပ်လာ မဆင်းတော့ဘူး ဂွမ်းပြီးရင်း ဂွမ်းနေတဲ့ ကျနော့် အဖြစ်ပါလားနော်… စိတ်ညစ်လို့ လေလွင့်နေတာ… ဘာသတင်းမှကို မကြားရဘူး…

လစာထုတ်တဲ့ ရက်မှာတော့ သူ့လစာကို လာထုတ်မှာပဲလို့ စောင့်နေတုန်း လှစ်ခနဲ့ဆို သူ့ကို တွေ့လိုက်တယ်… ဘေးမှာလည်း သက်တော်စောင့် အကိုကြီးက ပါလာတော့ ကျနော် အကြပ်ရိုက်နေတုန်း စက်ရုံအပေါ်ထပ်က ညီမလေးက ကျနော့်ကို ဘယ်အချိန်ထဲက ချောင်းနေလည်း မသိဘူး… အနောက်ဖက်ကို လက်ပြပြီး သွားခိုင်းတယ်… ကျနော်လည်း အနောက်ဘက်ကို လစ်တော့တာပဲ…

စက်ရုံရဲ့ အနောက်ပေါက်မှာ ဆယ်မိနစ်လောက်စောင့်ပြီး သူရောက်လာတယ်… မျက်နှာမှာ ဒဏ်ရာနဲ့ ညိုလို့… ကျနော် စိတ်မကောင်းလိုက်တာ… သူနဲ့ကျနော် နောက်ဆုံး ဆယ်မိနစ်လေးပဲ တွေ့လိုက်တယ်… သူပြောသွားတဲ့ စကားတခွန်းရှိတယ်… ကောင်းကင်မှာ ကြယ်တွေ လင်းသရွေ့ လမင်းရှိနေသရွေ့ ကြယ်လေးနဲ့ လမင်းတို့ရဲ့ အချစ်က ရှင်သန်နေမယ်ဆိုတာ ကြယ်လေး မမေ့နဲ့တဲ့…

ဘာကြောင့် လူတွေက ကျနော့ ခံစားမှုကို အသိအမှတ် မပြုတာလဲ… ဘာကြောင့် ကျနော်တို့ ချစ်ခြင်းကို အလေးအနက် မထားကြတာလဲ… ဘာကြောင့် ကျနော်တို့ ချစ်ခြင်းကို မဖြစ်နိုင်ဘူးလို့ ပြောကြတာလဲ…

တကယ်တော့ ကျနော်လည်း လူထဲက လူပါပဲ… ခံစားတတ်တဲ့ နှလုံးရှိပါတယ်… မျိုးဆက် မပွားနိုင်ပေမယ့်… ဘ၀အတွက် ပျော်ရွှင်မှုတော့ ပေးနိုင်ပါတယ်… စွမ်းဆောင်ရည်တွေ အများကြီး ရှိပါတယ်… ကျနော့်ကို လူ့အသိုင်းအ၀ိုင်းမှာ အဖိနှိပ်ခံ လူရာမသွင်းချင် နေကြတာက လူတွေက သက်သက် ခွဲခြားထားတာပါ… လူ့အသိုင်းအ၀ိုင်းကို ပြောချင်ပါတယ်… ကျနော်တို့လို လူတိုင်းမှာ ခံစားချက်ရှိတယ် ဆိုတာပဲ…

ကျနော်တို့နဲ့ ချစ်မိတဲ့ သူတိုင်းဟာ သူတို့မှာလည်း သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေ ရှိနေတယ်ဆိုတာ ကိုယ်ချင်းစာစေချင်တယ်… တကယ်တော့ အချစ်ဆိုတာ ဘယ်သူ့ကိုမှ ချစ်ရမယ်ဆိုတာ မသတ်မှတ် ထားပါဘူး… အားလုံးခွင့်လွှတ် နားလည်တဲ့စိတ်နဲ့များ ကိုယ်ချင်းစာနာတဲ့ စိတ်လေးတွေ ရှိကြမယ် ဆိုရင် လမင်းကို ကြယ်လေးလေ ယနေ့ထိ ပြန်လာနိုးနိုး ဆုံဆည်းနိုးနိုးနဲ့ ဝေဒနာတွေ များစွာနဲ့ စောင့်နေရမှာ မဟုတ်ဘူး… ဘ၀မှာ မျှော်လင့်ချက်ပန်းတိုင်ကို ရိုက်ချိုးခံရသူတွေ လိုအင် ဆန္ဒတွေ ပြည့်ဝပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း…

 

ကြက်တူရွေး

July/8/2010

Comments
Add New Search
လမင်း  - မိုက်တယ်ကွာ သနားဖို့ကောင်းလိုက်တာ အရမ်းပဲ   |118.172.52.xxx |2010-07-29 20:44:11
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More

Secured by Siteground Web Hosting