အရင်ကဆိုရင်တော့ လိင်တူချစ်သူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုတာ လူကြားထဲမှာ မေးစရာပြောစရာကောင်းတဲ့ခေါင်းစဉ်မဟုတ်ဘူးလို့ ယူဆထားခဲ့ကြပါတယ်။ ပြောပြန်ရင်လည်း သူတို့အပေါ် အထင်သေးလှောင်ပြောင်တဲ့စကားတွေသာ အများဆုံး ဖြစ်လေ့ရှိပါတယ်။ အခုအခါမှာတော့ လိင်တူချစ်သူတွေအကြောင်း၊ သူတို့တွေရဲ့ဘ၀ အကြောင်းကို စာပေရေးသားမှုတွေသာမက သူတို့အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဗီဒီယို ဇာတ်လမ်းတွေလဲ နိုင်ငံတကာမှာရော နိုင်ငံတွေမှာပါ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီထဲက တချို့ဇာတ်လမ်းတွေဟာ ဟောလီးဝုဒ် အော်စကာဆုပေးပွဲတွေမှာ ထူးချွန်ဆုတွေ အသီးသီးဆွတ်ခူးနိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
ထင်ရှားအောင်မြင်ခဲ့တဲ့ လိင်တူချစ်သူတွေ ဘ၀သရုပ်ဖော်ဇာတ်ကားတွေထဲမှာ အမျိုးသမီးချင်းချစ်သူတယောက်ရဲ့တကယ့်ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးခဲ့တဲ့ boy don’t cry ဆိုတာ ထင်ရှားလှပါတယ်။ အဓိကအမျိုးသမီးသရုပ်ဆောင်ဖြစ်တဲ့ Hilary Swank ဟာ အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးချင်းချစ်သူတယောက်ရဲ့ ဘ၀ကို ရင်နင့်အောင် သရုပ်ဆောင်ကောင်းခဲ့တဲ့အတွက် သူမဟာ ၂၀၀၀ ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် ကော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အာရှသား ဒါရိုက်တာ အန်းလီ ရိုက်တဲ့ Brokeback Mountain ဇာတ်လမ်းဟာဆိုရင် ယောက်ျားသားသန်သန်မာမာဖြစ်တဲ့ အမေရိကန်ကောင်းဘွိုင်အမျိုးသားနှစ်ယောက်ရဲ့လိင်တူချင်းအချစ်ကို နောက်ခံရှုမျှော်ခင်းအလှအပတွေနဲ့ ကြည်နူးစရာ ခြယ်မှုန်းရိုက်ပြခဲ့တဲ့အတွက် ၂၀၀၆ ခုနှစ်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုအပါအ၀င် အော်စကာဆုပေါင်း (၃) ဆုကို ဆွတ်ခူးသွားခဲ့ပြန်ပါတယ်။ အခု (၂၀၀၈) ခုနှစ်အော်စကာပွဲမှာတော့ အော်စကာဆုနဲ့ချိန်ခဲ့တိုင်း လွဲလွဲသွားခဲ့တဲ့ မင်းသား ရှောင်ပိန်းဟာ လိင်တူချင်းချစ်သူနိုင်ငံရေးသမားတယောက်အနေနဲ့ Milk ဆိုတဲ့ ဇာတ်ကားမှာ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့တဲ့အတွက် အော်စကာဆုကို ဒီနှစ်မှာလက်ဝယ်ပိုင်ရရှိသွားခဲ့ပါတယ်။
လိင်တူချစ်သူတွေအပေါ် နားလည်လက်ခံမှုများလှပါတယ်ဆိုတဲ့ အာရှဒေသမှာဆိုရင်လဲ လိင်တူချစ်သူတွေအကြောင်း ရိုက်ကူးခဲ့တဲ့ ဗီဒီယိုရုပ်ရှင်တွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး သိသိသာသာထွက်ပေါ်လာခဲ့တာ သတိထားမိပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် လိင်တူချစ်သူအမျိုးသားတွေပါဝင်တဲ့ အောင်ပွဲရဘော်လီဘောအသင်းကြောင်းရိုက်ထားတဲ့ stree Lek ဆိုတဲ့ကားဟာ ၀က်ဝက်ကွဲအောင် အောင်မြင်ခဲ့ပါတယ်။ အဲဒီကားရဲ့အောင်မြင်မှုကြောင့် နောက်ထပ်လိင်တူချစ်သူဇာတ်ကားတွေ အများကြီးထွက်လာခဲ့ပေမဲ့ တကယ်တမ်းအနုပညာအရအောင်မြင်ခဲ့တဲ့ကားကတော့ beautiful boxer ဆိုတဲ့ ဖြစ်ရပ်မှန်အခြေပြု လိင်ပြောင်းလဲလိုက်တဲ့ လက်ဝှေ့သမားတယောက်အကြောင်း ရုပ်ရှင်ဘဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံလိုဘဲ တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံရုပ်ရှင်လောကမှာလဲ လိင်တူချစ်သူအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အခုလို လိင်တူချစ်သူတွေအကြောင်းရိုက်ကူးတင်ပြတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေထွက်ပေါ်လာတဲ့အပေါ် သုံးသပ်မှုတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ တချို့ကတော့ အရင်က မပြောရဲမဆိုရဲမတင်ပြရဲတဲ့ စက်ဆုပ်စရာလို့ သတ်မှတ်ထားတဲ့ လိင်တူချစ်သူတွေအကြောင်းကို တင်ပြလာတာဟာ လိင်တူချစ်သူတွေကို အရင်ကထက်နေရာပေးလာတာလို့ ယူဆပါတယ်။ အခုလိုမျိုးဇာတ်လမ်းတွေကို လူများများကြည့်လာလေလေ လိင်တူချစ်သူတွေရဲ့ ဖြစ်တည်ရပ်တည်နေမှုတွေကို လူတွေက နားလည်အသိအမှတ်ပြုလာလေလေဖြစ်မယ်လို့ ယူဆတဲ့သူတွေရှိပါတယ်။ အရင်တုန်းက ပွင့်ပွင့်လင်းလင်းမတင်ပြရဲ မပြောဆိုရတဲ့အတွက် လူမှုအသိုင်းအ၀ိုင်းထဲမှာ လိင်တူချစ်သူတွေရှိနေတာကို မသိကြ နားမလည်ကြတဲ့လူတွေအတွက် အခုလို ဇာတ်လမ်း ရုပ်ရှင်တွေက အမြင်ဖွင့်ပေးပြီး ဆွေးနွေးနိုင်အောင် လုပ်ဆောင်ပေးရာရောက်တယ်လို့ လေ့လာသူတချို့ကဆိုပါတယ်။
အခုလိုမျိုး သုံးသပ်ချက်အပေါ် လက်ခံပေမယ့် ဒီဇာတ်လမ်းမှာ တင်ပြထားတဲ့ သရုပ်ဆောင်စရိုက်တွေနဲ့ ဒီဇာတ်လမ်းတွေကနေ ပရိသတ်ကိုပေးတဲ့ သတင်းစကားတွေကသာ မှားယွင်းနေမယ်ဆိုရင် လိင်တူချစ်သူတွေအပေါ် အခြားလူတွေထားတဲ့အမြင်က ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုများစေနိုင်မယ်လို့ တချို့ လေ့လာသူတွေက ထောက်ပြပြန်ပါတယ်။ ဥပမာ- ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ လိင်တူချစ်သူဇာတ်ဆောင်တွေပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွေ ရှိခဲ့တာ ကြာလှပါပြီ။ ဒါပေမဲ့ သူတို့သရုပ်ဆောင်တဲ့ဇာတ်ဆောင်ပုံစံတွေဟာ လိင်တူချစ်သူတွေကို အများက သတ်မှတ်ထားတဲ့ ပုံစံခွက်ဇာတ်ကောင်စရိုက်တွေသာ ဖြစ်နေခဲ့တယ်။ သူများတွေကို အတင်းပြော၊ အမျိုးစုံလုပ်ကြံတဲ့ဇာတ်ကောင်မျိုး၊ ကပေါက်တိကပေါက်ချာ ပေါချာချာပုံစံ သဘာဝလွန်သရုပ်ဆောင်မှုတွေ၊ လိင်တူချစ်သူတွေအပေါ် အထင်သေးနှိမ့်ချတဲ့ ဟာသပြောင်လှောင်စရာ ဇာတ်ကွက်တွေကြောင့် ကြည့်ရှုတဲ့ပရိသတ်တွေရဲ့ လိင်တူချစ်သူတွေအပေါ်ထားတဲ့ အမြင်သဘောထားဟာ အမြင်မှား၊ အထင်သေးစရာသာဖြစ်စေခဲ့တယ်လို့ တချို့ကဆိုကြပါတယ်။
မြန်မာနိုင်ငံမှာလည်း ခေတ်နဲ့ညီစွာ လိင်တူချစ်သူတွေကို အဓိကဇာတ်လမ်းထားရိုက်တဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေဟာ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အရင်တုန်းက မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ စည်းကမ်းထဲမှာပါတဲ့ အများပြည်သူရဲ့စာရိတ္တ္တကိုပျက်ပြားစေမယ့် ဇာတ်လမ်းများမဖြစ်စေရဆိုတဲ့စည်းကမ်းအရ လိင်တူချစ်သူတွေရဲ့ဇာတ်လမ်းတွေကို ရုပ်ရှင်ရိုက်လို့မရခဲ့ပါဘူး။ အရင်ခေတ်တုန်းကဆိုရင် အခုလိုဇာတ်လမ်းတွေ လုံးဝမထွက်ပေါ်ခဲ့ပါဘူး။ ဆင်ဆာမတင်ရတဲ့ဇာတ်သဘင်လောကမှာဘဲ လိင်တူချစ်တဲ့သူအကြောင်းတင်ဆက်ကပြတဲ့ ပြဇာတ်တွေဘဲ ထွက်ပေါ်ခဲ့တာ တွေ့ရပါတယ်။ အရင်ရွှေမန်းသဘင်မှာ "ပုတီးတလုံးချောက်ကနဲ"ဆိုတဲ့ လိင်တူချစ်သူတယောက်အကြောင်းရေးသားထားတဲ့ ဆရာကြီးအီကြာကွေးရဲ့ဇာတ်လမ်းကို ပြဇာတ်အဖြစ်တင်ဆက်တဲ့နေရာမှာ ပွဲကြည့်ပရိသတ်တွေ အားပေးခဲ့ကြတာ မှတ်မှတ်ရရဖြစ်နေဆဲပါ။
အခုနောက်ပိုင်းမှာတော့ အရင်ကလောက် ကြပ်မတ်ထားတာမရှိတော့ (နိုင်ငံရေးနဲ့ပတ်သက်တာကလွဲရင်) လိင်တူချစ်သူတွေအကြောင်းရိုက်ထားတဲ့ကားတွေ ထွက်ပေါ်လာပါပြီ။ သိသမျှထဲမှာတော့ မင်းသားကြီးကျော်ဟိန်း သရုပ်ဆောင်ခဲ့တဲ့ "တပုဒ် ၅ ကျပ် သုံးပုဒ်တဆယ်"ဆိုတဲ့ ဗီဒီယိုကားလေးပါဘဲ။ ဇာတ်လမ်းထဲမှာ ကျော်ဟိန်းဟာ လိင်တူချစ်သူအစစ်တယောက်မဟုတ်ပေမယ့် ရှောက်သီးဆေးပြားလိုက်ရောင်းတဲ့ ဂျီမလိုဟန်ဆောင်ပြီး စီးပွားရှာတဲ့သူတယောက်ပါ။ သူ့ရဲ့သား ဝေဠုကျော်က အဲဒီလိုမိန်းမလိုဝတ်၊ ရှောက်သီးဆေးပြားရောင်းပြီး ငွေရှာတာကို ရှက်တဲ့သားတယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ တကယ့်လိင်တူချစ်သူတယောက်ရဲ့ဘ၀ကို သရုပ်ဖော်တာမဟုတ်ဘဲ စီးပွားရေးအရ အစားရချောင်လို့ အခြောက်ယောင်ဆောင်တဲ့ဇာတ်လမ်းဖြစ်တဲ့အတွက် လိင်တူချစ်သူဘ၀သရုပ်ဖော်လို့တော့ အမှန်စစ်စစ်ပြောလို့မရပါဘူး။
၁၉၉၇ ခုနှစ်နောက်ပိုင်းမှာ လိင်တူချစ်သူတွေဘ၀ကို သရုပ်ဖော်ခဲ့တဲ့ ဗီဒီယိုကားတွေထဲမှာ စစချင်းပေါ်ထွက်ခဲ့တာကတော့ မင်းသားရဲအောင်နဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ သရုပ်ဆောင်ခဲ့တဲ့ "သားမိုက်" ဗီဒီယိုဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်ပြီး မိန်းမပုံဝတ်စားထားတဲ့ (အပွင့်မ) ရဲအောင်ဟာ စိုင်းစိုင်းကို ငယ်ငယ်လေးကထဲက မွေးစားလာပြီး အရွယ်ရောက်တော့မှ မွေးစားအမေဟာ အခြောက်မကြီး ဖြစ်နေတဲ့အတွက် စိုင်းစိုင်းက စွန့်ပစ်သွား၊ အခြောက်မအမေခမျာ မွေးစားသားအလိုအတိုင်း ယောက်ျားပုံပြင်ဆင်ပြီး အတင်းယောက်ျားလို ပြန်နေဖို့ကြိုးစားရင်း အသက်ဆုံးသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အဲဒီကားရဲ့အောင်မြင်မှုကြောင့် ထုတ်လုပ်သူတွေဟာလိင်တူချစ်သူတွေအကြောင်း ဇာတ်လမ်းဆင်ရိုက်မယ့် ဇာတ်ကားတွေကို စီးပွားရေးအရရိုက်ဖို့ တပူတပြင်းရှာဖွေလာခဲ့ပါတယ်။ ဇာတ်ကားတွေလည်း ထွက်လာခဲ့ပါတယ်။ ကြည့်ခဲ့ရသမျှဇာတ်လမ်းလေးထဲမှာဆို သူထူးစံနာမည်ကြီးခဲ့တဲ့ "၁၉ တောင်ဝတ် မင်းယောက်ျား"၊ ပြေတီဦးရဲ့ "ချစ်မှာလားလို့"၊ မို့မို့မြင့်အောင်ရဲ့ "မိဂျမ်း မလွမ်းတော့ပါ"ဆိုတဲ့ကားတွေကို မှတ်မှတ်ရရဖြစ်မိပါတယ်။ အခြားကားတွေရှိနေသေးပေမဲ့ ထွက်သမျှကားတွေကို မကြည့်နိုင်တဲ့အတွက် အခုကားတွေကြည့်ပြီးခံစားရတာတွေကို တင်ပြပါရစေ။
ကြည့်ပြီးသမျှကားတွေမှာ အားလုံးနီးပါးဟာ ဇာတ်လမ်းစ စချင်းမှာ ပွင့်ချင်သလောက်ပွင့်နေတဲ့ အခြောက်မတွေ၊ ယောက်ျားလျာတွေဟာ ဇာတ်လမ်းအပြီးမှာတော့ ဒါရိုက်တာညွှန်ကြားတဲ့အတိုင်း ယောက်ျား(စစ်စစ်) မိန်းမ (စစ်စစ်)ဘ၀ကို ပြန်လည်ရောက်ရှိသွားတဲ့ ဇာတ်လမ်းတွေပါဘဲ။ "သားမိုက်"ဇာတ်ကားမှာ တတိယအရွယ်အထိ အပွင့်မဖြစ်ခဲ့တဲ့ ရဲအောင်ဟာ မွေးစားသားစိတ်ချမ်းသာစေဖို့အတွက် မသေခင်အပြေးအလွှား ယောက်ျားဖြစ်ခဲ့ရပါတယ်။ ချစ်မှာလားလို့ဇာတ်လမ်းမှာ ဆိုရင်လဲ ဇာတ်လမ်းအစမှာ တခြားယောက်ျားလေးတွေကို မီးကုန်ယမ်းကုန် ဖွာနေတဲ့ (နှစ်သက် စိတ်ဝင်စားနေတဲ့) ပြေတီဦးဟာ တခြားယောက်ျားတွေက သူ့ကိုဝုန်းတာ(စော်ကားတာ)ကို မခံနိုင်တော့တဲ့အဆုံး ပြန်လည်ခုခံရင် ကျားစစ်စစ်ကြီးပြန်ဖြစ်သွားပါသတဲ့။ အံမလေး.. ဖြစ်မဲ့ဖြစ်တော့ ကာရတေးကိုပါ အမြန်သင်ရင်း တကယ့်ဖိုက်တာကြီးပါဖြစ်သွားတာလေ..။ ထို့အတူ "မိဂျမ်း မလွမ်းတော့ပါ"ဆိုတဲ့ ဇာတ်လမ်းမှာလည်း ကားစကထဲက ယောက်ျားလေးလိုနေ၊ အခြားမိန်းကလေးတွေကို စိတ်ဝင်စား၊ မိသားစုနဲ့ အကြောက်အကန်စိမ်ခေါ်ပြီး ယောက်ျားလေးလိုနေထိုင်လာတဲ့ မို့မို့မြင့်အောင်ဟာ မွေးစားသားလေးရဲ့ ရှင်ပြုပွဲမှာတော့ မိန်းမပုံအပြည့်နဲ့ထွက်လာ ချက်ချင်းစိတ်ပြောင်းပြီး စပိမ (မိန်းခလေး)ပြန်ဖြစ်သွားပါသတဲ့။
အဲဒီကားတွေကို ကြည့်ပြီး စိတ်ထဲမှာ မအီမလည်ခံစားလိုက်ရတာကတော့ ကံထူးလို့ ဂန်ဒူးဖြစ်ရတဲ့သူတွေဟာ အခုလို လွယ်လွယ်နဲ့ ပြန်ပြောင်းလို့ ရနိုင်ပါသလားဆိုတဲ့ ခံစားချက်အတွေးပါဘဲ။ လိင်တူချင်းချစ်တဲ့စိတ်ကို အ၀တ်အစားပြောင်းလဲဝတ်သလို လွယ်လွယ်နဲ့ပြောင်းလို့ရတဲ့ပုံစံမျိုးနဲ့ ရိုက်ပြနေတာကို ကြည့်ပြီး တော်တော်အစာမကြေ ဖြစ်မိပါတယ်။
တကယ်တော့ လိင်တူချင်းချစ်တဲ့စိတ်ရှိတဲ့သူတယောက်ဟာ သူ့ရဲ့လိင်စိတ်ကို မြိုသိပ်ပြီး အခြားလူတွေ မသိအောင် မရိပ်မိအောင် ကြိုးစားပြီး ဟန်ဆောင်လို့ရကောင်းရနိုင်ပေမဲ့ အဲဒီလိင်တူချင်းချစ်စိတ်ကိုတော့ ပြောင်းအောင်လုပ်လို့မရနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းမရှိတဲ့ အပုန်းမ (လိင်တူချင်းချစ်စိတ်ကို ဖုန်းကွယ်ပြီး ဟန်ဆောင်နေသောသူ) တယောက်လို နေနေရပေမဲ့ သူ့စိတ်ထဲမှာ လိင်တူချင်းအပေါ်မှာသာ သာယာတပ်မက်နေမှာပါ။ လိင်တူချစ်သူတယောက်ပြောသလိုပြောရရင် အုတ်ခဲဖြစ်သွားတဲ့ရွှံ့ကို ရွှံ့ဖြစ်အောင် ပြန်လုပ်လို့မရပါဘူး။ အုပ်ခဲတောင့်နဲ့ အုပ်ခဲကျိုးဘဲ ဖြစ်သွားပါလိမ့်မယ်။ အခုလိုမျိုးရုပ်ရှင် တွေထဲမှာ လိင်တူချင်းချစ်တဲ့စိတ်ကို အ၀တ်အစားလဲသလို လွယ်လွယ်နဲ့ပြောင်းပြနေ တာဟာ တကယ့်ဘ၀မှာတည်ရှိနေတဲ့ လိင်တူချင်းချစ်သူတွေအပေါ် လူမှုအသိုင်းအ၀ိုင်းရဲ့ နားလည်မှု လွဲမှားစေနိုင်ပါတယ်။ လိင်တူချစ်သူတွေကို သဘာဝမကျတဲ့လူတွေအဖြစ် မြင်ပြီး ၀ိုင်းဝန်းပြောင်းလဲဖို့လိုတယ်ဆိုတဲ့ စိတ်ထားမျိုးတွေကို မွေးပေးရာရောက်နေ ပါတယ်။
နောက်တခါ ဇာတ်လမ်းတွေမှာ လိင်တူချစ်သူတွေအဖြစ်သရုပ်ဆောင်တဲ့ဇာတ်ဆောင် စရိုက်ကိုကြည့်ရင် လိင်တူချစ်သူအမျိုးသားပုံစံသရုပ်ဆောင်ရင် သနပ်ခါးနှုတ်ခမ်းနီဆိုး၊ တင်ပါးလေးကို လိမ်ကျစ်ကျစ်လုပ်ပြီး လမ်းလျှောက်၊ တခြားသူတွေပြောင်လှောင်စော်ကား တာကို ငြိမ်ခံပြီးနေတဲ့ ဇာတ်ကောင်ပုံတွေကိုသာ အမြဲသရုပ်ဆောင်တာတွေ့ရပါတယ်။ အမှန်တကယ်မှာ သနပ်ခါးမလိမ်းနုတ်ခမ်းနီမဆိုးတဲ့ လိင်တူချင်းချစ်တဲ့သူတွေ အများကြီး ပါ။ နတ်ပွဲ မက၊ ရှောက်သီးဆေးပြားမရောင်းဘဲ လိင်တူချင်းတပ်မက်ထားတဲ့သူတွေလဲ အများကြီးပါ။ အခုလိုမျိုး အများသတ်မှတ်ထားတဲ့ဇာတ်ကောင်စရိုက်တွေကိုဘဲ ဖန်တရာတေအောင် ရိုက်ကူးပြနေတာဟာ အရင်ထဲက အရိုးစွဲနေတဲ့ ပတ်ဝန်းကျင်ရဲ့ အစွဲအလမ်းသတ်မှတ်ချက်ကို ပိုမိုခိုင်မာအောင် ပုံသွင်းအင်္ဂတေကိုင်ပေးရာရောက်နေ ပါတယ်။ ဟောလီးဝုဒ်နဲ့ အာရှက လိင်တူချစ်သူတွေအကြောင်းရိုက်တဲ့ ရုပ်ရှင်တွေမှာ ကွာခြားတာကတော့ ဟောလီးဝုဒ်မှာရိုက်တဲ့ ဇာတ်လမ်းတွေမှာ လိင်တူချစ်သူတွေကို ပြောင်လှောင်အထင်သေးစရာဇာတ်ကောင်မျိုးအနေနဲ့ရိုက်ပြတာမဟုတ်တော့ဘဲ သူတို့ရဲ့အားမာန်တွေ စွမ်းဆောင်နိုင်မှုတွေကို ချယ်မှုန်းရိုက်ပြတာဘဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး မင်းသားရှောင်ပိန်း အော်စကာရသွားတဲ့ MILK ဇာတ်ကားမှာဆိုရင် လိင်တူချစ်သူ အမေရိကန်နိုင်ငံရေးသမားတယောက်ရဲ့ ကြိုးပမ်းရုန်းကန်မှုတွေနဲ့ သူ့ရဲ့အရည်အသွေးတွေကို မိတ်ကပ်လိမ်း နုတ်ခမ်းနီဆိုးတဲ့အခန်းတွေလုံးဝမပါဘဲ တင်ဆက်သွားတာ တွေ့နိုင်ပါတယ်။
လိင်တူချစ်သူတွေအပေါ် လူမှုအသိုင်းအ၀ိုင်းက အထင်မှားမှုတွေတိုးပွားလာအောင် ရိုက်ကူးထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံက အနုပညာရှင် ထုတ်လုပ်သူတွေထဲမှာ လိင်တူ ချစ်သူတွေလဲ ပါဝင်နေပါတယ်။ ဒါဆိုရင် ဘာကြောင့် အခုလို ဇာတ်လမ်းမျိုးတွေ ရိုက်နေ ရတာလဲလို့ မေးခွန်းထုတ်မိပါတယ်။ တချို့တော့ စီးပွားရေးအရ အမြတ်အစွန်းရလို့ အခုလို ဇာတ်လမ်းတွေရှာပြီးရိုက်နေရတာလို့ ပွင့်ပွင့်လင်းလင်းဝန်ခံပါတယ်။ ဖန်တရာတေနေတဲ့ ချစ်ကွဲညားကားတွေထက် မင်းသားတယောက်က မိန်းကလေးလိုဝတ်ပြီးသရုပ်ဆောင်တဲ့ ဇာတ်ကားမျိုးကို လူပိုစိတ်ဝင်စားတယ်။ တကယ့်ဘ၀မှာ ဘ၀အမောတွေနဲ့ပြည့်နေတဲ့ မြန်မာရုပ်ရှင်ကြည့်ပရိတ်သတ်ဟာ ယုတ္တ္တိရှိရှိမရှိရှိ ရီမောရမဲ့ဇာတ်လမ်းမျိုးကိုဘဲ နှစ်သက် တယ်ဆိုတဲ့ လက်တွေ့အခြေအနေကြောင့် အခုလိုမျိုးကားတွေ ထွက်ပေါ်နေတာပါလို့ ရုပ်ရှင်လောကသားတယောက်က သုံးသပ်ပြပါတယ်။ နောက်တချက်ကတော့ လိင်တူ ချစ်သူတွေအကြောင်းဇာတ်လမ်းတွေကို ရုပ်ရှင်ဆင်ဆာက ခွင့်ပြုပေမဲ့ ဇာတ်လမ်းအဆုံး မှာ ပုံမှန်ပြန်ရောက်သွားတဲ့ပုံစံမျိုးဖြစ်ရမယ်ဆိုတဲ့ ညွန်ကြားချက်ကြောင့် အခုလိုမျိုး ဖြစ်နေရတာပါလို့လဲ ရင်ဖွင့်ပြကြပါတယ်။
အထက်ရဲ့ပေါ်လစီတွေရဲ့ ထိမ်းချုပ်မှုတွေနဲ့ ငွေရရေးတခုထဲကိုဘဲ ကြည့်ပြီး ရိုက်ကူး ထုတ်လုပ်နေတဲ့ အနုပညာရှင်တွေရှိနေသမျှတော့ လိင်တူချစ်သူတွေအကြောင်းရိုက်တဲ့ ရုပ်ရှင်ကားတွေဟာ ဟာသသက်သက်၊ ရည်ရွယ်ချက်ကောင်းမပါတဲ့ ဇာတ်လမ်းတွေသာ ဖြစ်နေအုံးမှာပါ။ ဇာတ်လမ်းအစမှာ မိန်းမလိုဝတ်တဲ့ မင်းသားသရုပ်ဆောင်ဟာ ဇာတ်လမ်း ဆုံးကာနီးမှာ ယောက်ျားလိုပြန်ဝတ်ပြီး အမြင်မှန်ရသွားတဲ့ ဇာတ်ကွက်တွေကနေ ရုန်းထွက် နိုင်မှာမဟုတ်ပါဘူး။ လိင်တူချင်းချစ်သူတွေဆိုတာ ဆန့်ကျင်ဖက်လိင်ရဲ့အ၀တ်အစားကို ၀တ်ချင်တဲ့လူတွေသာဖြစ်တယ်ဆိုတဲ့ အမြင်ကျဉ်းမြောင်းတဲ့သတ်မှတ်ချက်တွေကိုသာ ရုပ်ရှင်ကတဆင့် ဖြန့်ဝေပေးနေအုံးမှာပါဘဲ။
အဲဒီအတွက် မြန်မာပြည်ကရိုက်တဲ့ လိင်တူချစ်သူအကြောင်း ရုပ်ရှင်ကားတွေကို ကြည့်မိတိုင်း ရင်ဘတ်ကို တခုခုလာမှန်သလိုဖြစ်ပြီး ခိုးလုခုလု ခံစားမိနေရပါကြောင်း........
မေယွန်းအိမ်
www.coloursrainbow.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.