မီးခဲအိန်ဂျယ်လို (Michelangelo)
Michelangelo
ကျနော်တို့ငယ်ငယ်က ကမ္ဘာ့သမိုင်းကို လေ့လာသင်ကြားရတဲ့အခါတွေမှာ ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့ သူရဲကောင်းတွေ အသိပညာအတတ်ပညာရှင်တွေ ခေါင်းဆောင်ကြီးတွေ အနုပညာသည်တွေ အမြောက်အမြားအကြောင်းကို လေ့လာသင်ကြားခဲ့ဖူးတာဖြစ်ပါတယ်။ အဲဒီလိုကျနော်တို့ ငယ်ငယ်က စာသင်ကျောင်းတွေမှာ သင်ယူလေ့လာခဲ့ရတဲ့ နာမည်ကျော်ပုဂ္ဂိုလ်အတော်များများဟာ အမျိုးသားတွေသာ ဖြစ်လေ့ဖြစ်ထရှိတတ်ကြသလို အမျိုးသမီးသူရဲကောင်းတွေအကြောင်းကို သင်ကြားရတာ အလွန်အင်မတန်မှ နည်းပါးခဲ့ကြပါတယ်။
အဲဒီထက် ပိုဆိုးတာကတော့ ကျနော်တို့ကမ္ဘာ့သမိုင်းထဲမှာ ဘယ်သောအခါကမှ လိင်တူချင်းချစ်တဲ့ ခေါင်းဆောင်ကြီးတွေ သူရဲကောင်းတွေ အနုပညာသည်တွေအကြောင်းကို မကြားခဲ့ဖူးပါဘူး။ အဲဒါကြောင့်ပဲ ကျနော်တို့ဦးနှောက်ထဲမှာလည်း နာမည်ကျော်ခဲ့တဲ့ သမိုင်းထဲကပုဂ္ဂိုလ်တိုင်းဟာ လိင်ကွဲချင်းချစ်ခဲ့တဲ့သူတွေပါလို့ အော်တိုမစ်တစ်လက်ခံထားခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ရဲ့ဦးနှောက်နဲ့အတွေးအခေါ်တွေထဲမှာတော့ လိင်တူချင်းချစ်တဲ့သူတွေမှာ ထက်မြက်တဲ့သူတွေမရှိတော့သလို သမိုင်းထဲမှာလည်း အောင်မြင်ကျော်ကြားတဲ့ လိင်တူချင်းချစ်တဲ့သူတွေ တယောက်မှမရှိခဲ့သလိုမျိုး လက်ခံလာခဲ့ကြတာဖြစ်ပါတယ်။
အမှန်ဆိုရင်တော့ သမိုင်းဆိုတာကို ထုံးစံအတိုင်း အောင်နိုင်တဲ့သူတွေက ရေးသားလေ့ရှိတယ်လို့ ဆိုခဲ့ကြသလိုပဲ ကျနော်တို့ရဲ့ လိင်ကွဲချင်းချစ်သူ အများစုလွှမ်းမိုးတဲ့ ဟောဒီကမ္ဘာလောကကြီးမှာ အမှန်တကယ်တည်ရှိနေခဲ့တဲ့ လိင်တူချင်းချစ်သူတွေရဲ့ အဖြစ်အပျက်တွေဟာ မသိမသာနဲ့ တိမ်ပါးမြုပ်ကွယ် သွားခဲ့ရတယ်ဆိုတာကလည်း သိပ်တော့မဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အများစုကလိင်တူချင်းချစ်တာကို သဘာဝမကျဘူးလို့ခံယူထားတဲ့အခါမှာတော့ အဲဒီလိုလိင်တူချင်းချစ်တဲ့သမိုင်းထဲက လူတော်လူကောင်းတွေရဲ့ လိင်စိတ်ခံယူမှုနဲ့ပတ်သက်တဲ့ အပိုင်းတွေကိုဖော်ပြဖို့ မသင့်တော်တဲ့အကြောင်းအရာတွေလိုမျိုး သဘောပိုက်ပြီး မှတ်တမ်းမှာထိန်ချန်ခဲ့ကြတာတွေလည်း အများကြီးရှိခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လို့ ၂၁ ရာစုနှောင်းပိုင်းမှာတော့ သတင်းမီဒီယာဆိုတာကို လွတ်လွတ်လပ်လပ် ရှာဖွေလေ့လာဆည်းပူး ထုတ်ဖော်လို့ရလာနိုင်သလို ပိတ်ပင်တားဆီးဖို့ကလည်း ခက်ခဲလာတဲ့အခါမှာတော့ အခုနကပြောခဲ့တဲ့ သမိုင်းမှာထိန်ချန်ခဲ့တဲ့ အကြောင်းအရာတွေကလည်း ဘယ်လိုမှတားဆီးဖုံးကွယ်ထားလို့ မရတော့တဲ့အခြေအနေမျိုးကို ရောက်ရှိလို့လာခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ဒီနေ့ဒီအချိန်မှာ ကမ္ဘာ့သမိုင်းထဲက လိင်တူချင်းချစ်သူတွေပါရယ်လို့ ဖြစ်နိုင်ခြေရှိတဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သူတွေအတော်များများရဲ့ နာမည်တွေ တစတစနဲ့ စတင်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ခုချိန်ထိလည်းပဲ သုတေသီပညာရှင်တွေအတော်များများက ပိုပြီးအခြေအမြစ်ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိအောင် ကြိုးစားရှာဖွေနေကြဆဲလည်းဖြစ်ပါတယ်။ သမိုင်းထဲမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ တချို့သူတွေ အမှန်တကယ် လိင်တူချင်းချစ်သူတွေဖြစ်ပါတယ်ဆိုတဲ့ အချက်အလက် အထောက်အထားတွေ ခိုင်ခိုင်မာမာရှာဖွေတွေ့ရှိခဲ့ကြသလို တချို့ကတော့ သိပ်ခိုင်လုံမှုမရှိသေးတဲ့အတွက် ဒီကနေ့ထိငြင်းခုံနေကြရဆဲဖြစ်နေတာတွေလဲရှိပါတယ်။ အဲဒီလူတွေထဲမှာ တချို့က လိင်တူလိင်ကွဲနှစ်မျိုးစလုံးကို စိတ်ဝင်စားခဲ့တဲ့သူတွေပါဝင်သလို တချို့ကတော့ လုံးဝကိုလိင်တူချစ်သူသက်သက် ဖြစ်နေတဲ့သူတွေလည်းပါ ပါတယ်။
အဲဒီလူတွေထဲမှာ ရောမအင်ပါရာရဲ့ဘုရင်မင်းမြတ် ဂျူးလီးယက်ဆီဇာကစလို့၊ ဂရိဧကရာဇ် အလက်ဇန္ဒါး သာဂရိတ်၊ ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီး၊ အဲရစ္စတိုတယ်၊ ရိုမီယိုနှင့်ဂျူးလီးယက်အချစ်ဇာတ်လမ်းကို ရေးသားခဲ့တဲ့ ကမ္ဘာကျော်စာရေးဆရာကြီး ဝီလီယျံရှိတ်စပီးယား၊ မိုနာလီဇာပန်းချီကားကိုရေးဆွဲခဲ့သူ ကမ္ဘာကျော်ပန်းချီပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီ၊ ကမ္ဘာကျော် အီတလီနိုင်ငံသား ပန်းချီ ပန်းပုပညာရှင် မီးခဲအိန်ဂျယ်လို၊ ဗြိတိသျှလူမျိုး စာရေးဆရာ အော်စကာဝိုင်းနဲ့ အမေရိကန်သမ္မတဟောင်း အေဘရာဟမ် လင်းကွန်းအထိ နာမည်စာရင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လူတွေတင်လားဆို မဟုတ်ပါဘူး။ ဂရိနတ်ဘုရားတွေဖြစ်တဲ့ ဇုနတ်မင်းကြီး(ဂျူပီတာ)၊ နတ်ဘုရားမ အာတာမိစ် ခေါ်ဒိုင်ယာနာ၊ အပိုလိုနတ်သားတို့ကအစ စစ်သူကြီး အာခီးလီးစ်အထိ ပါဝင်ကြတာဖြစ်ပါတယ်။ ဒါကတော့ လောလောဆယ်သိရသလောက် အနည်းအကျဉ်းရဲ့နာမည်တွေပါ။ ကျန်တဲ့တခြားနာမည်ကျော်တွေ အမြောက်အမြားလည်းရှိပါသေးတယ်။
အဲဒါကြောင့်ပဲ သက်တံ့အယ်ဒီတာအဖွဲ့က ငယ်ငယ်က ကျနော်တို့စာသင်ကျောင်းတွေမှာ တကြိမ်တခါမှမလေ့လာခဲ့ရဖူးတဲ့ သမိုင်းထဲကအောင်မြင်ကျော်ကြားခဲ့တဲ့ လိင်တူချင်းချစ်သူတွေရဲ့အကြောင်းကို မြန်မာပြည်ကလိင်တူချစ်သူ လူငယ်လူရွယ်လေးတွေ ခွန်အားရ အားကျအတုယူစေနိုင်ဖို့ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ မိမိကိုယ်ကို လိင်တူချင်းချစ်တဲ့သူဖြစ်နေရတဲ့အတွက် စိတ်အားငယ် ကြောက်ရွံ့နေတဲ့ တိတ်တိတ်ပုန်းလိင်တူချစ်သူ လူငယ်တွေအနေနဲ့ ကမ္ဘာပေါ်မှာလိင်တူချင်းချစ်တဲ့သူဖြစ်နေရတာ ကိုယ်တယောက်ထဲမဟုတ်တဲ့အကြာင်းကို သတိမူမိစေဖို့အတွက် အထောက်အထားအတော်လေးခိုင်လုံနိုင်မယ့် ကမ္ဘာ့သမိုင်းထဲက အောင်မြင်ကျော်ကြားတဲ့ လိင်တူချင်းချစ်သူတွေရဲ့အကြောင်းကို အလျှင်းသင့်သလို တယောက်ပြီးတယောက် အပတ်စဉ်ထုတ်ဖော်ရေးသား တင်ပြသွားမှာဖြစ်ပါတယ်။
ဒီတပတ်မှာရွေးချယ်ထားတဲ့ ကမ္ဘာ့သမိုင်းထဲက အောင်မြင်ကျော်ကြားတဲ့ လိင်တူချစ်သူတယောက်ကတော့ ကမ္ဘာ့သမိုင်းထဲမှာရော အထူးသဖြင့် အနောက်တိုင်းရဲ့ အနုပညာလောကကို လွှမ်းမိုးထားနိုင်ခဲ့တဲ့သူ၊ ပန်းချီ ပန်းပုအနုပညာရှင်တွေအားလုံး လေးစားရှိခိုးရတဲ့ ပန်းချီ ပန်းပုဂုရုကြီး သို့မဟုတ် ဂန္တဝင်မြောက်အနုပညာရှင် အီတလီနိုင်ငံသား မီးခဲအိန်ဂျလိုရဲ့အကြောင်းပဲ ဖြစ်ပါတယ်။
တချို့သူတွေကတော့ မီးခဲအိန်ဂျလိုဆိုရင် သိချင်မှသိပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာ့ဂန္တဝင်မြောက် သမိုင်းဝင်ရုပ်ထုတခုဖြစ်တဲ့ လူငယ်လေးဒေးဗစ်ရဲ့ ရုပ်ထုအကြောင်းကိုတော့ လူတိုင်းသိနေပြီးသားဖြစ်ပါလိမ့်မယ်။ အဲဒီပန်းပုရုပ်ထုနဲ့ ပတ်သက်လို့ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူအတော်များများက ထုလုပ်ခဲ့တဲ့အနုပညာရှင်ကို မသိရင်သာနေမယ် အဲဒီရုပ်ထုကို မြင်လိုက်တာနဲ့ တပြိုင်တည်း လူးတိုင်းနီးပါးလောက်က ရင်းနှီးကျွမ်းဝင်နေကြပြီးသား ဖြစ်နေတတ်ပါတယ်။ မီးခဲအိန်ဂျလိုကို ခေတ်ဆန်းကာလ ပန်းချီ ပန်းပု ပိသုကာပညာရှင်တယောက်အနေနဲ့လူသိများကြသလို ကဗျာဆရာ ပြီးတော့ အင်ဂျင်နီယာပညာရှင်စသဖြင့် ဘက်စုံကျွမ်းကျင်တဲ့ စွယ်စုံရအနုပညာရှင်တယောက်အဖြစ် ကမ္ဘာ့သမိုင်းမှာ လူသိများကြတာဖြစ်ပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုရဲ့ ပိသုကာဖခင်လို့လည်း တချို့ကတင်စားကြပါတယ်။
မီးခဲအိန်ဂျလို၏ ထင်ရှားကျော်ကြားခဲ့သော ကမ္ဘာကျော်ပန်းချီ ပန်းပုလက်ရာများ

ကျမ်းစာထဲက သိုးကျောင်းသားလေး ဒေးဗစ်ရဲ့ ရုပ်ထု

Sistine Chapel ပုလ္လင်ပေါ်က The last Judgment ပန်းချီကား

New York ပြတိုက်ကThe Libyan Sybil ပန်းချီကား

မီးခဲရဲ့လက်ယာတွေနဲ့ ခြယ်မှုန်းထားတဲ့ Saint Peter's Basilica ဘုရားဝတ်ပြုခန်း

အာဒမ်နဲ့ ဘုရားသခင်လို့အမည်ရတဲ့ ပန်းချီကား

Sistine ဘုရားရှိခိုးကျောင်း မျက်နှာကျက်မှာတွေ့ရတဲ့ ကမ္ဘာဦးကျမ်းထဲက ဖြစ်စဉ်များ (Scenes from Genesis) ပန်းချီလက်ရာ
ကမ္ဘာ့သမိုင်းမှာရော မျက်မှောက်ခေတ်ကာလအထိတိုင်အောင် ပန်းချီ ပန်းပုအနုပညာရှင်တိုင်းက လေးစားအသိမှတ်ပြုရတဲ့ မီးခဲအိန်ဂျလိုရဲ့ နာမည်အပြည့်အစုံကတော့ Michelangelo di Lodovico Buonarroti Simoni ဖြစ်ပါတယ်။ မီးခဲအိန်ဂျလိုကို လွန်ခဲ့တဲ့ ၁၄၇၅ခုနှစ် မတ်လ ၆ရက်နေ့က အီတလီနိုင်ငံ ခဖရက်စ်စေ (Caprese)ဒေသမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဖေဖြစ်တဲ့သူက တရားသူကြီး တယောက်ဖြစ်ပြီးတော့ အသေးစားဘဏ်လုပ်ငန်းတွေကို လုပ်ကိုင်စားသောက်တဲ့ မိသားစုက ဆင်းသက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၃နှစ်အရွယ်မှာ နာမည်ကျော်ကြားတဲ့ ပန်းချီဆရာတယောက်ဖြစ်တဲ့ ဒိုမီနီကို Domenico Ghirlandaioဆီမှာ စတင်ပညာသင်ကြားခဲ့တာဖြစ်တယ်လို့သိရပြီး အဲဒီခေတ်အချိန်အခါတုန်းက အဲဒီအသက်အရွယ်နဲ့ ဒီပန်းချီအနုပညာကိုလေ့လာဆည်းပူးဖို့အတွက် ပန်းချီဆရာကြီးက လက်ခံခဲ့တယ်ဆိုတာ အလွန်အင်မတန်မှ ခက်ခဲတဲ့အကြောင်းအရာဖြစ်တယ်လို့လည်း သမိုင်းမှာရေးသားခဲ့ကြပါတယ်။
မီးခဲအိန်ဂျလို စတင်နာမည်ရလာခဲ့တာကတော့ ၁၄၉၆ခုနှစ်နှောင်းပိုင်း ရောမမြို့ကို စတင်ရောက်ရှိလာခဲ့တဲ့ အချိန်ကနေစပြီးတော့ သူ့ရဲ့ပန်းချီ ပန်းပုအနုပညာလက်ရာတွေ စတင်အောင်မြင်ကျော်ကြား လူသိများလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မီးခဲအိန်ဂျလိုကို ဒီနေ့ဒီအချိန်ထိ ၁၆ရာစုနှစ်ရဲ့ အကောင်းဆုံးမှတ်တမ်းတင် အနုပညာရှင်တယောက်အနေနဲ့လည်း ကမ္ဘာ့သမိုင်းမှာ အသိမှတ်ပြုထားခံရတဲ့ သူတယောက်ဖြစ်ပါတယ်။ သူ့ရဲ့ကမ္ဘာကျော်ပန်းပုလက်ရာနှစ်ခုဖြစ်တဲ့ ပီတာနဲ့ဒေးဗစ်ရုပ်ထုတွေဟာ သူအသက် ၃ဝပြည့်ပြီးခဲ့တဲ့အချိန်လောက်မှာတင် အောင်မြင်ပြီးစီးခဲ့တဲ့ အနုပညာလက်ရာတွေဖြစ်တယ်လို့လည်း သိရပါတယ်။ ပန်းချီဆွဲရတာဟာ ပန်းပုထုတာလောက် ဈာန်မဝင်ဘူးလို့ဆိုတဲ့ မီးခဲအိန်ဂျလိုဟာ အနောက်တိုင်းပန်းချီအနုပညာမှာ သြဇာလွှမ်းမိုးခဲ့တဲ့ ပန်းချီကားနှစ်ချပ်ကို ရေးဆွဲခဲ့ပါတယ်။ အဲဒီလက်ရာတွေကတော့ ဗာတီကန်မြို့တော် Sistine Chapel ဘုရားရှိခိုးကျောင်း မျက်နှာကျက်ပေါ်မှာ ရေးဆွဲခဲ့တဲ့ scenes from Genesis ပန်းချီကားနဲ့ Sistine Chapelဘုရားရှိခိုးကျောင်းရဲ့ ပုလ္လင်နောက်ခံနံရံမှာ ရေးဆွဲထားတဲ့ The Last Judgment ပန်းချီကား တို့ပဲဖြစ်ပါတယ်။
နောက်ထပ်နာမည်ကြီးတဲ့ မီးခဲအိန်ဂျလိုရဲ့လက်ရာကတော့ ဗာတီကန်မြို့တော်မှာရှိတဲ့ Saint Peter's Basilica လို့ခေါ်တဲ့ ကမ္ဘာပေါ်ရှိ ခရာစ်ယာန်ဘုရားကျောင်းတွေထဲမှာ အကြီးမားဆုံးနဲ့ လူခြောက်သောင်းလောက် ဝတ်ပြုကိုးကွယ်နိုင်တဲ့ ခန်းမဆောင်ကြီးထဲမှာရေးဆွဲထားသော ပန်းချီလက်ရာတွေပဲ ဖြစ်ပါတယ်။
မီးခဲအိန်ဂျလိုဟာ အနောက်တိုင်းအနုပညာရှင်တွေကြားထဲမှာ အသက်ရှင်နေစဉ်အချိန်အတွင်းမှာ မိမိရဲ့ကိုယ်ရေးရာဇဝင်ကို သမိုင်းဝင်အဖြစ် ပုံနှိပ်ထုတ်ဝေခံခဲ့ရတဲ့သူတယောက်လည်း ဖြစ်ပါတယ်။ သူအသက်ရှင်နေစဉ်အချိန်တွင်းမှာပဲ သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကို ထုတ်ဝေဖြန့်ချီတာ နှစ်ကြိမ်တိုင်တိုင်ရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ဘဝတလျှောက်မှာ အီတလီဘာသာနဲ့ II Divino ခေါ်တဲ့ “ဘုရားတစ်ဆူ”လို့အဓိပ္ပာယ်ရတဲ့ စကားလုံးနဲ့တောင် နှိုင်းဖွဲ့တင်စားခံခဲ့ရတဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ခဲ့ပါတယ်။
များသောအားဖြင့် မီးခဲအိန်ဂျလိုရဲ့ ပန်းချီ ပန်းပုလက်ရာတွေထဲမှာဆိုလို့ရှိရင် အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု အလှအပတွေကို နက်နက်ရှိုင်းရှိုင်း ပြောင်ပြောင်မြောက်မြောက် တင်ပြထားတာကို လူတိုင်းသတိထားမိခဲ့ကြပါတယ်။ အဲဒီသူ့ရဲ့ အမျိုးသားပုံ ပန်းချီ ပန်းပုလက်ရာတွေဟာ ကြည့်ရှုတဲ့သူကို အတွေးအခေါ်ပိုင်းဆိုင်ရာသာမက စိတ်နှလုံးထဲက ခံစားမှုကိုပါ ထိထိမိမိရရှိသွားအောင် ဖော်ပြနိုင်စွမ်းရှိတယ်လို့ အနုပညာရှင်အတော်များများက မှတ်ချက်ချကြပါတယ်။ ဒါပေမယ့် တချို့က ခေတ်ဆန်းကာလမှာ လူအတော်များများက အမျိုးသားတွေရဲ့ ယောက်ျားပီသတဲ့ခန္ဓာကိုယ် အလှအပကိုရေးဆွဲတာ ဓမ္မတာဖြစ်တယ်လို့လည်း မှတ်ချက်ချကြတာရှိကြသလို တချို့အတော်များများကတော့ မီးခဲအီဂျလိုရဲ့အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အလှအပေါ်မှာခံစားရတဲ့တင်ပြပုံက လုံးဝသူ့ရဲ့ရင်ထဲကနေလာတဲ့ အနုပညာရသမြောက်စေတဲ့ ခံစားမှုအစစ်အမှန်တွေကို ဖော်ထုတ်ထားတာဖြစ်တယ်လို့ ယုံကြည်ကြသလို သူကိုယ်၌က အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာအလှအပကို နှစ်နှစ်ခြိုက်ခြိုက်ခံစားနိုင်စွမ်းတဲ့သူတယောက်ဖြစ်လို့ အခုလိုမျိုး သူထုလုပ်ခဲ့တဲ့ ရုပ်ပုံတွေက တော်တော်အသက်ဝင်တာဖြစ်တယ်လို့လည်း ယုံကြည်ကြတာရှိပါတယ်။
ဒီကနေ့ မျက်မှောက်ကာလခေတ်က ပန်းချီပန်းပုနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ စကော်လာအတော်များများက မီးခဲအိန်ဂျလိုရဲ့ ပန်းပုလက်ရာအပေါ်မှာ အချစ်နဲ့ပတ်သက်လို့ သူ့ရဲ့တင်ပြချက်တွေက များသောအားဖြင့် လိင်တူချင်းလိင်စိတ်နှိုးကြွားစေနိုင်တဲ့ ပုံစံမျိုးနဲ့ ဖော်ပြနိုင်စွမ်းရှိတာများတယ်လို့လည်း မှတ်ချက်ချကြပါတယ်။ အဲဒါကြောင့်လည်း သူ့ကို လိင်တူချင်းချစ်ခင်စုံမက်တဲ့သူတယောက် လုံးဝကိုဖြစ်ရမယ်လို့ ကောက်ချက်ချကြတာဖြစ်ပါတယ်။
ပညာရှင်အတော်များများသဘောတူညီတဲ့ ဥပမာတစ်ခုကတော့ ၁၅၄၃ခုနှစ်က မီးခဲအိန်ဂျလိုနဲ့ တစ်နှစ်တာခင်မင်ရင်းနှီးခဲ့ပြီးနောက် ဆုံးပါးသွားတဲ့ Cecchino dei Bracci ဆိုတဲ့ အမျိုးသားမိတ်ဆွေတယောက်နဲ့ပတ်သက်လို့ ရေးဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်အပေါ်မှာ အခြေခံပါတယ်။ အဲဒီကဗျာထဲမှာ အမျိုးသားချင်းချစ်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ကျူးထားရုံသာမကပဲ ခန္ဓာကိုယ်ချင်းရင်းနှီးစွာထိတွေ့ယှက်တင်တဲ့ အတွေ့အကြုံတွေကိုပါဖော်ပြထားတဲ့ အသုံးအနှုန်းတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သူကိုယ်တိုင်းရေးစပ်ခဲ့တဲ့ ကဗျာလေးကတော့ အီတလီဘာသာနဲ့ဆိုလို့ရှိရင်
La carne terra, e qui l'ossa mia, prive
de' lor begli occhi, e del leggiadro aspetto
fan fede a quel ch'i' fu grazia nel letto,
che abbracciava, e' n che l'anima vive.
အင်္ဂလိပ်လိုဘာသာပြန်ထားတာကတော့ဖြင့်-
The flesh now earth, and here my bones,
Bereft of handsome eyes, and jaunty air,
Still loyal are to him I joyed in bed,
Whom I embraced, in whom my soul now lives.
စာရေးတဲ့သူက ဘာသာပြန်လိုက်လို့ မူရင်းကဗျာရဲ့ ရသပျက်သွားမှာစိုးလို့ အကုန်တော့မပြန်တော့ပါဘူး။ ဒါပေမယ့် အရိပ်အမွတ်လေးတော့ ပြောပြပါရစေ။ အဲဒီထဲမှာ ယောက်ျားလေးတွေကိုသာ တင်စားလေ့ရှိတဲ့ တည်ကြည်ခန့်ညားတဲ့ မျက်လုံးတစုံတို့၊ အိပ်ယာပေါ်မှာ အတူဖက်တွယ်ထားရတာကို သာယာတယ်တို့ စသဖြင့်ပါရှိနေတာကို သတိပြုမိကြမှာပါ။ တချို့တွေက အဲဒီကဗျာကို လိင်စိတ်နှိုးကြားမှုကိုဖြစ်စေတဲ့ အရေးအသားတွေ ပါဝင်တယ်လို့ပြောဆိုကြပါတယ်။
မီးခဲအိန်ဂျလိုဟာ သူရေးစပ်ခဲ့တဲ့တချို့ကဗျာတွေထဲမှာ သူ့ပန်းပုထုဖို့အတွက် မော်ဒယ်ကိုယ်ဟန်ပြပေးတဲ့ လူငယ်လေးတွေကို ပိုက်ဆံနှင့်အတူ အချစ်ကဗျာလေးတွေကိုပါ ရေးဖွဲ့ပြီးပေးတတ်တယ်လို့လည်း ဆိုပါတယ်။ ဥပမာအားဖြင့် ၁၅၃၂ခုနှစ်ကဆိုရင် Febbo di Poggio ဆိုတဲ့လူငယ်လေးကို ပေးခဲ့ဖူးတယ်လို့ဆိုပါတယ်။ ပြီးတော့ ၁၅၂၂ခုနှစ်တုန်းကတော့ သူ့ဆီကပစ္စည်းတွေကို ခိုးယူပြီးထွက်ပြေးသွားတဲ့ လူငယ်လေးတယောက်နဲ့လည်း အလွန်တရာရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မီးခဲအိန်ဂျလိုဟာ ရုပ်ရည်သန့်ပြန့်တဲ့ လမ်းပေါ်ကလူငယ်လေးတွေကို သူပန်းပုထုတဲ့နေရာမှာ ကိုယ်ဟန်ပြပေးဖို့အတွက် အမြဲတမ်းခေါ်ယူလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်လို့ မီးခဲအိန်ဂျလိုဟာ သူ့ဘဝပုဂ္ဂိုလ်ရေး အတွင်းရေးတွေကို လုံးဝ ဝင်ရောက်စွက်ဖက်ခံလေ့ မရှိဘူးလို့လည်း သိရပါတယ်။ တခါက သူနဲ့ခင်မင်ရင်းနှီးတဲ့ သူ့ရဲ့အလုပ်သမားတယောက်က သူ့ရဲ့သားငယ်လေးကို သူ့ဆီမှာအလုပ်ရဖို့အတွက် လာရောက်အကူအညီတောင်းတဲ့အချိန်မှာ သူ့သားက နေရာတိုင်းမှာ အလုပ်လုပ်တာတော်ကြောင်း အဲဒီထက်မက ကုတင်အိပ်ယာပေါ်မှာလည်း အလုပ်အကိုင်ကျွမ်းကျင်ပါတယ်ဆိုပြီး ပြောခဲ့တဲ့အချိန်မှာ မီးခဲအိန်ဂျလိုက အဲဒီအလုပ်သမားကို အလုပ်ဖြုတ်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
မီးခဲအိန်ဂျလိုရဲ့ ချစ်ခြင်းမေတ္တာကိုဖော်ထုတ်ပြသတဲ့ အကောင်းဆုံးနဲ့အကျော်ကြားဆုံး ကဗျာလေးကတော့ သူအသက် ၅၇နှစ်အရွယ်မှာ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တဲ့ Tommaso dei Cavalieri ဆိုတဲ့အသက် ၂၃နှစ်အရွယ်လူငယ်လေးနဲ့ ပတ်သက်တဲ့ အချစ်ခံစားမှုတွေကို ဖော်ပြထားတဲ့ ကဗျာလေးပဲဖြစ်ပါတယ်။ အဲဒီထဲမှာ ရေးသားထားတာကတော့ သူ့ရဲ့ချစ်သူအဖိုးအိုကြီးကို ကောင်လေးက အခုလိုပြန်လည်တုံ့ပြန်ခဲ့ကြောင်းကို ဖွဲ့နွဲ့ထားခဲ့ပါတယ်။ “သင့်ရဲ့ချစ်ခြင်းကို ကျွန်ုပ်ကတိသစ္စာနဲ့ ပြန်လည်တုံ့ပြန်ပါသည်။ တကြိမ်တခါမျှ မချစ်ဖူးခဲ့သောချစ်ခြင်း ဘယ်အမျိုးသားကိုမှ မချစ်ခဲ့ဖူးသော မေတ္တာဖြင့် သင့်အားကျွန်ုပ်ချစ်မိပါ၏။ ဘယ်မိတ်ဆွေကိုမှ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးခြင်းမရှိတဲ့ ကျွမ်းဝင်မှုမျိုးဖြင့် သင့်အား ကျွန်ုပ်ခင်တွယ်ခဲ့ပါ၏” လို့ ဖော်ပြထားတာတွေ့ရတယ်လို့ဆိုပါတယ်။
Tommaso dei Cavalieriဟာ မီးခဲအိန်ဂျလိုနဲ့အတူ နောက်ဆုံး မီးခဲအိန်ဂျလို အသက်ဆုံးသွားတဲ့အထိ သစ္စာရှိရှိနဲ့ အတူတကွ ပေါင်းသင်းနေထိုင်တယ်လို့လည်း သိရပါတယ်။ မီးခဲအိန်ဂျလိုဟာ ချစ်သူကောင်လေး Tommaso dei Cavalieriကို ရည်ညွှန်းတဲ့ ကဗျာအလင်္ကာပေါင်း ၃ဝဝကျော်ရေးဖွဲ့ခဲ့တယ်လို့လည်း သုတေသီပညာရှင်တချို့က ဆိုပါတယ်။ အဲဒါဟာဆိုလို့ရှိရင် သူ့ဘဝမှာ သူရေးသားခဲ့တဲ့ ကဗျာတွေအထဲမှာ အကြီးမားဆုံးဖွဲ့နွဲ့မှုဖြစ်ခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့်လို့ တချို့ပညာရှင်တွေကတော့ အဲသလိုအသက်ငယ်ရွယ်တဲ့ ယောက်ျားလေးတွေနဲ့ မီခဲအိန်ဂျလိုရင်းရင်းနှီးနှီး အတူတကွပေါင်းသင်း နေထိုင်တာဟာဆိုလို့ရှိရင် လိင်စိတ်ဆန္ဒအတွက် ပေါင်းသင်းနေထိုင်တာမျိုးမဟုတ်ပဲ သူ့မှာသားယောက်ျားလေးမရှိတဲ့အတွက် ငယ်ငယ်ရွယ်ရွယ် ယောက်ျားလေးတွေကို သားအရင်းလိုသဘောထားတဲ့ စိတ်ဆန္ဒမျိုးနဲ့ ရိုးရိုးသားသား ပေါင်းသင်းနေထိုင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့်လို့ သူ့ရဲ့ လိင်တူချင်းလိင်စိတ်ဆန္ဒကိုဖော်ညွှန်းတဲ့ ရုပ်ပုံကားချပ်တွေကို ကြည့်မယ်ဆိုရင် သူ့ခေတ်သူ့အချိန်ခါကတည်းက လူတွေအတော်များများက သူတို့နှစ်ယောက်ကို သမီးရည်းစားလိုနေထိုင်ခဲ့ကြတဲ့သူများအဖြစ် အသိအမှတ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒါအပြင် မီးခဲအိန်ဂျလိုရဲ့ တူဖြစ်တဲ့ Michelangelo the youngerက သူ့ဦးလေးရဲ့ သူ့ချစ်သူကောင်းလေးနဲ့ပတ်သက်တဲ့ ခံစားချက်တွေကိုဖော်ညွှန်းထားပေးတဲ့ ကဗျာစာအုပ်ကို ၁၆၂၃ခုနှစ်မှာ သူကိုယ်တိုင်ပြန်လည်ထုတ်ဝေ ဖြန့်ချီပေးခဲ့တာတွေကို ထောက်ချင့်ကြည့်မယ်ဆိုရင် သူ့ တူလေးကိုယ်တိုင်က ဦးလေးရဲ့ချစ်ချင်းမေတ္တာကို အသိအမှတ်ပြုနေခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မီးခဲအိန်ဂျယ်လိုဟာ သူ့ရဲ့ဘဝမှာ ဘယ်အမျိုးသမီးကိုမှ လက်ထပ်ထိမ်းမြားခဲ့ဖူးခြင်းမရှိခဲ့ပါဘူး။ မွေးစားသားသမီးတွေလည်း တယောက်မှ မရှိခဲ့ပါဘူး။ မီးခဲအိန်ဂျယ်လိုရဲ့ဘဝမှာ Vittoria Colonnaလို့ခေါ်တဲ့ သူနဲ့ဝါသနာတူ ကဗျာဆရာမတယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးနဲ့ ပတ်သက်လို့လည်း ကဗျာတပုဒ်ကို ရေးဖွဲ့ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ကဗျာထဲမှာ ဖော်ပြထားတဲ့ ခံစားချက်က အဲဒီအမျိုးသမီးနဲ့ သူနဲ့ရင်းနှီးမှုဟာ ရင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေနှစ်ယောက်ကို ဖော်ညွှန်းထားတဲ့ အဆင့်သာဖြစ်တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။
သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ ထင်ရှားကျော်ကြားလူသိများတဲ့အဖြစ်က အခုနကကျနော်တို့ပြောခဲ့တဲ့ Tommaso dei Cavalieriနဲ့ပတ်သက်တဲ့ အကြောင်းအရာပဲရှိပါတယ်။ Tommaso dei Cavalieriနဲ့ပတ်သက်လို့ သူ့ရဲ့ခံစားချက် ချစ်ခြင်းမေတ္တာကိုဖော်ပြထားတဲ့ ကဗျာအလင်္ကာတွေကိုတော့ ပညာရှင်တော်များများက Tommaso dei Cavalieriဟာ မီးခဲအိန်ဂျလို အချစ်နှစ်သက်ဆုံးသူတယောက်ဖြစ်ကြောင်း အသိမှတ်ပြုလက်ခံကြတာရှိပါတယ်။ မီးခဲအိန်ဂျယ်လိုဟာ ဘာသာတရားအလွန်ကိုင်းရှိုင်းတဲ့ သူတယောက်လည်းဖြစ်တဲ့အတွက် သူရေးဖွဲ့တဲ့ အဲဒီကဗျာတွေထဲမှာ သူ့ရဲ့လိင်တူချစ်သူဘဝနဲ့ ဝိညာဉ်ရေးရာအပိုင်းနဲ့ပတ်သက်လို့ ဒွိဟဖြစ်နေရတဲ့ ခံစားချက်အရေးအသားတွေကိုလည်း တော်တော်များများ တွေ့ရတယ်လို့ဆိုပါတယ်။
သူ့ရဲ့ချစ်သူ Tommaso dei Cavalieriနဲ့ပတ်သက်တဲ့ ခံစားချက်ကို ဖော်ကျူးထားတဲ့ ကဗျာထဲမှာဆိုလို့ရှိရင် သူ့ရဲ့ရင်ထဲက ချစ်ခြင်းမေတ္တာတွေနဲ့ တနေ့ကျရင် ဘုရားသခင်ထံက ပြစ်ဒဏ်ချမှတ်ခံရမှာကို စိုးရိမ်တဲ့ ခံစားမှုနှစ်ခုလုံးရောယှက်နေတဲ့ အငွေ့အသက်တွေ ပါရှိတယ်လို့လည်း ဆိုကြပါတယ်။ အဲဒါကြောင့် မီးခဲအိန်ဂျယ်လိုရဲ့ဘဝမှာ ရင်တွင်းကြေကွဲနေတဲ့ ခံစားချက်တွေတော်တော်များများ ရှိနေနိုင်တယ်လို့ ဆိုကြပါတယ်။ မီးခဲအိန်ဂျယ်လိုဟာ နိုင်ငံရေးနဲ့ကင်းရှင်းအောင် အမြဲတမ်းနေထိုင်ခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်လည်း သူ့ရဲ့လိင်တူချင်းချစ်သူဘဝက အဲဒီခေတ်အချိန်မှာ ဘယ်လိုမျိုးအနှောက်အယှက် အန္တရာယ်မှလည်း မကြုံခဲ့တာဖြစ်နိုင်တယ်လို့ တချို့က မှတ်ချက်ချကြတာဖြစ်ပါတယ်။
မီးခဲအိန်ဂျယ်လိုဟာ သူ့ခေတ်သူ့အချိန်ခါတုန်းက အထူးသဖြင့် ကက်သလစ်ပုတ်ရဟန်းမင်းကြီးတွေနဲ့အတူ ဘာသာရေးကိုင်းရှိုင်းတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ မျက်စိဒေါက်ထောင့်ကြည့်နေတဲ့အထဲမှာ ရဲရဲဝံ့ဝံ့နဲ့ သူ့ရဲ့ချစ်သူကောင်လေး Tommaso dei Cavalieriudkကို နောက်ဆုံးသူအသက်ဆုံးသွားတဲ့အထိ အတူတကွပေါင်းသင်းနေထိုင်နိုင်ခဲ့တာဟာ အတော်လေး ဂုဏ်ယူဝမ်းမြောက်စရာဖြစ်တယ်လို့ လိင်တူချစ်သူ အတော်များများက လက်ခံယုံကြည်ထားကြတာဖြစ်ပါတယ်။ အဲဒီထက်မက သူ့ရဲ့လိင်တူချစ်သူဘဝနဲ့ အောင်မြင်မှုမြောက်မြားစွာကို တကယ့်လက်တွေ့ အကောင်အထည်ဖော်ပြနိုင်ခဲ့တဲ့ သူတယောက်အဖြစ်နဲ့သာမက သမိုင်းထဲက အောင်မြင်ကျော်ကြားခဲ့တဲ့ စံပြလိင်တူချစ်သူတယောက်ဖြစ်ခဲ့တယ်လို့လည်း မျက်မှောက်ခေတ်ကာလမှာ အတော်များများက လက်ခံယုံကြည်ထားခဲ့တာ ဖြစ်ပါတယ်။
မီးခဲအိန်ဂျလိုနဲ့ တခေတ်ထဲမှာပဲ အတူတူအောင်မြင်ကျော်ကြားခဲ့တဲ့ နောက်ထပ်ထင်ရှားတဲ့သမိုင်းဝင် လိင်တူချစ်သူ အနုပညာရှင်လို့ နာမည်ထွက်ခဲ့တဲ့သူကတော့ ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားချပ်ကို ရေးဆွဲခဲ့တဲ့ တစ်နိုင်ငံတည်းသား လီယိုနာဒို ဒါဗင်ချီ ပဲဖြစ်ပါတယ်။
သက်တံ့အယ်ဒီတာအဖွဲ့
မတ်လ ၄ရက်၊ ၂၀၁၀ခုနှစ်
Source: http://en.wikipedia.org/wiki/Michelangelo
http://www.michelangelo.com
http://www.lgbthistorymonth.org.uk
http://library.thinkquest.org
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.