ရေခဲတိုင်းပြည်က ကမ္ဘာ့ပထမဆုံး လိင်တူချစ်သူ ဝန်ကြီးချုပ်

ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်နိုင်ငံရဲ့ ပထမဆုံးလူမည်းသမ္မတအဖြစ် ဘားရက် အိုဘားမား ကျမ်းသစ္စာကြိမ်ဆိုခဲ့စဉ်က သမိုင်းဝင် အပြောင်းအလဲတစ်ခုအဖြစ် တကမ္ဘာလုံးမှ အထူးပဲ အာရုံစိုက်ခဲ့ကြပါတယ်။
သူနဲ့မရှေးမနှောင်း ယခုနှစ် ဇန်နဝါရီလအတွင်းမှာပဲ ဥရောပတိုက်က အိုက်စလန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ်ဖြစ် ဝန်ကြီးချုပ် တင်မြှောက်ခဲ့ပါတယ်။ ထူးခြားတာက သူမဟာ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတစ်ဦး ဖြစ်နေတာပါပဲ။ သူမ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတာ ခေတ်သစ်ကမ္ဘာ့ သမိုင်းမှာ လိင်တူချစ်သူတစ်ဦးကို နိုင်ငံ့ခေါင်းဆောင်အဖြစ် တင်မြှောက်နိုင်ခဲ့တဲ့ ပထမဆုံး ဖြစ်ရပ်ပါ။ လိင်တူချစ်သူများလောကအတွက်တော့ တကယ့်ကို သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ပေမယ့် အိုဘားမားအပေါ်ဓါတ်ကျနေတဲ့ မီဒီယာတွေကတော့ ဒီကိစ္စအပေါ် အရေးတယူ ရေးသားဖော်ပြခြင်း မရှိခဲ့ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများက မီဒီယာတွေမှာ ဒီကိစ္စကို သတင်းအဖြစ် ဖော်ပြခြင်း မရှိသလောက်နည်းခဲ့တာမို့ သမိုင်းဝင် လိင်တူချစ်သူ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာတဲ့ သူမအကြောင်းကို သိရှိသူနည်းပါးခဲ့ပါတယ်။
သူမအမည်က ဂျိုဟန်နာ ဆီဂွာရာဒေါတာ(Jóhanna Sigurðardóttir) ဖြစ်ပါတယ်။ သူမကို ၁၉၄၂ခုနှစ် အောက်တိုဘာလ ၄ရက်မှာ အိုက်စလန်နိုင်ငံ မြို့တော်ရော်ဂျာဗစ်မှာ မွေးဖွားခဲ့ပါတယ်။ အိုက်စလန် စီးပွားရေးကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့နောက် လေယာဉ်မယ်၊ ရုံးဝန်ထမ်း စသည်ဖြင့် အလုပ်အမျိုးမျိုးမှာ ကျင်လည်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

၁၉၇၈ခုနှစ် အသက် ၃၆နှစ်အရွယ်မှာ အိုက်စလန်လွှတ်တော်တွင် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၈၇ခုနှစ်ကနေ ၁၉၉၄ခုနှစ်အထိ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၄မှာမဲရှုံးနိမ့်လို့ ရာထူးစွန့်လွှတ်ခဲ့ရချိန်မှာ "ငါပြန်လာခဲ့မယ်"လို့ ကြွေးကြော်ခဲ့တာဟာ အိုက်စလန်ပြည်သူတွေကြားမှ အမှတ်ရစရာဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁ဝနှစ်နီးပါးအကြာ ၂ဝဝ၃မှာမှ လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရပြီး ၂ဝဝ၇ခုနှစ်မှာ ယခင် လူမှုရေးဝန်ကြီးရာထူးကို ပြန်လည်ရရှိခဲ့ပါတယ်။
၂ဝဝ၈ခုနှစ် နှောင်းပိုင်းမှာတော့ အမေရိကန်မှာ စတင်ခဲ့တဲ့ စီးပွားပျက်ကပ်ဟာ အိုက်စလန်ကိုပါ စတင်ရိုက်ခတ်လာပါတယ်။ ယခင် အေးချမ်းသာယာလှတဲ့ အိုက်စလန်မှာ ဘဏ်တွေပြိုလဲ၊ အလုပ်လက်မဲ့တွေ ပေါ်လာနဲ့ မကြုံစဖူး ဆူပူမှုအချို့ဖြစ်ပွားပြီး လက်ရှိအစိုးရကို နှုတ်ထွက်ပေးဖို့ ဖိအားပေးလာကြပါတယ်။ အစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီး ဝန်ကြီးချုပ်အသစ်ရွေးကောက်ရာမှာ ဂျိုဟန်နာက ၇၃ ရာခိုင်နှုန်းမဲရရှိပြီး ပြိုင်ဘက်မရှိ အနိုင်ရခဲ့ပါတယ်။ သူမဘဝမှာ အနိမ့်အမြင့်အတက်အကျ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီးမှ ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ခဲ့တာပါ။
အခုသူမဝန်ကြီးချုပ်ရာထူးရပြီးတဲ့နောက်လည်း စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရဆဲပါ။ နိုင်ငံအတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ နိုင်ငံကို စီးပွားပျက်ကပ်ထဲက ဆွဲတင်နိုင်ဖို့ကြိုးပမ်းရတာ ဥရောပနိုင်ငံကြီးတွေနဲ့ လက်တွဲနိုင်ဖို့ ဥရောပသမဂ္ဂထဲ ဝင်ခွင့်ရအောင် ကြိုးပမ်းနေရတာ စတဲ့အခက်အခဲတွေ ရှိနေဆဲပါ။

သူမဟာ ၁၉၇ဝခုနှစ်မှာ ပိုဘယ်လ်ဒိုဆိုသူအမျိုးသားနဲ့ လက်ထပ်ပြီး သားနှစ်ဦးထွန်းကားခဲ့ပေမယ့် ပြန်လည်ကွာရှင်းခဲ့ပါတယ်။ အဲဒီနောက် ဂျိုနီနာ လီယိုဒေါတီယာ ဆိုသူ သူမထက် ၁၂နှစ်ငယ်တဲ့ အမျိုးသမီးလေးနဲ့ ချစ်ကြိုက်ခဲ့ပြီး ပါတနာများအဖြစ် အတူနေထိုင်ခဲ့ကြပါတယ်။ ၂ဝဝ၂ခုနှစ်မှာ သူတို့နှစ်ဦး တရားဝင် လက်ထပ်ထိမ်းမြှားခဲ့ကြပါတယ်။
အိုက်စလန်ပြည်သူတွေဟာ သူမ လိင်တူချစ်သူတစ်ဦးဖြစ်မှန်း သိလျှက်နဲ့ ဝန်ကြီးချုပ်အဖြစ် လိုလိုလားလား ရွေးကောက်တင်မြှောက် ခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ ပုဂ္ဂိုလ်ရေးဘဝထက် နိုင်ငံကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိဖို့ ပိုအရေးကြီးတယ်လို့ အိုက်စလန်ပြည်သူများကဆိုကြပါတယ်။
မြန်မာလို "ရေခဲပြည်"လို့ အဓိပ္ပာယ်ရတဲ့ အိုက်စလန်ကျွန်းနိုင်ငံလေး အကြောင်းကို မသိသေးသူများအတွက် ရေးသားဖော်ပြချင်ပါတယ်။ လူဦးရေ သုံးသိန်းကျော်လောက်သာရှိတဲ့ အိုက်စလန်ကျွန်းဟာ ဥရောပတိုက်ရဲ့ အနောက်ဖက်နဲ့ မြောက်ဘက်အကျဆုံးအပိုင်းမှာ တည်ရှိပြီး အိုက်စလန်ကို နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ ဒိန်းမတ်နိုင်ငံတွေနဲ့ အတူတူ စကင်ဒီနေးဗီးရား နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ကြပါတယ်။
ဒီ စကင်ဒီနေဗီးရားနိုင်ငံတွေဟာ မြောက်ဝင်ရိုးစွန်းနဲ့ နီးကပ်စွာတည်ရှိပြီး အလွန်အေးတဲ့ နိုင်ငံတွေဖြစ်တာမို့ နိုင်ငံဧရိယာကျယ်ကျယ်၊ သယံဇာတပေါများသလောက် လူဦးရေနည်းပါးတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် အေးချမ်းသာယာပြီး လူနေမှုအဆင့်အတန်းကလည်းမြင့်၊ အုပ်ချုပ်တဲ့ အစိုးရတွေကလည်း ခြစားမှုနည်းပါးတာမို့ ကမ္ဘာမှာ နေထိုင်ဖို့ အကောင်းဆုံးနိုင်ငံတွေ စာရင်းပြုစုလိုက်ရင် အိုက်စလန်ဟာ ထိပ်ဆုံး၁ဝနိုင်ငံမှာ အမြဲလိုလို ပါလေ့ရှိပါတယ်။
နေရောင်လင်းခန့်
Ref : Iceland Picks the World's First Openly Gay PM
http://www.time.com/time/world/article/0,8599,1875032,00.html
:Wikipedia
| Comments |
|
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.