ဂျတ်စတင် ဂျက်စတင်ဖာရနျူ သို့မဟုတ် အင်္ဂလိပ်ဘောလုံး လောကမှ ရင်နင့်ဖွယ် ဖြစ်ရပ်တစ်ခု

Justinus Fashanu
အချိန်တွေဘယ်လိုပြောင်းပြောင်း မြန်မာလူငယ်တွေကြားမှာ မရိုးနိုင်တဲ့ဖျော်ဖြေမှုတစ်ခုကတော့ နိုင်ငံခြားဘောလုံး ပွဲတွေပဲဖြစ်ပါတယ်။ နာမည်ကြီးဥရောပဘောလုံးပွဲတွေ အမျိုးမျိုးရှိတဲ့အနက်က အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေကတော့ မြန်မာပရိသတ် အကြိုက်ဆုံးဖြစ်ပါတယ်။
ကျွန်တော်တို့တတွေဟာ အိပ်ရေးပျက်ခံ၊ ငွေကုန်ခံ၊ အလုပ်ပျက်ခံပြီး ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို စွဲစွဲလမ်းလမ်းကြည့်တတ်ကြပါတယ်။ တကယ်တော့ ယောက်ျားလေးတွေ ဘောလုံးပွဲတွေကို စွဲစွဲလမ်းလမ်း ကြည့်ကြတာ ကစားပွဲတစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓါတ်၊ သန်မာဖြတ်လတ်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသတဲ့ ဟန်ပန်အမူအယာတွေဟာ အရွယ်ရောက်စလူငယ်တွေ အတွက် အကောင်းဆုံး အတုယူစရာအရာတွေပါပဲ။ ဒီဘောလုံးသမားတွေဟာ လူထုအပေါ်မှာ တကယ်ပဲ လွှမ်းမိုးမှု ကြီးမားလှပါတယ်။
ပရီးမီးယားလိဂ်မှာ ကစားနေကြတဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ၄ဝဝဝလောက်ရှိတဲ့အနက် အနည်းဆုံး ၁၂ဦးလောက်ဟာ လိင်တူချင်းချစ်သူ ဂေးတွေဖြစ်ကြောင်း သူသိထားတယ်လို့ ချယ်ဆီးလ် နဲ့ ဆဲလ်တစ်အသင်း တွေရဲ့ ကစားသမားတစ်ဦးဖြစ်သူ ပေါလ် အီးလိရော့ က လူ့အခွင့်အရေးညီလာခံတစ်ခုမှာ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဒါဟာ သူသိထားတဲ့ အရေအတွက်ပဲ ရှိပါသေးတယ်။ "အဲဒီကစားသမားတွေဟာ အသင်းမန်နေဂျာ၊ ပရိသတ်နဲ့ အခြားကစားသမားတွေက ဘယ်လိုမှလက်ခံမှာမဟုတ်မှန်းသိလို့ အပုန်းဘဝနဲ့မြုံနေကြရတာ ဖြစ်တယ် လို့ သူကပြောပါတယ်။
ဒီနေ့အချိန်မှာ အင်္ဂလန်လိုနိုင်ငံမှာ လိင်တူချင်းချစ်သူတွေဟာ ပွင့်ပွင့်လင်းလင်း နေထိုင်လို့ရနေပြီဖြစ်ပေမယ့် အင်္ဂလိပ်ဘောလုံးလောကကတော့ ချွင်းချက်ဖြစ်ပါတယ်။ ဘောလုံးသမားတစ်ဦး ဂေးဖြစ်နေတယ်ဆိုတာသိရင် အခြားကစားသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုရှိမှာ မဟုတ်တော့တဲ့အပြင် အသင်းရဲ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေမယ်လို့ ယုံကြည်ထားကြပါတယ်။
ဒါကြောင့် လိင်တူချစ်သူဘောလုံးသမားတွေရှိခဲ့ရင် ထုတ်မပြောဖို့နဲ့ လူရှေ့မှာ မိန်းကလေးရည်းစားတွေထားပြပြီး ပုံမှန်နေပြဖို့ မန်နေဂျာတွေက တင်းတင်းကျပ်ကျပ် တိုက်တွန်းလေ့ရှိတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေ ဖြစ်လာရအောင်လည်း အင်္ဂလိပ်ဘောလုံးလောကမှာ လိင်တူချစ်သူတွေနဲ့ ပက်သက်ရင် ရင်နင့်စရာ အဆုံးသတ်မကောင်းတဲ့ အဖြစ်တစ်ခုရှိနေခဲ့ပါတယ်။
ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ ဒီနေ့အချိန်အထိ လိင်တူချစ်သူဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောထားတဲ့ ကစားသမားတစ်ဦးတည်းသာရှိပါတယ်။ သူကတော့ ဒီလိုထုတ်ပြောခဲ့တဲ့အတွက် အဘက်ဘက်က ဝိုင်းဝန်းဖိအား ပေးမှု၊ ဖဲကျဉ်မှု၊ စွပ်စွဲမှုတွေကိုခံရပြီး အရွယ်ကောင်းစဉ်မှာ ဘဝကိုအရှုံးပေးသွားတဲ့ လူမည်း ဘောလုံးသမား ဂျက်စတင်ဖာရှနျူ(Justinus Soni Fashanu) ဖြစ်ပါတယ်။ သူဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ပေါင်သန်းတစ်ရာရရှိတဲ့ ပထမဆုံး လူမည်းဘောလုံးသမားလည်း ဖြစ်ပါတယ်။
သူ့ကို ၁၉၆၁ခုနှစ် ဖေဖော်ဝါရီ ၁၉ရက်မှာ အင်္ဂလန်နိုင်ငံက နိုင်ဂျီးရီးယားနွယ်ဖွား မိဘနှစ်ပါးမှ မွေးဖွားခဲ့ပါတယ်။ သူ့မိဘနှစ်ဦး ကွဲကွာသွားတဲ့နောက် သူနဲ့ သူ့အစ်ကို ကို နောဖော့မြို့က မိသားစုတစ်စုက ခေါ်ယူမွေးစားခဲ့ပါတယ်။ သူငယ်စဉ်က ဘောလုံးထက် လက်ဝှေ့ထိုးရာမှာ ပိုမိုထူးချွန်ခဲ့သူဖြစ်ပါတယ်။
၁၉၇၈ ဒီဇင်ဘာမှာ နောဝစ် စီးတီး ဘောလုံးအသင်းမှာ အလုပ်သင်အဖြစ် ရွေးခြယ်ခံရပြီး ပရော်ဖက်ရှင်နယ် ဘောလုံးဝမားဘဝ စတင်ခဲ့ပါတယ်။ အဲဒီနောက် ပထမတန်းအသင်းတွေမှာ စတင်ခြေစွမ်းပြနိုင်ခဲ့ပြီး အသက်၂၁နှစ် အောက် ယူ၂၁အသင်းမှာလည်း နိုင်ငံ့ကိုယ်စားပြု ကစားခဲ့ရပါတယ်။
သူ့ကို အောင်မြင်ကျော်ကြားမှုလမ်းကြောင်းပေါ် စတင်ရောက်ရှိစေခဲ့တာက ၁၉၈ဝ ဖေဖော်ဝါရီမှာ လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲဖြစ်ပါတယ်။ သူ ပိုင်နယ်ဒီ ဧရိယာ အပြင်ဘက်ကနေ လစ်ဗာပူးလ် အသင်းဘက်ကို လှလှပပကန်သွင်းလိုက်တဲ့ ဂိုးဟာ BBC Goal of the Season award ဆုကို ရရှိခဲ့ပြီး သူလည်း တဟုန်ထိုး နာမည်ကြီးသွားပါတယ်။ မကြာခင်မှာပဲ နော့တင်ဟမ် ဖောရက်စ် ကလပ်ကို ပေါင်တစ်သန်းနဲ့ စာချုပ်ချုပ်ဆို ရွေ့ပြောင်းခဲ့ပါတယ်။
ငယ်ငယ်ရွယ်ရွယ် အသက်၁၉နှစ်မှာ ပထမဆုံးပေါင်တစ်သန်းရ လူမည်းဘောလုံးသမားဖြစ်ခဲ့တာမို့ လူငယ် အမြောက်အများဟာ သူ့ကို စံပြအဖြစ် သတ်မှတ်အတုယူ လာကြပါတယ်။
ဒါတွေဟာ သူ့အတွက် ဝင့်ကြွားစရာဖြစ်သလို ဖိအားတစ်ခုလည်း ဖြစ်လာပါတယ်။ မကြာခင် ဂျတ်စတင်ဟာ ညဘက် လန်ဒန်မြို့ရဲ့ ဂေးဘားတွေ သွားသွားနေတာကို သူ့အသင်းကသိသွားတဲ့အခါ အသင်းမန်နေဂျာက လုံးဝမသွားဖို့ တားမြစ်ပါတယ်။ အဲဒီနောက် အပြင်လူတွေ မသိသေးပေမယ့် အတွင်းလူတွေကတော့ ဂျတ်စတင် ဟာ လိင်တူချင်း တပ်မက်စိတ်ရှိမှန်းသိကုန်ကြပါတယ်။
အဲဒီတုန်းက နော့တင်ဟန် ဖောရက်အသင်း မန်နေဂျာကဆိုရင် သူ့ကို ‘ဗန်းစကားနဲ့ poof (အခြောက်) လို့ အခြားကစားသမားတွေကြားမှာ ခေါ်ဝေါ် ရှုံ့ချခဲ့တာပါ။ ဒီလို အခေါ်ခံရတာတွေကို အပြင်ပန်းမှာ ရယ်ရယ်မောမော နဲ့ တုံ့ပြန်ခဲ့ပေမယ့် ဂျက်စတင်ရဲ့အတွင်းစိတ်မှာတော့ အလွန်ပဲ နာကျင်ခံစားခဲ့ရတယ်လို့ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးဖြစ်သူ ပီတာ တက်ချာလ်က ပြန်ပြောင်းပြောပြပါတယ်။
သူရင်ဆိုင်ခဲ့ရတာ လိင်တူချစ်သူမုန်းတီးရေး ပြသနာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ အဲဒီအချိန်က အင်္ဂလိပ် ဘောလုံးပရိသတ်ကြားမှာ လူမျိုးရေး ခွဲခြားတဲ့စိတ်တွေလည်း ပြင်ပြင်းထန်ထန်ရှိနေဆဲ ဖြစ်တာကြောင့် သူကစား တဲ့ ပွဲတိုင်းလိုလိုမှာ ပြိုင်ဘက်အသင်းပရိသတ်တွေက သူ့ကို ပစ်မှတ်ထားလှောင်ပြောင် ရှုံ့ချတာခံခဲ့ရတာပါ။ ဒါကြောင့်လည်း သူဟာ ဖိအားများလှတဲ့ ဘောလုံးလောကကြားမှာ သူ့ရဲ့သရုပ်အမှန်ကို လူသိရှင်ကြား မထုတ်ဖော် ရဲပဲ အပုန်းဘဝနဲ့ နှစ်ပေါင်းများစွာနေခဲ့တာပါ။
Justinus Fashanuရဲ့အမှတ်တရပုံရိပ်တချို့




နောက်ပိုင်း သူနဲ့ နော့တင်ဟန် ဖောရက်စ် မန်နေဂျာ အကြားက တင်းမာမှုတွေကို ဖြေရှင်းဖို့ကြိုးစားပေမယ့် မပြေလည်ပဲပိုမိုကြီးထွားလာပါတယ်။ အပုန်းဖြစ်တဲ့အပြင် ရေရှည်အတူနေချစ်သူလည်းမရှိတာမို့ ခိုကိုးရာမဲ့စိတ်ဟာ ပိုမိုပြင်းထန်လာပါတယ်။
ကံကောင်းစွာပဲ ဧဝံကလိက ဘာသာရေးအဖွဲ့နဲ့ဆက်သွယ်မိပြီး စိတ်ငြိမ်းချမ်းမှု အခိုက်အတန့်ရခဲ့ပါတယ်။ ဒါပေမယ့် သူကိုးကွယ်တဲ့ကျောင်းတော်က လိင်တူခြင်းကြိုက်နှစ်သက်တာကို ဆန့်ကျင်ကြောင်း ကြေငြာလိုက်တဲ့အခါမှာ သူ့စိတ်တွေရှုပ်ထွေးပြီး အားကိုးရာမဲ့ဖြစ် သွားပြန်ပါတယ်။ နောက်ဆုံး ဘာသာရေးကြည်ညိုစိတ်ကို အနိုင်ပေးပြီး အများတိုက်တွန်းသလို အမျိုးသမီးတွေနဲ့ ချစ်ကြိုက်ဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေ ယောက်ျားလေးတွေကို နှစ်သက်တဲ့စိတ်ကိုလည်း ဖျောက်မရပဲ တိတ်တိတ်ပုန်းလိင်ဆက်ဆံပြီး ဖြေဖျောက်ခဲ့ပါတယ်။ လိင်ကွဲချစ်သူအဖြစ် ဟန်ဆောင်တဲ့အကျိုးဆက်အနေနဲ့ သူ့ကို တသက်စာလက်တွဲမယ့် လိင်တူချစ်သူမျိုးမရတော့ပဲ ပိုမိုအထီးကျန်စေခဲ့ ပါတယ်။
ဂျတ်စတင်ဟာ ၁၉၈ဝ နဲ့ ၁၉၉ဝခုနှစ်ကြားမှာ ဆောက်သ်သန်တန်၊ နော့စီးတီး၊ ဝက်ဟမ်း ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ် တို့လို နာမည်ကြီးအသင်းတွေမှာ ရွေ့ပြောင်းကစားခဲ့ပါတယ်။ သူနဲ့ ပက်သက်တဲ့ ကောလာဟာလတွေလည်း ပိုမိုပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ဘောလုံးစွမ်းရည်လည်း ကျဆင်းလာပါတယ်။
နောက်ဆုံး ၁၉၉ဝမှာ The Sunသတင်းစားမှာ လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးအနေနဲ့ရော ထင်ရှားတဲ့ လူမည်းတစ်ဦးအနေနဲ့ပါ ပထမဆုံးထုတ်ဖော် ကြေငြာမှုဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်က လူမည်းသတင်းစာ The Voice ကဆိုရင် လူမည်းထုကြီးတစ်ခုလုံးအတွက် အရှက်ရစရာ ခွင့်မလွှတ်နိုင်စရာအဖြစ်လို့ ရေးသားဖော်ပြ ခဲ့ပါတယ်။ သူ့ရဲ့ကစားဖော်အားလုံးက ဒေါသနဲ့တုံ့ပြန်ကြပြီး သူ့အစ်ကို ဖြစ်သူကလည်း သူ့ကိုအမွေပြတ်စွန့်လွှတ်ကြောင်း ကြေငြာခဲ့ပါတယ်။ နောက်ပိုင်း သူပါဝင်ကစားတဲ့ ပွဲတိုင်းလိုလို မှာလည်း ပရိသတ်ရဲ့နောက်ပြောင်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။
ဒီလို လုပ်ငန်းခွင်မှာရော မိသားစုမှာရော လူမည်းတွေကြားမှာပါ ဝိုင်းဝန်းရှုံ့ချခဲ့ရပြီး ဘက်ပေါင်းစုံက ဖိအားပေးခံခဲ့ရတာတွေအပြင် သူကိုယ်တိုင် စိတ်မတည်ငြိမ်တာ၊ အလုပ်မှာစွမ်းဆောင်ရည်ကျလာတာ၊ အကြွေးတင်ပြီး မရှင်းနိုင်တာ၊ မဟုတ်ပဲ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအတွက် စွပ်စွဲခံရတာစတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံရပြီးနောက် သူ့ကို လေးစားကြည်ညိုခဲ့သူတွေကလည်း သဘောထားပြောင်းကုန် ကြပြီး ရင်းနှီးမိတ်ဆွေတွေကလည်း သူ့ကို စွန့်ခွာသွားပါတယ်။
၁၉၉၈မတ်လမှာ အမေရိကန် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ မေရီလန်းမာရီယာကို နည်းပြအဖြစ်ပြောင်းရွေ့ ခဲ့ပါတယ်။ နိုင်ငံအသစ်မှာ စိတ်သစ်လူသစ်နဲ့ ဘဝသစ်စတင်ဖို့ကြံနေတုန်းပဲ ၁၇နှစ်အရွယ် လူငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ စွပ်စွဲတိုင်တန်းခံရပြန်ပါတယ်။ အမေရိကန်ရဲတွေက သူ့ကို ဖမ်းဆီးထိန်းသိမ်းဖို့ စီစဉ် နေတုန်းမှာ သူကအင်္ဂလန်ကို ပြန်သွားခဲ့ပါတယ်။
၁၉၉၈ခုနှစ် မေလ ၃ရက်နေ့မနက်မှာ လန်ဒန်မြို့က လူမနေတဲ့ကားဂိုဒေါင်တစ်ခုထဲမှာ ကြိုးဆွဲချသေဆုံးနေတဲ့ ဂျတ်စတင်ရဲ့ အလောင်းကို တွေ့ကြရပါတယ်။ သူမသေခင် ရေးသွားတဲ့ စာထဲမှာ "ကျွန်တော်အပြစ်ရှိတယ်လို့ အားလုံးကထင်နေကြမှန်း သိပါတယ်။ ကျွန်တော့် မိသားစုနဲ့ မိတ်ဆွေတွေကို ထပ်ပြီးစိတ်အနှောက်အယှက် မပေးလိုတော့ပါဘူး"လို့ ရေးသားထားပါတယ်။
အဆုံးသတ်မကောင်းလှတဲ့ ဂျက်စတင်ရဲ့ဘဝဟာ နောက်ပိုင်းလိင်တူချစ်သူဘောလုံးသမားတွေအပေါ် အကျိုးသက်ရောက်မှု ရှိလှပါတယ်။ သူ့နောက်ပိုင်း ပရို ဘောလုံးလောကမှာ ဂေးအဖြစ် ထုတ်ဖော်ပြောကြားသူ တစ်ဦးမှ မရှိတော့ပါဘူး။
ဒါပေမယ့် လိင်တူချစ်သူတွေကြားမှာတော့ ဂျတ်စတင်ဟာ သူရဲကောင်းတစ်ဦးအဖြစ် ထာဝစဉ် ရှိမယ်ဆိုတာ သေချာပါတယ်။

နေရောင်လင်းခန့်
မတ်လ ၁၉၊ ၂၀၁၀ခုနှစ်
Source: http://www.dailymail.co.uk, en.wikipedia.org
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.