မေမျိုး
ဇန်န၀ါရီလ ၉ရက်၊ ၂၀၁၀ခုနှစ်
်
ပင်လယ်ရနံ့တွေနဲ့ လွှမ်းခြုံနေတဲ့ ရနောင်းဌာနေမှာ သမီးတော်အလှပဂေးတွေက ၂၀၁၀ ခုနှစ် ရနောင်းလှဧကရီရွေးပွဲကျင်းပမယ်ဆိုတဲ့ သတင်းရကတည်းက မေမျိုးတယောက် သွားချင်လွန်းလို့ ပြာယာခပ်နေမိပါတယ်။ ရနောင်းကိုမရောက်တာလဲကြာ .. သာမီးတော်တွေကိုလဲ သတိရ၊ နောက်ပြီး ဒီလိုပွဲမျိုးဆိုရင် ရှေ့ဆုံးက နန့်ချင်ဆိုတော့ မဖြစ်ဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီကြားထဲ ရနောင်းမြို့ကိုအပိုင်စားထားတဲ့ နန်းထိုက်ဒေ၀ီ သာမီးတော်ကလဲ မေမျိုးမလာရင် ရွှေစိတ်တော်ကောက်မယ်ဆိုတော့ သွားချင်တဲ့စိတ်ကို မီးအဟုန်နဲ့ တွန်းအားပေးလိုက်သလိုပါဘဲ။
အတူသွားမဲ့သာမီးတော်ကို တိုင်ပင်ကြည့်တော့ သွားမလိုလို မသွားမလိုလိုနဲ့ နောက်ဆုံးသွားမယ်သေချာလို့ ကားလက်မှတ်တွေ စီစဉ်တော့ ကားလက်မှတ်တွေက ပြည့်နေပြန်ရော... အချိန်ကနှစ်သစ်ကူးရက်မဟုတ်လား.... ထိုင်းတနိုင်ငံလုံး လျှမ်းကြတဲ့အချိန်လေ... နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ကားငှားပြီးတော့ကို သွားချလိုက်ရတော့တယ်။ မဲဆောက်ကနေ ဂျီမတွေ အလှပြိုင်ကြမဲ့ ရနောင်းဌာနီကို ဘတ်စ်စကားနဲ့တနည်း ဗင်ကားဌားလို့တသွယ် ချီတက်ခဲ့ကြပါတယ်… ဘန်ကောက်ကနေ ရနောင်းကိုလိုက်ပို့တဲ့ ဒရိုင်ဘာက ဖုန်းထဲကပြောတော့ အသံလေးကချိုနေတဲ့အတွက် လင်နေမကောင်းလို့ မလိုက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ မေမျိုးဟာ ကြိုရင်ခုန်နေပါတယ်… ဒါပေမဲ့ လူချင်းလဲတွေ့ရော အသက် ၅၀ ကျော် အဖူကြီးဖြစ်နေတဲ့အတွက် နယူးရီးယားအကြို ကံမကောင်းပါလားလို့ စိတ်မကောင်းဖြစ်…. အတူပါလာတဲ့ သမီးတယောက်နဲ့သူလင်ကလဲ ကားပေါ်မှာ ချစ်ရည်လူးပြီး ပျားရည်တွေဆမ်းလိုက်တာကို အာတာပူစီတွေဖြစ်ခဲ့ရတဲ့ လမ်းခရီးဖြစ်ပါတယ်ရှင်…
ရနောင်းလဲရောက်ရော ရနောင်းမြို့ကို အစိုးရသော ရနောင်းဒေ၀ီ နန်းထိုက်ဒေ၀ီက ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်….
ရောက်စနေ့ကနေ ရနောင်းရဲ့ ရေပူစမ်းနဲ့ အနီးအနားကို လှည့်ကြည့်… ညရောက်တော့ လှေသမား၊ ငါးဖမ်းသမားတွေ ကျက်စားရာနေရာမှာ ငါးနံ့ ပင်လယ်နံ့လေးတွေကို ရှုရိုက်။ ပင်လယ်ကမ်းစပ်တ၀ိုက် လှေအပျော်စီး၊ လတ်ဆပ်တဲ့ပင်လယ်စာတွေကို စားသုံးပြီး ရနောင်းမြို့နဲ့ စတင်မိတ်ဆက်လိုက်ပါတယ်… ထမင်းစားပြီး ရနောင်းကိုလှေစီးပြန်တော့ လှေလူးတာကနဲနဲ အကဲပိုပြီးလန့်ချင်ယောင်ဆောင်ပြီး ဂျီသံပေးတဲ့ ဂျီမတစုရဲ့အသံက ကျယ်ကျယ်ဆိုတော့ လှေအသီးသီးက ကိုကိုကာလသားတွေရဲ့ အာရုံစိုက်တာ ခံခဲ့ရတော့ မေမျိုး ကျေနပ်တယ်ဟေ့ ကျေနပ်တယ်လို့ ကျူးရင့်မိပါတယ်…
ညရောက်တော့ လှေမထွက်ရလို့ ကမ်းမှာကပ်ထားတဲ့ လှေသမားတွေ၊ စက်ရုံတွေပိတ်ထားလို့ အားနေတဲ့ အလုပ်သမားတွေ အုန်းအုန်းကြွနေတဲ့ ဗီဒီယိုလက်ဖက်ရည်ဆိုင်တန်းမှာ မေမျိုးဦးဆောင်တဲ့ ဂျီမတ၀ိုက် သွားရောက်ကျင်လည်သူငယ်ထောင်ကြတာပေါ့… နေလောင်ထားတဲ့အသားမျိုးနဲ့ ဘော်ဒီတောင့်တောင့်ကိုကို လှေသမားတွေကြည့်မလား.. ထားဝယ်အသားဖြူဖြူ ကောင်ငယ်လေးတွေကို ရှာမလား…. ပန့်ကေ… အီမိုကေနဲ့ မော်ဒယ်ကောင်ပုံစံလေးတွေ လိုချင်သလား…. ဂျီမအကြိုက် မွန်းလိုက် ကုလားအမွှေးထူထူတွေကို ရင်ခုန်မလား…. အရွယ်စုံ ဆိုက်စုံ အကြိုက်စုံ ခုနှစ်ရက်သားသမီး ဂျီမများစားသုံးနိုင်သော သူငယ်ကုန်တိုက်ထဲရောက်ရှိနေသလား ထင်မိပါတယ်…လက်ဖက်ရည်ဆိုင်မှာထိုင်၊ သူငယ်တွေကို ငမ်း၊ လက်ဖက်သုတ်ကို စား၊ သီချင်းတွေကို တပုဒ်ပြီးတပုဒ် ဆိုပြီး လာမိတ်ဆက်တဲ့သူငယ်တွေပေါ်လာပါရဲ့….
နောက်တနေ့ နေ့လည်ကစပြီး ရနောင်းနဲ့ သော့ကောင်းမြို့တို့မှ ဂုဏ်သရေရှိ ဂျီမအပေါင်းတို့ ၀တ်စုံများ၊ အလှပြင်ပစည်းများကို အသီးသီးသယ်ဆောင်ပြီး ၂၀၁၀ ခုနှစ် ရနောင်းအလှမယ်ပြိုင်ပွဲဝင်ဖို့ စုဝေးရောက်ရှိလာပါတော့တယ်…. ရနောင်းမြို့ပွဲကျင်းပရာအနီးတ၀ိုက်မှာတော့ နယ်ပယ်အသီးသီးက ရောက်ရှိလာသော ဂျီမအပေါင်းတို့ဟာ မိတ်ကပ်ခြောက်တွေနဲ့ ပူးပေါင်းပြီး မိတ်ကပ်ရေစီးကြောင်း စီးဆင်းလာသကဲ့သို့ တကိုယ်လုံးကို လိမ်းချယ်နေကြပါတယ်…. မေမျိုးရဲ့သမီးတော် မိမိယူဆိုတဲ့ အဆိုတော်ဂျီမတယောက်ကလဲ သူ့ရဲ့ ကျိန်စာမိနေတဲ့ စုန်းမ၀တ်စုံကြီး တကားကားဝတ်ပြီး သူ့ကို မိတ်ကပ်ချယ်ပေးမဲ့သူကို လိုက်ရှာနေရတဲ့ အဖြစ်ကလဲ သနားစရာပါ….. သူသွားလေရာနောက်မှာ ခွေးတစီစီနဲ့ဆိုတော့ မျက်စိထဲမှာသာ မြင်ယောင်ကြည့်လိုက်ပါတော့လေ… Harry Potter ကားထဲက စုန်းမကြီးလို လေထဲမပျံနိုင်ဘဲ အမဲဝတ်စုံတလွှားလွှားနဲ့ ဆိုင်ကယ်ကြီး ခွစီးနေတာ ရနောင်းမြို့မှာ အမှတ်တရတခုပေါ့အေ…

ပွဲရဲ့ပထမညမှာ စစချင်းကတော့ ရနောင်းမြို့ခံတွေရဲ့ ကားယားအိုကေ ဆော်ကြမယ် အော်ကြမယ်အစီအစဉ်ပေါ့…. ပရိသတ်ကတော့ မေမျိုးရဲ့သာမီး အလှပဂေးတွေရဲ့ အစီအစဉ်ကို အော်ပြီးတော့ကို တောင်းခံနေရတာ… ထိပ်ဆုံးမှာ ကလေးတသိုက်… မျက်စိမှုန်မှုန် အဖွားကြီးတစု…. ပြိုင်ပွဲဝင်ဂေးမတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် နှင်းဆီပန်းတွေဝယ်ထားပေးပြီး ပန်းတက်ပေးခိုင်းထားတဲ့ သူငယ်တွေက အဖွဲ့ အသီးသီးနေရာယူထားကြပါတယ်… Miss Ranong 2010 ကို စတင်လိုက်တာနဲ့ ထိပ်ဆုံးကတက်လာတာ ဘယ်သူမှတ်သလဲ… ၀တ်စုံအမဲကြီးနဲ့ ရင်ပတ်ကအမွှေးတွေကို ဖုန်းပြီးထွက်လာတဲ့ ပွဲတိုင်းကျော် မိမိယူရီပေါ့အေ…. သူက မိန်းမပုံအပြည့်နဲ့ ယောက်ျားသံ အင်္ဂလိပ်သီချင်းတွေဆိုပြီး ပွဲထိမ်းသွားတာဆိုတာလေ.. ဒီလို ဒီလို… သီချင်းလဲဆိုပြီးရော ပရိသတ်တွေက လက်ခုတ်တီး အားပေးလိုက်ကြတာဆိုတာလေ ၀က်ဝက်ကွဲ… ဒီလို ဒီလို..
စစချင်းညမှာတော့ အလှမယ်တွေ မြန်မာဝတ်စုံရယ် evening gown ရယ်နဲ့ တလှည့်စီပြိုင်ပါတယ်… အမလေး အ၀တ်အစားတွေဆိုတာလေ လျှမ်းလျှမ်းတောက်… မြန်မာဝတ်စုံတွေနဲ့ လှတာတွေ ကြည့်ရတာနဲ့… အနောက်တိုင်းဝတ်စုံလေးနဲ့ လန်းနေတာကို ငေးရနဲ့ မေမျိုးမှာတော့ သမီးချောတွေကိုကြည့်ပြီး ကြည်နူး ခဲ့ရတဲ့ညပါဘဲရှင်… ရောင်စုံတွေချယ်သထားတဲ့ သူယောင်မယ်လေးတွေအလား ၀တ်စုံလေးတွေကလဲ လှမှလှ၊ ဒီဇိုင်းတွေကလဲ ဆန်းမှဆန်းပါဘဲ.... စီနီယာ ဂျီမမတချို့ကတော့ မယ်ပြိုင်ပွဲမ၀င်ဘဲ နောင်လာမဲ့အနာဂတ်မှာ ထွန်းပေါက်မဲ့ ဂေးမျိုးဆက်သစ်များကို ကူညီပံ့ပိုးပေးနေတာကိုလဲ လေးစားစရာ သတိထားလိုက်မိပါတယ်... သက်တန့်ရောင်စဉ်အဖွဲ့လေး စစချင်းတုံးက မီးမှုန်မှုန်ဇာတ်စင်လေးမှာ အလှဖန်တီးရှင်များရဲ့ အလှပြိုင်ပွဲလုပ်တုံးက စင်ပေါ်မှာ နေရာယူခဲ့တဲ့ စီနီယာမမတွေဟာ အခုတော့ နောက်လူငယ်တွေကို လမ်းဖယ်ပေးလာခဲ့ပါတယ်.... ကလေးတွေက ကံကောင်းပါတယ်... အရင်တုံးက သက်တန့်ရောင်စဉ် အဖွဲ့လုပ်ခဲ့တုံးက အခုလို ခမ်းခမ်းနားနား လုပ်ခဲ့နိုင်တာ မဟုတ်ဘူးလေ... ဆုငွေတွေဆိုလဲ များများပေးနိုင်တာ မဟုတ်ဘူး... အခုတော့ ကြီးကြီးကျယ်ကျယ်နဲ့ လူတိုင်း အာရုံစိုက်လာလောက်အောင် လုပ်နိုင်တယ်ဆိုတာ အဖွဲ့ရဲ့အောင်မြင်မှုလို့ ပြောနိုင်တာပေါ့... အခုလိုပွဲတွေ လူတွေရဲ့ အသိအမှတ်ပြုခံရလောက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မာမီညီမောင်တို့၊ မျိုးတို့ ထွေးတို့ကို ဂုဏ်ပြုမိပါတယ်ရှင်...
ပထမရက်ပွဲလဲပြီးရော.. ဖောက်သည်ရှာနေကျဆိုင်လေးကို ပြန်ဝင်… စားနေကျ လက်ဖက်သုတ်တွေစား .. သောက်နေကျ ဘီယာလေးကို မြုန့်ပြီး .. ချင်းမိုင်မှာ လုံခြုံရေးကြောင့် အော်ချင်သလိုမအော်ရတဲ့ မြန်မာကာရာအိုကေတွေကို တဆိုင်လုံးက ငေးကြည့်ရအောင် တပုဒ်ပြီးတပုဒ်ဆိုပြီး မေမျိုးတို့ သားအမိတွေရဲ့ အနုပညာကို ထုတ်ပြလိုက်တဲ့ အခါမှာတော့ ချစ်သမီး မိယူရီရဲ့ လင်တော်မောင်တောင် မနေနိုင်ဘဲ ထိုင်းသီချင်းတပိုဒ်ကို ၀င်ဆိုလိုက်တဲ့အခါမှာ ပိုပြီး စိုပြေလာပါတယ်။ ကျုပ်တို့ သားအမိတွေ ဘီယာတွေလာတိုက်၊ မိတ်တွေလာလိုက် လုပ်ကြတာပေါ့အေ…. ဖြစ်ပုံက မိန်းမပုံ အပြည့်ဝတ်ထားတဲ့မိယူက ယောကျာ်းသံအပြည့်နဲ့ဆို၊ ယောကျာ်းပုံဆင်ထားတဲ့ မေမျိုးက မိန်းမသံနဲ့ဆို ဆိုတော့ အရမ်းအရမ်းကို ဖလမ်းဖလမ်းထသွားလို့ပေါ့….. ပွဲပြီးလို့ ပြိုင်ပွဲဝင်ဝတ်စုံတွေကို မချွတ်ဘဲ ပေတရာပေါ်မှာ လမ်းရှောက်ပြီး အလှပြနေတဲ့ ပြိုင်ပွဲဝင် သမီးတွေရောက်လာတော့ ပိုစည်ကားသွားတာပေါ့အေ... ဂျီမတွေများ ပွဲပြီးတာတောင် အ၀တ်အစားမလဲဘဲ လမ်းပေါ်မှာ လျောက်နေသေးတယ်.... သူတို့အပြောကတော့ အ၀တ်အစားဝတ်ရတာတန်အောင် အလှပြရတာတဲ့.. ဟုတ်တော့လဲဟုတ်သား... ဒီလိုအလှသွေးတွေကြွဖို့အတွက် ညနေ၃ နာရီလောက်ကထဲက အလှပြင်ထားရတာမဟုတ်လား... ကာလသားတွေက ကဲကဲ သူတို့က သဲသဲဆိုတော့ ပွဲဈေးတန်းတခုလုံး လှုပ်လှုပ်ရွရွ... ကာလသားတွေက စကြပြောင်ကြတာကတော့ ဂျီမတွေက ဂရုမစိုက်... “ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတဲ့ မဟာမျိုးအခြောက်တွေ” မဟုတ်လား....
နောက်တနေ့မှာတော့ အလှမယ်ရွေးပွဲကို evening gown ရောင်စုံတွေနဲ့ စတင်ပါတယ်… ထုံးစံအတိုင်း မမယူက အစိမ်းရောင်ဝတ်စုံလေးနဲ့ စတင်သီချင်းဆိုပါတယ်.. ဒီနေ့ အစီအစဉ် ကြေညာသူလေးကတော့ စင်ပေါ်မတက်ရင် မနေနိုင်တာကလွဲလို့ဖြစ်သွားပြီး အေအိုင်ဒီအက်စ်ရောဂါထက် ကြောက်စရာကောင်းတဲ့ ပွဲပိုးဝင်သွားပြီဖြစ်သူ နန်းထိုက်ဒေ၀ီပါဘဲ ရှင်… အလှမယ်ရွေးပြိုင်ပွဲမှာ အစီအစဉ်ကြေညာရင်း သူသာအလှဆုံးဖြစ်ကြောင်း ထပ်ကာထပ်ကာ ကြော်ညာဝင်နေတဲ့အတွက် အနောက်က အလှမယ်တွေရဲ့ ငြူစူစောင်းမောင်း အော်ဟစ်ဆဲဆိမှု အခံရဆုံးသူလေး ပါဘဲ… ထူးထူးခြားခြား သူနဲ့အတူ တင်ဆက်သွားတဲ့သူက ပထမနေ့မှာ မိန်းမပုံ၊ ဒုတိယနေ့မှာတော့ ယောက်ျားပုံ ပြောင်းသွားတဲ့သူပါဘဲ... မိန်းမပုံနဲ့လဲ လှသလို ယောက်ျားပုံနဲ့လဲ ခန့်တဲ့သူက ‘ကံထူးလို့ ဂန်ဒူးဖြစ်ရတဲ့အတွက် ကျမတို့ကို နောက်ဆို ဂန်ဒူးလို့မခေါ်ပါနဲ့... ကံထူးရှင်လို့ ခေါ်ကြပါ’ ဆိုပြီး ပရိသတ်ကို ပြောနေတာကြောင့် ပရိသတ်မှာ ၀ိုင်းရီနေကြသေးတယ်ရှင့်..
ဒီနေ့ညအစပိုင်းမှာ ဖိုင်နယ် (၁၀) ဦးကို ပထမရွေးမယ်… သူတို့ကတခါ နောက်ဝတ်စုံတခုစီနဲ့ ထပ်ပြိုင်မယ်… နောက်တခါ ဆီမီးဖိုင်နယ် (၅) ယောက်ကို ရွေးပြီးမှ ပထမ၊ ဒုတိယ၊ တတိယကို ရွေးမယ်ဆိုတော့ ရင်ခုန်စရာပေါ့… ပါဝင်မဲ့ဂေးမတွေခမျာမှာလဲ အချောဆုံးအလှဆုံးဖြစ်အောင် ပြင်ဆင်၊ သက်ဆိုင်ရာ ဘုရားတွေ နတ်တွေကို ဇာတ်စင်နောက်မှာ တတွတ်တွတ်နဲ့ ပူဇော်ပသနဲ့ မျိုးကို စုံနေတာပါဘဲ။ ဇာတ်စင်ရှေ့ ဇာတ်စင်နောက်ရောက်နေရတဲ့ မေမျိုးမှာတော့ သူတို့ကိုယ်စား မောတောင်မောမိတယ်… အော်… ထူးခြားတာလေးပြောရအုံးမယ်… တချို့အလှမယ်တွေရဲ့လင်တွေတောင် သူတို့မိန်းမတွေကို ဆုရစေချင်လွန်းလို့ ကိုယ်တိုင် မိတ်ကပ်ချယ်ပေးရတာနဲ့ အ၀တ်အစားဝတ်ပေးရတာနဲ့တော့… မေမျိုးသာမီးတွေက လင်ကို ထိမ်းတဲ့နေရာမှာ အမေခြေရာတူ လိုက်နိုင်လွန်းလို့ ကျေနပ်လိုက်တာအေ…
ထူးထူးခြားခြားအကျေနပ်ဆုံးတခုကို ပြောပြချင်တယ်တော်.... သမီးတော် ဂျီမတွေက မိတ်ကပ်တွေပြင်ပြီး စင်ပေးတက်လမ်းလျှောက်အလှပြနေချိန်မှာ အောက်က ပရိသတ်တွေကို လုံခြုံရေးယူပေးနေတာ ဘယ်သူတွေမှတ်တုံး.... မိန်းမလုံးဂျီမတွေအတွက် လုံခြုံရေးယူပေးနေတာ ယောက်ျားပြား တွေလေ... သက်တန့်ရောင်စဉ်အဖွဲ့မှာ နောက်ပိုင်း တက်တက်ကြွကြွပါဝင်လာကြတဲ့ လက်စ်ဘီယံမတွေက အခုလိုပွဲမျိုးမှာ ဂျီမတွေအောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ ဆောင်းရာသီမှာ ချွေးတလုံးလုံးနဲ့ ၀ိုင်းကူညီနေတာတွေ့ရတော့ ၀မ်းသာပီတိဖြစ်မိပါတယ်....
အို ဂေးမပီပီ တော့ပစ်ချော်သွားပြန်ပြီ…. ကဲကဲ အလှမယ်ရွေးပွဲကို ပြန်သွားရအောင်… အို ဆယ်ယောက်ကို ဇယာတင်တောင် ရွေးသွားပြီးပြီဘဲ… တကယ်အချောတွေပါအေ… ဒိုင်တွေဆိုရင် ရွေးရခက်လွန်းလို့ အဘဒစ်တွေ တဒါဇင်လောက်ရှုလိုက်ရတယ်တဲ့.. ပေးတဲ့ဆုတွေကလဲ အများသား.. ပေါ်ပြုလာအဖြစ်ဆုံးဆု၊ မြန်မာ့ဝတ်စုံအလှဆုံးဆု၊ အနောက်တိုင်း ၀တ်စုံအလှဆုံးဆု၊ အလှဆုံး အပြုံးပိုင်ရှင်၊ ဓာတ်ပုံအစားဆုံးဆု၊ ခန္ဓာကိုယ် အပြေပြစ်ဆုံးဆု၊ မိတ်ကပ်အကောင်းဆုံးဆု၊ မေးခွန်းဖြေဆိုရာမှာ သွက်လက်ဖြတ်လတ်စွာ ဖြေဆိုနိုင်မှု…စသည်ဖြင့် စသည်ဖြင့်… ဒီဆုတွေထဲမှာ မေမျိုးနဲ့ မိယူနဲ့ အထူးရှယ်ပေးလိုက်တဲ့ဆုတော့ ဖိနပ်အလှဆုံးဆု တဆုဖြစ်ပါတယ်… ဒီလိုပြိုင်ပွဲမျိုးကို ရေချိုးခန်းစီး ကော်ဖိနပ်နဲ့တက်လာပြိုင်တဲ့ ကျုပ်တို့အချစ်တော် ၀တုတ်မက ဒီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားပါတယ်ရှန်…

ဆယ်ယောက်အပြီး ဆီမီးဖိုင်နယ် (၅) ယောက်ကို ရွေးလိုက်တဲ့အချိန်မှာ ပရိသတ်တွေရော ပြိုင်ပွဲဝင်တွေရော ၀က်ဝက်ကွဲ အားပေးမှုရနေပါပြီ…. ဒီ (၅) ယောက်ကို မေးခွန်းတွေ တခါထပ်မေးပါတယ်… မှတ်မှတ်ရရ မေးခွန်းတခုနဲ့ အဖြေတခုကတော့ “လိင်တူချစ်သူတွေကို ပတ်ဝန်းကျင်က အထင်သေးမှုအပေါ် ဘယ်လို တုန့်ပြန်ချင်ပါသလဲ” ဆိုတဲ့ မေးခွန်းကို တယောက်က “လိင်တူချစ်သူတွေဟာလဲ လူသားတွေပါ။ အခြားသူတွေကလဲ လူသားတွေပါ။ လူတယောက်ရဲ့အစွမ်းအစကို သူ့ရဲ့ လိင်တူချစ်တာတခုထဲနဲ့ ဆုံးဖြတ်လို့မရပါဘူး။ လိင်ကွဲချစ်တဲ့ သူတွေထဲမှာလဲ အထင်ကြီးစရာ လူတွေရှိသလို အထင်သေးစရာ လူတွေနဲ့ ရှိနေပါတယ်၊ လိင်တူချစ်သူတွေမှာ အားလုံးက အထင်ကြီး လေးစားရတဲ့ သူတွေရှိလာပါပြီ။ အားလုံးကို အသိအမှတ်ပြု လေးစားမှုတွေကိုသာ လူသားတွေက ၀ိုင်းပေးရင် လိင်တူချစ်သူတွေအပေါ် ထားရှိတဲ့ မှားယွင်းတဲ့ အထင်သေးမှုတွေ ပျောက်လာမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ လိင်တူချစ်သူတွေဟာ သိပ်ညံ့တဲ့ လူတွေမဟုတ်လို့ပါ” ဖြေဆိုသွားပါတယ်။
နောက်ဆုံး ဇကာတင် ပထမ၊ ဒုတိယ၊ တတိယတို့ကို ကြေညာချိန်မှာတော့ ၂၀၀၉ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၀ ထဲကို ၀င်ရောက်လာပါပြီ… ပါဝင်တဲ့သူတွေအားလုံးကို နယူးရီးယားကို အာရုံမစိုက်နိုင် နောက်ဆုံး အလှမယ်ဘယ်သူရမလဲ ဆိုတာကို ရင်ထိတ်ထိတ်နဲ့ စောင့်မျှော်နေပါပြီ.. နောက်ဆုံးအလှမယ်ဘွဲ့ကို ရရှိသွားသူကတော့ ရင်ခွင်ဦးဆိုတဲ့ သမီးချောလေး ဖြစ်ပါတယ်။ ဒုတိယဆုကိုတော့ ခရစ်စတီးနားနဲ့ တတိယဆုကို ချစ်စုဝေဆိုတဲ့ ပေါက်ချောင်း ပျိုဖြူအလှမယ်လေးက ရရှိသွားပါတယ်…. တကယ့်အချောတွေ ထိုက်ထိုက်တန်တန် ရရှိသွားတာလို့ ပရိသတ်က ကျေကျေနပ်နပ် ပြောသံတွေ ကြားတော့ မေမျိုးရင်မှာ ပီတိဖြစ်၊ ပွဲအစအဆုံး အောင်အောင်မြင်မြင်ဖြစ်အောင် စီစဉ်သွားတဲ့ မာမီညီမောင်နဲ့အဖွဲ့၊ အစွမ်းအစတွေကို စိုက်ထုတ်ပြီး ပါဝင်သွားတဲ့ အလှမယ် သမီးချောတွေ အားလုံးအတွက်လဲ ဂုဏ်ယူမိပါတယ်…
အလှမယ်ပွဲပြီးလို့ ပွဲဆက်များနေတဲ့ မေမျိုးတို့ နားမယ်လို့ ထင်ရင်မှားသွားပါမယ်…. သမီးတချို့ သူငယ်တအုပ်နဲ့ နယူးရီးယားညကို back time ပြန်ဆွဲရင်း sea food party ကို ဟော်တယ်မှာ ပြန်ကျင်းပတယ်လေ… မနက်၂ နာရီထိုးတဲ့အချိန်ကျမှ ကျင်းပတဲ့ပါတီလေးဟာ ပျော်ရွှင်စရာလေးတွေဘဲ…. နောက်နှစ်ရက်မှာ ကျင်းပမဲ့ ရနောင်းမော်ဒယ်ဘွိုင်းပြိုင်ပွဲက မော်ဒယ်ဘွိုင်းအဆင်လေးတွေလဲ ပါလာတော့ ဒီပွဲမျိုးကို မေမျိုးတို့က တနှစ်လုံးကျင်းပလိုက်ချင်ရဲ့လို့ဘဲ အော်လိုက်ချင်တယ်… မော်ဒယ်ဘွိုင်းလေးတွေကို ဟိုလိုလျှောက် ဒီလိုရပ်ပြောရင်း သားအမိနှစ်ယောက် သင်ပေးလိုက်တာ မော်ဒယ်လေးတွေကတောင် ‘တော်ပါတော့အမေရယ်’ ပြောပြီးတောင်းပန်ရတဲ့အထိ… ဟီ.. ဟီ…
နောက်နေ့ပြန်ရမယ်ဆိုတော့ ပြန်တောင်မပြန်ချင်သေးဘူးလေ.. ဒါပေမဲ့ တာဝန်တွေအလုပ်တွေကြောင့် ပြန်လာခဲ့ရပေမဲ့ ပျော်ရွှင်ခဲ့ရတဲ့ ရနောင်းမယ်ရွေးပွဲအစီအစဉ်လေးကို ပြန်တသသ သတိရနေမိတုံးပါဘဲရှင်......
| Comments |
|
|
||||||||
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.