You are here: Home သတင်းဆောင်းပါး Feature ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြား လိင်တူချစ်သူများ(၄) (ဆာ အီရန်မက္ကလန်)

ကမ္ဘာတစ်လွှား အောင်မြင်ကျော်ကြား လိင်တူချစ်သူများ(၄) (ဆာ အီရန်မက္ကလန်)

E-mail Print PDF

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ မင်းသားကြီး ဆာ အီရန်မက္ကလန်

Sir Ian Mckellen

သူ့အကြောင်း သင်ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကား တစ်ကားကားကိုတော့ သင်ကြည့်ဖူးပြီး ဖြစ်ပါလိမ့်မယ်။ အကယ်ဒမီ ၁၁ဆုရခဲ့တဲ့ Lord of the Ring ဇာတ်ကားတွဲတွေထဲမှာ သူ့ကို မုတ်ဆိတ်ဖြူနဲ့ မှော်ဆရာ ကြီး Gandalf အဖြစ်တွေ့ရမှာဖြစ်သလို၊ X-men ဇာတ်လမ်းတွေထဲမှာတော့ သူက သံလိုက်ဓါတ်စွမ်းအားပိုင်ရှင် လူစွမ်းကောင်း Magneto ဖြစ်သွားပြန်ရော။ ဒါ့အပြင် Davinci Code နဲ့ Stardust တို့လို နာမည်ကျော်ဇာတ်ကားတွေမှာလည်း သူက ဇာတ်ပို့ အဖြစ် ပါဝင်ထားပါသေးတယ်။

အင်္ဂလန်နိုင်ငံမှာ နာမည်အကျော်ကြားဆုံး ဝါရင့်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သလို ကမ္ဘာသိ လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ သူ့အမည်ကတော့ ဆာဘွဲ့ရ အီရန် မက္ကလန် (Ian Mckellen) ပဲဖြစ်ပါတယ်။ လက်ရှိအသက် ၇၁နှစ်ရှိပြီဖြစ်တဲ့ အီရန်မက္ကလန်ဟာ နာမည်ကျော်ပြဇာတ်နဲ့ ရုပ်ရှင်သရုပ်ဆောင် အဖြစ်နဲ့ရော ပွင့်ပွင့် လင်းလင်း လိင်တူချစ်သူတစ်ဦးအနေနဲ့ပါ လောကဓံရဲ့အနိမ့်အမြင့် အတက်အကျ အမျိုးမျိုးကိုဖြတ်သန်းခဲ့ရသူပါ။ သူဟာ ခေတ်ကာလအခြေအနေအမျိုးမျိုးမှာ နေထိုင် ကြီးပြင်းခဲ့ဘူးသလို ချစ်သူအမျိုးမျိုးနဲ့လည်း ကြုံတွေ့ချစ်ကြိုက်ခဲ့ဘူးပါတယ်။ ဖိနှိပ်မှုတွေ အမျိုးမျိုးကြားမှာ လိင်တူချစ်သူတစ်ဦးအဖြစ် ရုန်းကန်လှုပ်ရှားရင်း မဆုံးနိုင်တဲ့ တိုက်ပွဲကို လည်း ဆက်တိုက်နေဆဲပါ။ ရှည်လျှားလှတဲ့ သူ့ဘဝကို ပြန်ကြည့်မယ်ဆိုရင် မျိုးဆက်သစ် လိင်တူချစ်သူလူငယ်တွေအတွက် လမ်းညွှန်မြေပုံတစ်ခုလို အတူယူစရာ၊ သတိပြုစရာတွေ အများကြီး တွေ့ရမှာပါ။

Lord of the Rings ဇာတ်ကားမှ အီရန်

သူ့ကို ၁၉၃၉ခုနှစ်မေလ၂၅ရက်က အင်္ဂလန်နိုင်ငံ လန်ကတ်ရှိုင်းယားနယ်၊ ဘန်တ လေမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ကိုမွေးပြီးမကြာခင်မှာပဲ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာလို့ စစ်ကာလအတွင်းမှာ လူလားမြောက်ခဲ့ရသူပါ။ သူ ကလေးဘဝကကြုံခဲ့ရတဲ့ စစ်ကြီး အတွင်း သေကြေပျက်စီးမှုတွေဟာ သူ့အပေါ်အများကြီး လွှမ်းမိုးမှုရှိခဲ့တာ တွေ့ရပါတယ်။

အီရန်ဟာ ငယ်ငယ်ကတည်းက သရုပ်ဆောင်ရတာ ဝါသနာပါပီး ကျောင်းပြဇာတ်တွေမှာ ပါဝင်ကပြခဲ့ပါတယ်။ သူ့မိဘနှစ်ပါးဟာ တရားဟောဆရာမျိုးရိုးက ဆင်းသက်လာသူများ ဖြစ်ပီး ဘာသာတရား ကိုင်းရှိုင်းကြသူများ ဖြစ်ပါတယ်။ သူ့အသက် ၁၂နှစ်အရွယ်မှာ မိခင် ကွယ်လွန်ပြီး မိထွေးနဲ့အတူ နေထိုင်ခဲ့ပါတယ်။ သူ့မိထွေးဟာ သူ့ရဲ့ လိင်တူချင်းစိတ်ဝင် စားတတ်တဲ့အကျင့်ကို ပထမဆုံးရိပ်မိခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခေတ်အမြင် ရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာမို့ သူ့ကို အတင်းအကျပ်ပြောင်းလဲဖို့ မကြိုးစားခဲ့ပါဘူး။

X-Man ဇာတ်ကားမှ အီရန်၏ သရုပ်ဆောင်ဟန်

သူ အသက်၁၈နှစ်မှာ ပညာတော်သင်ဆုရပီး ကိန်းဘရစ်ခ်ျက စိန့်ကက်သရင်းကောလိပ် မှာတက်ရောက်ခဲ့ပါတယ်။ သူကောလိပ်ကျောင်းသားဘဝမှာ အဲဒီခေတ်က နာမည်ကြီးခဲ့တဲ့ မင်းသား Derek Jacobi ကို အရူးအမူးစွဲလမ်းခဲ့ဘူးတယ်လို့ သိရပါတယ်။ အဲဒီတုန်းက သူ့ရဲ့စွဲလမ်းမှုဟာ အုံ့ပုံးဘဝနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ (နောက်ပိုင်း အဲဒီမင်းသားဟာ လည်း ဂေးတစ်ဦးဖြစ်နေကြောင်း သိရတဲ့အခါ သူအပါအဝင် အားလုံး အံ့သြခဲ့ရပါတယ်) အီရန်ဟာ ကျောင်းပီးတဲ့နောက် ဝါသနာပါတဲ့ ပြဇာတ်လောကထဲ ဝင်ရောက်ခဲ့ပါတယ်။

သူ အသက်၂၅နှစ်အရွယ်မှာတွေ့ခဲ့တဲ့ ပထမဆုံးချစ်သူက တက္ကသိုလ်က သမိုင်းဆရာ တစ်ဦး ဖြစ်ပီး လန်ဒန်မြို့မှာ ပါတနာများအဖြစ် အတူနေခဲ့ပါတယ်။ သူတို့ ချစ်သူဘဝဟာ ၁၉၇၂ခုနှစ်အထိ ရှစ်နှစ်ကြာမြင့်ပီးနောက် လမ်းခွဲခဲ့ပါတယ်။ အဲဒီနောက် သူတစ်ဦးတည်း နေထိုင်ရင်း ဒုတိယချစ်သူ ရှောင်မတ်သီယားစ် နဲ့ ၁၉၇၈ခုနှစ်မှာ တွေ့ဆုံချစ်ကြိုက် ခဲ့ပါတယ်။ ရှောင်က အီရန်ထက် အသက်၁၇နှစ်ပိုငယ်တဲ့ ပြဇာတ်နဲ့ ရုပ်ရှင် ဒါရိုက်တာ၊ သရုပ်ဆောင် လူငယ်လေးဖြစ်ပါတယ်။ သူတို့နှစ်ဦး စိတ်တူကိုယ်တူ လုပ်ငန်းတူဖြစ်လို့ အရမ်းပဲအချစ်ကြီးပီး အချစ်ပြင်းထန်ခဲ့ကြတယ်လို့ ရှောင်က နောက်ပိုင်းပြန်ပြောပြ ပါတယ်။ အဲဒီနောက် အီရန်က ပြဇာတ်လောကမှာအောင်မြင်ပီး ရုပ်ရှင်လောကကို ကူးပြောင်းနေချိန်မှာ ရှောင်က အောင်မြင်မှုမရပဲ ကျရိပ်ဆင်းလာပါတယ်။ အဲဒီနောက် သူတို့နှစ်ဦး အဆင်မပြေဖြစ်လာတဲ့အခါ အီရန်ကပညာရှင်ပီသစွာ အလုပ်ကိုရှေ့တန်းတင် ပီး ရှောင်နဲ့ လမ်းခွဲခဲ့ကြပါတယ်။

အီရန်နှင့် ရှောင်

သူတို့နှစ်ဦးချစ်သူအဖြစ် ၁ဝနှစ်ကြာမြင့်ခဲ့ပါတယ်။ သူတို့နှစ်ဦး အတူရှိစဉ်မှာ လိင်တူချစ်သူ လောကမှာ ဂန္ဓဝင်လို့သတ်မှတ်ခံရတဲ့ Bent ပြဇာတ်ကို ရှောင်ကရေးသားပြီး အီရန်က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Bentဟာ ဒုတိယကမ္ကာစစ်အတွင်းက ဂေးတွေကို နာဇီစစ် အကျဉ်းစခန်းတွေပို့ဆောင်ပြီး တိရစ္ဆာန်တွေလို ဆေးဝါးစမ်းသပ်မှုတွေမှာ အသုံးချခဲ့တဲ့ အဖြစ်အပျက်နောက်ခံနဲ့ အဲဒီအကျဉ်းစခန်းက လိင်တူချစ်သူနှစ်ဦးရဲ့အကြောင်း အချစ် အလွမ်းတေးသံစုံ ဇာတ်လမ်းဖြစ်ပါတယ်။ ပြဇာတ်အဖြစ် အလွန်အောင်မြင်ခဲ့ပီး ရုပ်ရှင် အဖြစ်လည်း အကြိမ်ကြိမ်ပြန်ရိုက်နေကြဆဲပါ။

အဲဒီနောက် အီရန်ဟာ ၁၉၉ဝခုနှစ်တွေအတွင်း ဟောလိဝုဒ်ဇာတ်ကား အတော်များများ ရိုက်ကူးခဲ့ပီး ရုပ်ရှင်သရုပ်ဆောင်အဖြစ် လူသိများလာပါတယ်။ ထင်ရှားတဲ့ဇာတ်ကား တစ်ကားက သူကိုယ်တိုင် ရေးသားရိုက်ကူးထုတ်လုပ်ပီး သရုပ်ဆောင်ခဲ့တဲ့ Richard III ဖြစ်ပီး သူ့ကို ရွှေကမ္ဘာလုံးဆု BAFTA award နဲ့ ဥရောပအကောင်းဆုံးမင်းသားဆုတွေ ရရှိစေခဲ့ပါတယ်။

အီရန်ပါဝင်သရုပ်ဆောင်ခဲ့သော Bent ဇာတ်ကား

သူ့ဘဝမှာ သမိုင်းမှတ်တိုင်ဖြစ်စေခဲ့တဲ့ နောက်တကားကတော့ Gods and Monsters ဇာတ်ကားပါ။ နာမည်ကျော် သရဲကား ရုပ်ရှင်ဒါရိုက်တာနဲ့ လိင်တူချစ်သူတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဝေးလ်ရဲ့ အကြောင်းပါ။ ဂျိမ်းစ်ဝေးလ်ကွယ်လွန်ကာနီးအချိန်မှာ အနားမှာရှိတဲ့ ဥယျာဉ်မှူးကောင်လေးကို ချစ်ကြိုက်ပီး ကြိုးစားခဲ့ပေမယ့် ကောင်လေးက ခါးခါးသီးသီး ငြင်းဆိုခဲ့တာကြောင့် စိတ်ထိခိုက်ပီး သေကြောင်းကြံသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ နောင်မှာ မံမီဇာတ်ကားတွေနဲ့ နာမည်ကြီးလာမယ့် မင်းသား Brendan Fraser က ဥယျာဉ်မှူးကောင်လေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားနဲ့ အီရန်ဟာ ပထမ ဆုံးအကြိမ် မင်းသားဆုအတွက် အော်စကာ စကာတင်စာရင်းဝင်ခဲ့ပါတယ်။

ငယ်ရွယ်စဉ်က အီရန်

အဲဒီနောက် ဂေးဒါရိုက်တာ ဘရိုင်ယန်စင်ဂါနဲ့ တွဲပီး Apt Pupil နဲ့ X-Men ဇာတ်ကားတွေ ရိုက်ကူးခဲ့ပါတယ်။ ရုပ်ပြကိုအခြေခံရိုက်ကူးထားတဲ့ X-Men ဇာတ်ကားတွေဟာ ကလေး ကြိုက်အက်ရှင်ဇာတ်ကားလို့ထင်ရပေမယ့် နက်နဲတဲ့ အတွေးအခေါ်တွေပါဝင်ပီး လိင်တူ ချစ်သူတွေရဲ့ဘဝကို ထင်ဟပ်ပြသထားပါတယ်။ ဒီဇာတ်လမ်းမှာ Mutant လို့ခေါ်တဲ့ မွေးရာပါထူးခြားတဲ့စွမ်းအင် ပိုင်ဆိုင်ထားသူတွေဟာ ကမ္ဘာအနှံ့အပြားမှာရှိနေပီး ပုံမှန် မဟုတ်လို့ အများကခွဲခြားဆက်ဆံတာ ခံရပါတယ်။ ဒါကိုနာကျည်းလှတဲ့ သံလိုက်စွမ်း အားရှင်မဂ္ဂနက်တိုဟာ အခြားဘဝတူ Mutant တွေကိုဦးဆောင်ပီး သီးခြားနိုင်ငံ တစ်နိုင်ငံ ထူထောင်ဖို့ကြိုးစားရင်း ပုံမှန်လူသားတွေနဲ့ တိုက်ခိုက်ကြပုံကို ကွန်ပြူတာ အထူးပြုလုပ် ချက်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဝင်ငွေအလွန်ကောင်းတဲ့ဇာတ်ကားတွေ ဖြစ်ခဲ့ပါ တယ်။

အီရန်မက္ကလန် အကြောင်းပြောရင် မပါမဖြစ်တာကတော့ Lord of the Ring ဇာတ်ကား သုံးကားပဲဖြစ်ပါတယ်။ ဒီကမ္ဘာကျော်စိတ်ကူးယဉ် ဇာတ်ကားကြီးမှာ အီရန်သရုပ်ဆောင်တဲ့ မုတ်ဆိတ်ဖြူ မှော်ဆရာကြီးဂန်ဒတ်လ်ကို ကမ္ဘာအနှံ့အပြား လူသိများခဲ့ပါတယ်။ အီရန် လည်း ဒီကားနဲ့ဇာတ်ပို့ဆုအတွက် ဒုတိယအကြိမ် အော်စကာ စကာတင်စာရင်း ဝင်ပြန် ပါတယ်။ တကယ်ဆုမရခဲ့ပေမယ့် အဲဒီနှစ်ဆုပေးပွဲအခမ်းအနားကို အီရန်နဲ့ နယူးဇီလန်သား သူ့ချစ်သူတို့ အတူတွဲပီး တက်ရောက်ခဲ့တာမို့ ပြောစမှတ်တွင်သွားခဲ့ပါတယ်။

အီရန်ဟာ မကြာခင်ထွက်မယ့် Lord of the Ring အဆက် Hobbits နဲ့ X-Men Origin: Magneto ဇာတ်ကားတွေမှာလည်း ပါဝင်ထားတာမို့ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

Gay Rights လှုပ်ရှားမှုတစ်ခုတွင်

အီရန်ရဲ့ ဘဝနဲ့ခွဲခြားမရတဲ့ အရာကတော့ (LGBT rights) ဂေးအခွင့်အရေး လှုပ်ရှားမှု တွေပါ။ အရင်က သူဟာ ဂေးတစ်ဦးဖြစ်ကြောင်း ပြဇာတ်လောကမှာသိကြပေမယ့် လူသိ ရှင်ကြားမဖြစ်သေးပါဘူး။ ၁၉၈၈ခုနှစ်မှာ လိင်တူဆက်ဆံသူတွေကို ဖိနှိပ်ခွင့်ပြုတဲ့ ဥပဒေ Section88 အကြောင်းကို ဘီဘီစီရေဒီယိုမှာ ပါဝင်ဆွေးနွေးရင်း သူကိုယ်တိုင် ဂေးတစ်ဦး ဖြစ်ကြောင်း ထုတ်ပြောလိုက်တော့မှ လူသိရှင်ကြားဖြစ်ခဲ့ရတာပါ။ ဒီနောက်ပိုင်း အီရန်ဟာ ဂေးအခွင့်အရေးလှုပ်ရှားမှုတွေမှာ ပင်တိုင်ပါဝင်ခဲ့ပါတယ်။ Stonewall လို့ခေါ်တဲ့ လိင်တူ အခွင့်အရေးအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အိမ်ခြေမဲ့၊ ဒုကတွေ့နေတဲ့ လိင်တူချစ်သူ လူငယ်တွေကို အကူအညီပေးဖို့ ၂ဝဝ၇မှာ the Albert Kennedy Trust ရံပုံငွေအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

အီရန်ကို ၁၉၉၁မှာ အင်္ဂလန်ဘုရင်မကြီးမှ သူကောင်းပြုပီး ဆာဘွဲ့ချီးမြှင့်ခဲ့တာပါ။ ပြည်တွင်းပြည်ပ ရုပ်ရှင်နဲ့ ပြဇာတ်ထူးချွန်ဆုတွေလည်း တပွေ့တပိုက်ရပီးပါပီ။

ဘုရင်မကြီးမှ ဆာဘွဲ့ ချီးမြှင့်နေပုံ

သူတိုက်နေတဲ့ ဂေးအခွင့်အရေးတိုက်ပွဲကတော့ မပီးဆုံးသေးပါဘူး။ အီရန် စင်္ကာပူကို ရောက်စဉ်က ဂျာနယ်လစ်တွေက ဘယ်နေရာတွေ သွားလည်ချင်သလဲမေးတာမှာ ဂေးဘားတွေသွားချင်တယ်။ ဘယ်နားမှာရှိသလဲ သိရင်ပြောပါလားလို့ ပြန်ပြောတာကြောင့် အင်တာဗျူးကို ချက်ချင်းပဲ ရုတ်သိမ်းခဲ့တာ ကြုံရပါတယ်။

အခုအချိန်မှာ အီရန်မက္ကလန်ဟာ အိုမင်းချိန်ကို ကျော်လွန်လို့ နာတဲ့အရွယ်ရောက်နေပါပီ။ ဒါပေမယ့် ချစ်သူငယ်ငယ်လေးတွေနဲ့ တွဲမြဲပါပဲ။ ဘယ်သူ့ကြောင့်မှလည်း ပူဆွေးအသဲကွဲ မနေပါဘူး။ သူ့ကိုကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေ ထဲက ဇာတ်ရုပ်တွေနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေတာ အမှန်ပါပဲ။

နေရောင်လင်းခန့်

ဇန်န၀ါရီ ၂၈၊ ၂၀၁၀ခုနှစ်

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More