You are here: Home သတင်းဆောင်းပါး Feature ၂၀၁၀ခုနှစ် မေလ ၁၇ရက်နေ့ IDAHO Day အခမ်းအနားမှ အုတ်အော်သောင်းနင်းရဲ့ ပြန်လည်ခံစားချက်များ

၂၀၁၀ခုနှစ် မေလ ၁၇ရက်နေ့ IDAHO Day အခမ်းအနားမှ အုတ်အော်သောင်းနင်းရဲ့ ပြန်လည်ခံစားချက်များ

E-mail Print PDF

၂၀၁၀ခုနှစ် မေလ ၁၇ရက်နေ့ အပြင်မှာ နေအပူရှိန်ကလည်း ပြင်းပြစွာလောင်ကျွမ်းနေတယ်။ ချင်းမိုင်မြို့က ချင်းမိုင်ဂရင်းဗျူးလို့ အမည်ရတဲ့ ဟိုတယ်တစ်ခုရဲ့ ခန်းမဆောင်တခုအတွင်းမှာတော့ မြန်မာပြည်ကရော ထိုင်းနိုင်ငံကပါမကျန် အနယ်နယ် အရပ်ရပ်ကလာတဲ့ ဂျီမ၊ ဂျီထီး၊ လက်စ်မ၊ လက်စ်ထီးတွေပါမကျန် လိင်တူချင်းချစ်ကြိုက်တဲ့ သူတွေတသိုက် မနက်၉နာရီကတည်းကစပြီး ညနေပိုင်းမှာ ပြုလုပ်ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားမှာ စီစဉ်တင်ဆက်မယ့် အခမ်းအနား အစီအစဉ်တွေကို ရီဟာဇာလုပ်ဖို့ (ဇတ်တိုက်ဖို့)အတွက် အားလုံးအတူတကွစုရုံး ရောက်ရှိနေခဲ့ပါတယ်။

အခမ်းအနားပြုလုပ်မယ့် ခန်းမဆောင်ကြီးကတော့ သူနဂိုအတိုင်း တိတ်ဆိတ်ချောက်ကပ်စွာနဲ့ ရှိနေခဲ့ပေမယ့် အရမ်းကိုချစ်ခင်စည်းလုံးတဲ့ လိင်တူချစ်တဲ့ သားအမိတွေ ညီအစ်ကိုမောင်နှမတွေ ရောက်ရှိသွားတဲ့ အချိန်မှာတော့ ခန်းမဆောင်ကြီးရဲ့ တံခါးပေါက်တွေဟာ ကိုယ့်ရဲ့သားသမီးတွေနဲ့ ခွဲနေရတဲ့ မိခင်တယောက်က သားသမီးတွေကို ပြန်တွေ့တဲ့အခါမှာ ၀မ်းသာအားရ ကြိုဆိုသည့်အလား အပြုံးပန်းတွေ ပွင့်ဟသွားအောင်အထိ တံခါးကြီးတွေကို ဖွင့်ဟလို့ ကြိုဆိုခဲ့ပါတယ်။

ခန်းမကြီးထဲမှာတော့ အစိမ်းရောင်နဲ့ အဖြူရောင်ရောစပ်ထားတဲ့ စားပွဲဝိုင်းကြီးတွေ ထိုင်ခုံတွေကို အစီအရီချထားတာ တွေ့ရတယ်။ ဟိုးအရှေ့ဆုံးမှာတော့ ဇာတ်စင်မြင့်ကြီးပေါ်က အဖြူရောင် ပန်းတိုင်ကြီးတွေကြားထဲက ပန်းကနုတ်တွေရစ်ပတ်ပြီး ရေးထားတဲ့ International Day against Homophobia Day (May 17, 2010) ဆိုတဲ့ စာတန်းကြီးကတော့ လှပခန့်ထယ်စွာတည်ရှိနေတယ်။ ဇာတ်စင်မြင့်ပေါ်ကနေပြီး ခမ်းမအ၀င်ဝအထိ လှပခန့်ညားစွာဖြန့်ချခင်းကျင်းထားတဲ့ အနီရောင်မှာ နွယ်ယှက်နေတဲ့ ပန်းပွင့်လေးတွေနဲ့ပုံဖော်ထားတဲ့ ကတီပါကော်ဇောကြီးကတော့ မနင်းရက်စရာပါ။

မုံရွှေရည်အကကို ကိုကိုတယောက်ကဆို မိထိုက်မကကွေးအောင် ကနေပုံ

ခန်းမအပြင်အဆင်တွေကသာ လှပနေလိုက်ကြတာ တကယ်တမ်း ရီဟာဇာလုပ်ကြမယ် ဆိုတဲ့အခါကျတော့ ဟိုတယ်က ရီဟာဇာအတွက်ဆို အဲယားကွန်း ဖွင့်မပေးနိုင်ဘူး အဲယားကွန်း သုံးမယ်ဆိုရင် တနာရီကို ဘတ် နှစ်ထောင့်ငါးရာပေးရမယ်လို့ ပြောလာတဲ့အတွက် ပူလောင်လောင် ပူအိုက်အိုက် အခန်းထဲမှာ ဂျီမတသိုက် ရီဟာဇာဆက်မလုပ်နိုင်ပဲ ဂွမ်းပြီးတော့ ခန်းမရှေ့က ဧည့်ကြိုနေရာကို တရုန်းရုန်းနဲ့ ထွက်လာခဲ့ကြရတာကိုလည်း မှတ်မိနေပါသေးတယ်။

အဲဒီမှာ အမေမျိုးက ညနေပိုင်းမှာ ပြုလုပ်ကျင်းပမယ့် အခမ်းအနားအစီစဉ်နဲ့ ပတ်သက်လို့ နောက်ဆုံးအသေးစိတ် အစီအစဉ်တွေကို ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ အစီစဉ်ထဲမှာတော့ ဘယ်သူတွေက ကမယ်၊ ဘယ်သူတွေက သရုပ်ဆောင်မယ်၊ ဘယ်သူတွေကတော့ ဆိုမယ် စသဖြင့် အစုံအလင်ပါပဲ။ အဲဒီစာရင်းတွေကိုတော့ ဂျီမ မိထိုက်နဲ့ ဂျီထီးကလေး အုတ်အော်သောင်းနင်းက စုစည်းပြီး လုပ်ဆောင်မယ်လို့ ပြောပေမယ့် အင်မတန်မှကို ကမြင်းချင်တဲ့ အုတ်အော်သောင်းနင်း ကတော့ စက်ကွင်းထဲက လွတ်အောင်ကိုရှောင်ထွက်ပြီး ချမ်းလေးဆိုတဲ့ ဂျီထီးပေါက်စလေးကို အကုန်လုံးပုံအပ်ပြီး ပရိသတ်တွေကို အလှပြချင်ဇောနဲ့ အစီစဉ်တစ်ခုမှာ ပါဖြစ်အောင်ကို ပါခဲ့ပါသေးတယ်။

ဆွေးနွေးပွဲလေးက ဖြတ်ထိုးဥာဏ်တွေ ဟာသဥာဏ်တွေနဲ့ အလုပ်လုပ်ရာမှာ တိကျပြတ်သားတဲ့ ဂျီမ၊ ဂျီထီးတွေ လက်စ်တွေလုပ်တဲ့ပွဲလို့ မပြောရဘူး။ ခနလေးအတွင်းနဲ့ကို အစီအစဉ်ဆွဲတဲ့ဟာက ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်တော့ အ၀တ်အစားတွေ ရွေးသူကရွေး၊ သီချင်းခွေတွေကို ပေးသူကပေးနဲ့ အားလုံးဟာ ပြန်ပြီးရှုပ်ရှက်ခတ်ကုန်ပါတော့တယ်။

IDAHO အကြောင်းကို အာပေါင်အာရင်းသန်သန်နဲ့ ပြောနေတဲ့ ကိုနော်

အခမ်းအနား အစီအစဉ်ထဲမှာတော့ မြန်မာပြည်ကလာတဲ့ အမေတယောက်က သူ့ရဲ့ သတိုးသမီး ထိုင်မသိမ်းဝတ်စုံတွေနဲ့ သတိုးသားဝတ်စုံတွေကို ယူလာခဲ့တဲ့အတွက် မြန်မာ့ရိုးရာ ထိုင်မသိမ်းရှိုးလည်း တစ်ခုပါဝင်မှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာတော့ ကျနော်ဆိုတဲ့ အုတ်အော်သောင်းနင်းက သတိုးသမီးထိုင်မသိမ်းလေးကို ၀တ်ပြီးပါရမယ်တဲ့လေ။ အောင်မယ်လေးဗျာ ဘ၀မှာ တစ်ခါမှ ထိုင်မသိမ်းမ၀တ်ဖူးတော့ ရင်ဘက်ထဲမှာ တဒိတ်ဒိတ်ခုန်တာများ ကိုယ့်ဟာကိုယ်တောင် ပြန်လန့်လာတယ်။ နောက်ပြီး ကျနော်က ကျနော့်ရဲ့ ခနတာအငှားသတိုးသားလေးရဲ့ လက်ကိုချိတ်ပြီး လမ်းလျှောက်ရဦးမှာလေဗျာ။ အောင်မယ်လေး ပျော်လိုက်တာဗျာ၊ ဘ၀မှာ ဒီလိုမျိုး သာယာတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူးဗျာ။

ခနနေကြတော့ မမယူရီဆိုမယ့်သီချင်းနဲ့ ထိုင်မသိမ်းရှိုးကို စင်မြင့်ပေါ်မှာ လေ့ကျင့်ပါတယ်။ လေ့ကျင့်တာကို အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့အချိန်မှာတော့ ထမင်းစားမယ့်အချိန်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ စုစုရုံးရုံးနဲ့ တယောက်ကိုတယောက် ချစ်ခင်ကြင်နာတာ တယောက်ကိုတယောက် စတာနောက်တာလေးတွေနဲ့ လိင်စိတ်ခံယူမှုချင်းတူညီတဲ့ အမေတွေ၊ အစ်မတွေ၊ အစ်ကိုတွေ၊ ညီလေး၊ ညီမလေးတွေနဲ့အတူတူ ထမင်းစားရတာလောက် ပျော်စရာကောင်းတာ ရှိပါဦးမလားဗျာ။

ထမင်းစားပြီးတော့ အချိန်က နေ့လည်တစ်နာရီရှိနေပြီ။ ပွဲအစီစဉ်က ညနေ ၆နာရီမှ စမှာဖြစ်တဲ့အတွက် တချို့တွေက ညနေကျင်ရင် မျက်နှာလေးပြည့်အောင်လို့ မှောက်ရက်အိပ်မယ့်သူက အိပ်မယ်၊ ဟိုနားဒီနားလမ်းလျှောက်ချင်တဲ့သူက လျှောက်နဲ့ အလျှိလျှိထွက်သွားခဲ့ကြပါတယ်။

အဲဒီမှာမှ ညနေအခမ်းအနားအတွက် ၀တ်စရာတောင်မရှိသေးတဲ့ ကျနော် အုတ်အော်သောင်းနင်းနဲ့ ကျနော့်အစ်မ မမနော်၊ မိထိုက်၊ နောက်ထပ် ဂျီထီးပေါက်စ ညီလေး နန္ဒတို့ လေးယောက်ပေါင်းတဲ့ ဂျီတပ်ဖွဲ့ဟာ ညနေကျရင် အပြတ်အသတ်ကို ရှိုးထုတ်မယ်ဆိုတဲ့အကြံနဲ့ ကုန်တိုက်ကိုသွားပြီး ရရှိတဲ့နောက်ထပ် အချိန် ၂နာရီအတွင်းမှာ အ၀တ်အစားတွေကို လိုက်ရွေးကြပါတယ်။ ခန့်ညားပြီးသားဖြစ်တဲ့ အစ်မနော်နဲ့ ညီလေး နန္ဒကတော့ အ၀တ်အစားတွေကို ရွေးလို့ပြီးသွားပေမယ့် အင်မတန်မှကို ဂျီးများ၊ နဂိုကတည်းကမရှိတဲ့အလှကို အရမ်းကိုလှချင်တဲ့ ပေါ်လွင်ချင်တဲ့ ကျနော် အုတ်အော်သောင်းနင်းကတော့ ဘာတစ်ခုမှ မရသေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဝတ်ရမယ့်အ၀တ်က ကုန်တိုက်မှာမရှိလို့ပါဗျာ။ ကုန်တိုက်မှာကို မရှိတဲ့အ၀တ်အစားဆိုတော့ ဘယ်လိုမျိုးအ၀တ်အစားလည်းလို့ အားလုံးသိချင်ကြမှာပဲနော်။ ကျနော်လိုချင်တာက ဈေးအပေါစား ပန်းရောင်အင်္ကျီနဲ့ ပန်းရောင်ဘောင်းဘီလေ။ အဲဒါနဲ့ အပြင်က ဆိုင်တဆိုင်ကိုတွေ့သွားလို့ ၀င်ရွေးရပါသေးတယ်။ အဲဒီဆိုင်မှာတော့ လိုချင်တဲ့အရောင်တွေ ပုံစံတွေကရှိပေမယ့် ခက်တာက အင်မတန်မှကို မော်ဒယ်ကိုယ်လုံးလေးလို သေးသွယ်လှပတဲ့ အုတ်အော်သောင်းနင်းရဲ့ ခန္ဓာကိုယ်လေးနဲ့ ကိုယ်ညီတဲ့ ဘောင်းဘီမရှိပါဘူးတဲ့ဗျာ။ ကဲ…  မှတ်ကရော။ အဲဒါနဲ့ပဲ မျက်နှာလေးပြည့်ဖောင်းကာ လှချင်လို့ တရေးလောက်အိပ်ချင်သေးတဲ့ မိထိုက်ရဲ့ စူပုတ်နေတဲ့မျက်နှာကို ကြောက်ပြီးတော့ ရရာအ၀တ်အစားတစ်စုံကို ကောက်ဆွဲလာခဲ့ရပါတော့တယ်။ အုတ်အော်သောင်းနင်းက ပြောလို့ရတာမဟုတ်ဘူး ချင်းမိုင်တမြို့လုံးကို ကုန်အောင်ပတ်ရှာချင် ရှာဦးမှာ။

ဆရာအတ္တကျော်

ဟိုတယ်ကိုပြန်ရောက်တော့ အခန်းကိုသွားတဲ့လမ်းမှာ မမတွေရဲ့ အခန်းတံခါးတစ်ခုပွင့်နေလို့ သွားချောင်းကြည့်လိုက်တာ အောင်မယ်လေးဗျာ…  လန့်လိုက်တာ၊ အထဲမှာ သူရဲမတွေ တရုတ်သိုင်းကားက ဖုတ်ဝင်နေတဲ့ ဖုတ်မတွေအလားမှတ်ရတဲ့ မမတသိုက်က မျက်နှာသုတ်ပ၀ါကြီးတွေကို ရင်ရှားလုပ်ပြီး ဆံပင်တွေကိုလည်း အုပ်ထားသေး မှန်တယောက်တချပ်စီကိုင်ကာ မျက်နှာကိုခြယ်နေလိုက်ကြတာဗျာ ဖြူဖတ်ဖြူရော်ကြီးတွေနဲ့ (အောင်မယ်လေး… တွေးရင်းတောင် လန့်လာတယ်) ကျနော်တောင် လန့်သွားလို့ ဖုတ်သရဲမတွေ ဖုတ်သရဲမတွေလို့အော်ပြီး ထွက်ပြေးခဲ့ရတယ်ဗျာ။ အင်း--- မေ ၁၇ နေ့ရဲ့ မမေ့နိုင်စရာ အဖြစ်အပျက်လေးတခုပေါ့။

ရေချိုးပြီးတော့ အင်္ကျီအ၀တ်အစားတွေကို ၀တ်ကြည့်တဲ့ အချိန်မှာတော့ အောင်မယ်လေး ဂွမ်းချက်… ဂွမ်းချက်ဗျာ။ ကျနော်ဝတ်ဖို့ ၀ယ်လာတဲ့ အ၀တ်အစားက လူပျက်ကြီး Clown နဲ့ တူတယ်လို့ ၀ိုင်းပြောကြတယ်ဗျာ။ ကဲ… ဘယ်တတနိုင်မလဲဗျာ… လူပျက်ဆိုလည်း လူပျက်၊ ခလောင်း ဆိုလည်း ခလောင်းပေါ့။ အ၀တ်အစားကိုလည်း ကြည့်ဦးလေ.. အောက်ကဘောင်းဘီက အပြာရောင်ကျပ်ကျပ်၊ အပေါ်ကအင်္ကျီကလည်း ရှပ်အင်္ကျီပန်းရောင် အပွင့်တွေနဲ့ လည်ပင်းမှာလည်း အပန်းရောင် ဖဲပန်းကလည်း တပ်ထားသေး အောက်ကဖိနပ်ကလည်း ခဲရောင်တတောင်နီးပါးလောက်ရှည်တဲ့ စက်ရုပ်လိုဖိနပ်။ ကဲ… မျက်လုံးထဲမှာသာ ပုံဖော်ကြည့်တော့ဗျာ အုတ်အော်သောင်းနင်းရဲ့ ပုံစံကို။ (ပုံဖော်လို့မရလို့ ဓါတ်ပုံပါလိုချင်ရင်တောင်းလို့ရတယ်နော်၊ ပို့ပေးလိုက်မယ်၊ ကြိုတော့ပြောထားမယ် ကောင်မလေးတွေ ရင်ခုန်သွားရင်တော့ တာဝန်မယူဘူးနော်)

Mplus အဖွဲ့မှ ဖျော်ဖြေသွားဟန်

အောက်ထပ်က ခန်းမဆောင်ကိုသွားဖို့ အခန်းထဲကနေ IDAHO Campaign အတွက် ထုတ်ထားတဲ့ အင်္ကျီတွေ တပွေ့တပိုက်နဲ့ ထွက်လာပြီး ဓါတ်လှေကားစီးဖို့ ခလုပ်နှိပ်ပြီးစောင့်နေတုန်း ဓါတ်လှေကားတံခါးကြီးက ပွင့်လာခဲ့တယ်။ ဓါတ်လှေကား တံခါးပွင့်လာတော့ တံခါးထဲမှာ လူတယောက်ပါလာတယ်။ ဂါဝန်ပန်းဆီရောင်ကို ၀တ်ထားတာတော့ သိလိုက်တယ်။ ဒါပေမယ့် မျက်နှာကို တချက်ပဲကြည့်လိုက်မိတော့ အော်… ဘယ်သူလဲမသိဘူးပေါ့။ ကိုယ့်နဲ့မသိတဲ့သူလို့ထင်ပြီး ကိုယ့်အာရုံနဲ့ကိုယ် ခပ်တည်တည်နဲ့ မနိုင်မနင်းအင်္ကျီတွေပိုက်ပြီး လိုက်လာခဲ့တယ်။ နောက်ကနေ “ပေးလေ ကူသယ်ပေးမယ်”ဆိုတဲ့ ယောက်ျားအသံကြီးထွက်လာတော့ အောင်မယ်လေး လန့်ပြီးတော့ အင်္ကျီတွေအကုန်လုံး လှေကားထဲမှာ ပြုတ်ကျကုန်တယ်။

ကိုယ်ထင်ထားတာက ဂါဝန်တွေဝတ်ပြီး မိတ်ကပ်ပြင်ထားတဲ့ တခြားကိုယ်မသိတဲ့ မိန်းကလေးတယောက် ယောက်ပေါ့။ ယောက်ျားအသံကြီးကြားမှ သေချာပြန်ကြည့်မိတော့ အောင်မယ်လေး ဘယ်သူဖြစ်ရမှာတုန်း ပန်းဆီရောင်ဂါဝန်လေးနဲ့ ကိုးရီးယားမင်းသမီးလေးလို လှနေတဲ့ မမမာလေ။ အိုးမိုင်ဂွတ် မမမာ၊ ဒီလောက်အထိ လှသွားရလားမမရယ်ဆိုပြီး တယောက်နဲ့တယောက် ပြန့်ကြဲနေတဲ့ အင်္ကျီတွေကို ကုန်းမကောက်နိုင်သေးဘူး။ မျက်ရည်ဝဲလောက်အောင် ကြည်နူးပီတိဖြစ်ရင်း ဖက်နေကြရင်းကို အချိန်ကုန်တယ်။ ဓါတ်လှေကားထဲမှာက စီစီတီဗွီကလည်း ထည့်ထားသေးတယ်။ ကြည့်နေတဲ့သူကတော့ ဘာတွေထင်နေမလဲ မသိတော့ဘူး။ ဒီမှာတော့ ညီအစ်မတွေ ၀မ်းသာနေကြပြီ။

Mplus အဖွဲ့က HIV/Aids ပညာပေးကို ဒီလိုမျိုးအကအလှပုံစံနဲ့ ပညာပေးသွားဟန်

အောက်ထပ်ကိုရောက်တော့ ခမ်းမအပြင်မှာ လေဒီဂါဂါစတိုင်အပြည့်နဲ့ ဘယ်သူလဲလို့ကြည့်လိုက်တာ ဘယ်သူဖြစ်ရမတုန်းဗျ ဂန္ဒီစွာစွာလေ။ (အင်း ဂန္ဒီလည်း မနေရတော့ဘူး ပါကုန်ပြီ လုပ်ပစ်ကြတာလေ)။ တကယ့်အမိုက်စားတွေဗျာ။ နောက်တယောက်က ရွှေရောင်လက်လက်လေးနဲ့ လှနေတဲ့ မမ မြူးမြူးမိုက်။ (မိုက်တာကို ရိုးရိုးမမိုက်ဘူး၊ မြူးမြူးပြီးကို မိုက်တာ)။ ဒီဖက်ကို ကြည့်လိုက်ပြန်တော့ အိုးဗျာ… အနက်ရောင်ဂါဝန်ရှည်ကြီးမှာ ငွေရောင်ဘော်ကြယ်တွေ ထိုးထားတဲ့ဝတ်စုံနဲ့ သိုးမွေးတဘက်ကြီးကို ဖခုံးတစ်ဝက်ခြုံထားပြီး ပခုံပေါ်မှာခြေလိမ်ချိတ်ထိုင်နေတဲ့ မမအေးချမ်း။ အိုး… တကယ့်အာဂတွေဗျာ။ လှချက်တွေကတော့ လန်ထွက်နေလောက်အောင်ကို လှတာဗျ။ ကျနော်ဖြင့် သူတို့ကိုကြည့်ရင်း ရင်ထဲမှာဖော်ပြလို့ မရအောင်ကို ပီတိဖြစ်တယ်ဗျာ။ ကိုယ့်ရဲ့ မမတွေ ဒီလောက်ချောမှန်း လှမှန်း အခုမှပဲ မျက်ဝါးထင်ထင် တွေ့လိုက်ရတော့တယ်ဗျာ။

အိုး… ထွက်လာပြန်ပြီ နောက်တယောက် သတိုးသားဝတ်စုံကြီးကို ၀တ်လို့။ ဘယ်သူများလဲပေါ့။ အင်မတန်ခန့်ချောတဲ့ ကိုကိုကြီးပေါ့လေ။ အားလုံးဝိုင်းပြီး ရှိုးနေကြတာ။ မီးအလင်းရောင်ထဲကိုလည်း ရောက်လာရော အောင်မယ်လေး ဘယ်သူများမှတ်လဲ။ ကျနော်တို့ရဲ့ ချစ်မမကြီး မမနော်လေ။ ခပ်တည်တည်နဲ့ သတို့သားဝတ်စုံကြီးကို ၀တ်ပြီးထွက်ချလာတာ။ မမတွေရဲ့ရင်ကို ခနတာလာပြီး ပြုစားသွားတာပေါ့လေ သူက။

နောက်ထပ်ရောက်လာတဲ့ တယောက်ကတော့ အပြာရင့်ရောင် ပိုးပုဆိုးလေးကို တိုက်ပုံအဖြူရောင်လေးနဲ့ တွဲပြီးဝတ်ထားတဲ့ ကိုကိုတယောက်ပါ။ သူ့ကိုမြင်လိုက်တော့ ရင်ဘက်ထဲက နှလုံးသားရဲ့တစ်နေရာမှာ တစ်ခုခုဖြစ်သွားသလိုပဲ။ အော်… ပုဆိုးနဲ့ တိုက်ပုံနဲ့တွဲဝတ်တာ မမြင်ဖူးတာကြာလို့လည်း ဖြစ်မှာပါလေ။ အရမ်းကို တည်ကြည်ခန့်ညားနေတဲ့ ကိုကိုပေါ့နော်။

ဒီလိုမျိုး ကိုကိုစုနဲ့ မမထိုက်ကလည်း အားကျမခံ မောင်ရွှေရိုးနဲ့ မင်းသမီးတဲ့လေ

ဧည့်သည်တွေကို ကြိုဆိုတဲ့နေရာမှာတော့ ကျနော်တို့ရဲ့ ရုံးတော်ကြီးက ချစ်မမတွေ၊ ချစ်ကိုကိုတွေအပြင် ရုံးမှာ ဝေါ်လန်ထီယာအဖြစ် လုပ်ပေးနေတဲ့သူတွေ၊ နောက်ထပ် နွေရာသီသင်တန်းက ညီလေး ညီမလေးတွေကို တွေ့ရပါတယ်။ သူတို့လေးတွေကလည်း အပြုံးကိုယ်စီနဲ့ လာသမျှဧည့်သည်တွေကို ဆီးကြိုလို့ နေပါတယ်။ အဲဒီရဲ့အနီးအနားမှာလည်း ကင်မရာအလင်းရောင်တွေ ဗီဒီယို ရိုက်နေတဲ့ အလင်းရောင်တွေက အဖြတ်ဖြတ်နဲ့ကို ရိုက်ခတ်လို့ နေခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ ဧည့်သည်တွေလည်း ရောက်လာစပြုလာပြီ။ ဧည့်သည်တွေထဲမှာ သြစတြီးလျှက ဂေး အသင်းအုပ်ဆရာတယောက်လည်း လာတယ်ဗျာ။ နောက်ထပ် ဖီလစ်ပိုင်က သူငယ်ချင်းတွေ၊ ကျနော်တို့တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ အားပေးတာရော လူအားဖြင့်ရော အများကြီးကူညီမှုတွေ အားပေးမှုတွေ လုပ်နေတဲ့ တခြားအနောက်တိုင်းက သူငယ်ချင်းတွေအပြင် ထိုင်းနိုင်ငံအတွင်းမှာ ဘာအတွက်ပဲဖြစ်ဖြစ် အလုပ်လုပ်နေတဲ့ သူတွေတော်တော်များများက အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားကို တက်ရောက်လာခဲ့ကြပါတယ်။ ပြီးတော့ လိင်တူချင်းချစ်သူတွေ အခွင့်အရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ အခြားလိင်တူချင်းချစ်သူ LGBT Activist တွေလည်း လာရောက်အားပေး ကြတာကိုလည်း သတိပြုမိလိုက်ပါသေးတယ်။

ချင်းမိုင်မြို့မှာရှိတဲ့ နာမည်ကျော် အမ်ပလပ်စ် ဆိုတဲ့ လိင်တူချစ်သူ အဖွဲ့အစည်းတစ်ခုကလည်း ကျနော်တို့ရဲ့ မြန်မာလိင်တူချစ်သူတွေနဲ့အတူ ဒီအပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက့်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားမှာ အတူတကွ ပါဝင်ပူးပေါင်းပြီး အခမ်းအနားနဲ့ပတ်သက်တဲ့ အခြားလုပ်ငန်းဆောင်တာတွေကိုလည်း ၀ိုင်ဝန်းလုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ကတော့ ချင်းမိုင်းရဲ့ ရိုးရာယဉ်ကျေးမှုအကအလှတွေ၊ ခေတ်ပေါ်အကတွေ၊ အိတ်ခ်ျအိုင်ဗွီ ပညာပေးနဲ့ပတ်သက်တဲ့ အဆိုကတွေနဲ့ ပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

ချင်းမိုင်မြို့မှ လိင်ပြောင်းလဲခွဲစိတ်ထားပြီး သူလေးများရဲ့ ချင်းမိုင်ရိုးရာအကအလှ

မြန်မာစံတော်ချိန်ရဲ့ ထုံးစံအတိုင်းပေါ့နော် ၆ နာရီစမယ်လို့ ကြိုတင်ပြင်ဆင်ထားပေမယ့်လို့ အမှန်တကယ်စဖြစ်တာကတော့ ၇ နာရီမှစဖြစ်တာပါ။ မမယူရီနဲ့ အမ်ပလပ်စ် (ထိုင်း) အဖွဲ့က မော်ဒယ်လေး ဂျစ်တို့က အခမ်းအနားမှူးအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ မမယူရီနဲ့ ဂျစ်ဟာ အခမ်းအနားတစ်ခုလုံးကို မြန်မာလိုတသွယ်၊ အင်္ဂလိပ်လိုတမျိုး၊ ထိုင်းလိုတဖုံနဲ့ လူတွေအားလုံးကို အမြဲမပြတ် ပြုံးရွှင်နေရအောင် ဟာသဥာဏ်ဖောက်ပြီး အခမ်းအနားကို ဦးဆောင်သွားခဲ့ပါတယ်။ အင်မတန်မှကို ကြည်နူးသာယာ ချမ်းမြေ့ဖွယ်ကောင်းတဲ့ ပွဲလေးတစ်ခုလို့ပြောရင်း မှားမယ်မထင်ပါဘူးဗျာ။

အဲဒီအချိန်မှာပဲ ကျနော်ဆိုတဲ့ အုတ်အော်သောင်းနင်းက ထိုင်းမသိမ်းဝတ်ပြီး မိတ်ကပ်ပြင်ရန်အတွက် မြန်မာပြည်ကလာတဲ့ မြန်မာပြည်က မိတ်ကပ်ကျွမ်းကျင်တဲ့ အမေတွေကိုဆီကို အတင်းအပူကပ် အကူညီတောင်းရတော့တာပါပဲ။ အမေတွေကလည်း သဘောကောင်းလွန်းစွာနဲ့ မိတ်ကပ်ကို ပြင်ပေးပါတယ်။ အမေတွေ ကျနော့်ကိုမိတ်ကပ်ပြင်ပေးတာ စုစုပေါင်းကြာချိန် ၁၀မီနစ်ပါခင်ဗျား။ ကဲ… ဆယ်မီနစ်အတွင်းပြင်တဲ့ ကျနော်အုတ်အော်သောင်းနင်း ဘယ်လောက်အထိလှသွားမလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့ဗျာ။ ကဗျာကယာနဲ့ မိတ်ကပ်လူး ထိုင်မသိမ်းဝတ်ပြီး အောက်ကိုပြန်ဆင်းလာတဲ့ အချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် မမမာနဲ့ ပြန်တွေ့ပြန်တယ်။

ကဲ… မမမာက နောက်ထပ် ဂါဝန်တစ်ထည်လဲပြီးပြန်ဆင်းလာတာဗျာ။ ဘယ်လိုပဲနေနေ အားလုံးဟာ လှကိုလှနေတာပါဗျာ။ ကျနော်ကလည်း ထိုင်မသိမ်းကြီးကိုဝတ် လေးလက်မကျော်ကျော်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်ကြီးကို ခပ်ချေချေစီးပြီးတော့ လမ်းမလျှောက်တတ်ဘူးဖြစ်နေတာလေ။ မမမာကပဲ ကျနော့်ကို လမ်းလျှောက်နည်း ခနလေးသင်ပေးသွားခဲ့သေးတာ။ အဲဒီကြားထဲမှာ နို့မှာထည့်ထားတဲ့ စက္ကူတွေကလည်း ခနခနလျှောကျနေတာ့ သတို့သမီးဝတ်စုံက ကျပ်နေရတဲ့ကြားထဲ လူပါဇောချွေးတွေပြန်ချင်ပါရဲ့ဗျာ။ ကဲ… နောက်ဆုံးတော့လည်း မမတွေဆီကိုပြေး ဘောလီမ၀တ်ထားလို့ ပြုတ်ကျနေတဲ့ နို့အစား စက္ကူတွေကို ပြန်တင်ခိုင်းရပြန်ပါတယ်။ ခေါင်းပေါ်မှာလည်း သတို့သမီးလို ဆံထုံးမထုံးနိုင်ရှာဘူး၊ အမေမော်ဆီက ရထားတဲ့ ဆံပင်တိုတို အတုတစ်ခုနဲ့ စိန်သရဖူတစ်ခုကို တပ်ပြီး ဖြစ်သလိုပဲ တပ်ဆင်လိုက်ရတယ်။ ပြောချင်တာက ဖြစ်သလိုနဲ့ကို အုတ်အော်သောင်းနင်းက လှတာပေါ့နော်။

ညှိထားစရာမလိုပဲနဲ့ကို ၀မ်းဆက်တွေနဲ့ ပျော်နေကြတာနော်

အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် မုန်းတီးမှုများအား ပပျောက်ရေးနေ့ အခမ်းအနားလေးမှာ ပါဝင်ခဲ့တဲ့ အစီအစဉ်တွေကတော့ အဖွင့်အမှာစကားကို အမေမျိုးကနေ ပြောကြားသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထိုင်း ရိုးရာယဉ်ကျေးမှုအကနဲ့ တင်ဆက်သွားပါတယ်။ အိုး… ထိုင်းက လိင်ပြောင်းလဲခွဲစိတ်ထားသူတွေရဲ့ အလှကတော့ဗျာ လူတိုင်းငေးကြည့်ရလောက်အောင်ကို လှတာဗျ။

ထိုင်းက ဂျီမလေးတွေ ရိုးရာယဉ်ကျေးမှုအကနဲ့ တင်ဆက်ပြီးတဲ့အချိန်မှာတော့ ကျနော်တို့ရဲ့ အစ်ကိုကြီး မမနော်ကနေပြီးတော့ ဒီ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားလုပ်ရခြင်းရဲ့ အကြောင်းအရာ အကျဉ်းအချုပ်ကို ပြောကြားသွားခဲ့ပါတယ်။ တက်ရောက်သူများရဲ့ သြဘာပေးလက်ခုပ်သံဟာလည်း မိုးသို့ညံအောင်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထိုင်း ဂျီမတယောက်ဖြစ်တဲ့ ကာဘရိတ်ရှိုးမယ်တယောက်က မြူးမြူးကြွကြွသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီးတော့ မြန်မာပြည်မှ လာခဲ့တဲ့ မမခိုင်လေးက အလွမ်းအဆွေးသီချင်းဖြင့်တဖုံ၊ မမဂန္ဒီက လေဒီဂါဂါစတိုင် မြူးမြူးကြွကြွဖြင့်တသွယ်၊ မမြူးမြူးမိုက်ကလည်း နာမည်နဲ့လိုက်အောင် ကုလားသီချင်း မြူးမြူးလေးတွေနဲ့ ကပြဖျော်ဖြေသွားခဲ့သလို၊ အစ်မကြီးအေးချမ်းကလည်း ခံစားချက်အပြည့်ဖြင့် သီဆိုထားတဲ့ ဂျီမခံစားချက် အချစ်သီချင်းတပုဒ်နဲ့ ကပြဖျော်ဖြေသွားခဲ့ပါတယ်။

အဲဒီနောက်မှာ ထိုင်းအမ်ပလပ်စ်အဖွဲ့က စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှု တစ်ခုကတော့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ပညာပေးမှုကို သီချင်းသရုပ်ဆောင်ဖြင့် ဖျော်ဖြေသွားတာပဲဖြစ်ပါတယ်။ ထိုင်းကောင်လေး ကောင်းမလေးတွေကလည်း ချောချော၊ ပညာပေးမှုကလည်း စိတ်ဝင်စားစရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိ၊ အကအလှဟန်ပန်တွေကလည်း ပြောစရာမလိုအောင် ကောင်းနေတော့ ပရိသတ်တွေဟာ အပ်ကျသံကိုကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်စွာ အားပေးခဲ့ကြပါတယ်။

မြန်မာရိုးရာ ထိုင်မသိမ်းရှိုးက ဒီလိုမျိုးတွေကို ခမ်းနားလှပနေတာပါ

အော်… အားကျမခံ ရနောင်းမှ မိထိုက်ဦးဆောင်တဲ့အဖွဲ့ကလည်း မုံရွှေရည်၊ လူပျစ်ကလေး မောင်ရွှေရိုး သီချင်းနှစ်ပုတ်နဲ့ ဖျော်ဖြေခဲ့ပါတယ်။ မုံရွှေရည်သီချင်းကိုတော့ ပွဲလုပ်တိုင်း စင်ပေါ်မှာ တက်မကရရင်ကို မနေနိုင်တဲ့ မိထိုက်က မင်းသမီးအ၀တ်အစားလေးနဲ့ကပြီး ကိုကိုကြီးတယောက်က အဆိုနဲ့ ကပြအသုံးဖျော်ဖြေသွားတော့ ပရိသတ်ရော ဂျီမသူငယ်ချင်းတွေအားလုံးဟာ မိထိုက်မှ ဟုတ်ရဲ့လားလို့ အံ့သြတကြီးနဲ့ ပါးစပ်အဟောင်းသားနဲ့ ကြည့်ရလောက်အောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ မောင်ရွှေရိုးသီချင်းကိုတော့ တမူထူးခြားစွာနဲ့ ကျနော်တို့ရဲ့ သက်တံ့မဂ္ဂဇင်းစာအုပ် အတွဲ (၅)ရဲ့ မျက်နှာဖုံးမှာ ပါခဲ့ဖူးတဲ့ မစုတစ်ဖြစ်လည်း ကိုကိုက ရွှေရိုးလိုသရုပ်ဆောင်ပြီးတော့ ပွဲတိုင်းကျော် မိထိုက်မက မင်းသမီးအကနဲ့ ဖျော်ဖြေခဲ့ပါတယ်။

မမယူရီကလည်း Flying Over the Rainbow (မမယူရီ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်စပ်၊ ကိုယ်တိုင်ဆို)ထားတဲ့ သီချင်းလေးကို ဖျော်ဖြေတင်ဆက်ရာမှာတော့ ထိုင်းအမ်ပလပ်စ်အဖွဲ့က နောက်ခံအကဖြင့် ကပြဖျော်ဖြေသွားခဲ့ပါတယ်။ အိုး… မမယူရီသီချင်းဆိုတဲ့အချိန်မှာ မမယူရီ လက်ထပ်ထားတဲ့ မမရဲ့ဘ၀လက်တွဲဖော်က ပန်းစည်းကိုလာပေးတဲ့အချိန်မှာတော့ ပရိတ်သတ်ရဲ့ လက်ခုပ်သံဟာ မိုးသို့ညံခဲ့ပါတော့တယ်။ မမယူရီအတွက်လည်း အရမ်းကိုဂုဏ်ယူမိပါတယ်ဗျာ။

နောက်မှာတော့ ထိုင်မသိမ်းရှိုးတဲ့ဗျာ။ အစီစဉ်ကြေညာသူ မမရီနဲ့ ဂျစ်က ကြေညာပြီးတဲ့နောက်မှာ မင်္ဂလာသီချင်း စတင်ပေါ်ထွက်လာခဲ့ပါတယ်။ စင်မြင့်ရဲ့ ဘယ်ဘက်ကနေ မင်္ဂလာမောင်နှံနှစ်ယောက် စင်မြင့်ပေါ်ကို တက်ရောက်လို့ လာခဲ့ပါတယ်။ ဘယ်သူတွေများမှတ်လဲဗျ။ ကိုကိုဆန်နီနဲ့ မမနေလေ။ အိုး… နှစ်ယောက်စလုံးက ငါးပူတင်းလေးတွေအလား ၀၀လုံးလုံးလေးနဲ့ ချစ်စရာကောင်းနေအောင်ကို လှတာပါဗျာ။

နောက်စင်မြင့်ရဲ့ညာဖက်ကနေ တက်လာတဲ့ ပန်းရောင်ဝတ်စုံလေးနဲ့ မင်္ဂလာမောင်နှံကတော့ ၀ါးခြမ်းပြားတွေကို အ၀တ်တွေပတ်ပေးထားသည့်အလား သတိုးသားဝတ်စုံကြီးကို ခပ်မိန့်မိန့်ဝတ်ထားတဲ့ သတိုးသားတစ်ဖြစ်လဲ ညီလေးနန္ဒနဲ့ ပိန်ပိန်ပါးပါး ချပ်ချပ်ရပ်ရပ်နဲ့ -ာဆန်ဆန်လှနေတဲ့ (-ာဆန်တာတောင်မှ မိတ်ကပ်ပြင်ပေးတဲ့အမေက ဘို-ာဆန်တာတဲ့လေ) ကျနော် အုတ်အော်သောင်းနင်းပါခင်ဗျား။ အောင်မယ်လေးဗျာ အဲလိုမျိုး သတိုးသားလက်ကိုတွဲပြီး လျှောက်နေရတာလောက် လောကကြီးမှာ သာယာတာ ဘယ်ရှိဦးမလဲဗျာ။ (ဒါပေမယ့် ကျနော်တကယ့်မင်္ဂလာဆောင်ရင်တော့ နှစ်ယောက်စလုံးက သတိုးသားဝတ်စုံပဲ ၀တ်ချင်တာဗျ။ ကျနော်က အပျော်လုပ်ချင်လို့ပဲ မိန်းကလေးဝတ်စုံဝတ်လိုက်တာ။ တကယ့်ဆောင်ရင် ယောက်ျားလေးလိုပဲ ဆောင်ချင်ပါတယ်ဗျာ) အော်… ကျန်တဲ့ မမလှလှတွေကလည်း တယောက်တစ်မျိုးစီနဲ့ လှနေကြတယ်ဗျာ။ စင်မြင့်ပေါ်ကို သတိုးသမီး ထိုင်မသိမ်းဝတ်စုံတွေနဲ့ တက်လာကြတာ တကယ့် မိုးနတ်မိမယ်လေးတွေအလား အမှတ်မှားကြရတယ်ဗျာ။

အောင်မြင်စွာနဲ့ ပြုံးပျော်ရွှင်နေကြတာ ကြည့်ရင်းလွမ်းလာတယ်

နောက်ထပ်အစီစဉ်တစ်ခုကတော့ မမယူရီကသီဆိုပြီး ကျန်တဲ့ မေမေတွေရော မမတွေရော ကိုကိုတွေရော ဂျီ၊ လက်၊ စုံပလုံတုံတက်ပြီး စင်ပေါ်မှာ အောင်ပွဲခံယူတဲ့ သီချင်းလေးပဲဖြစ်ပါတယ်ဗျာ။ သီချင်းလေးကတော့ I am What I am ဖြစ်ပါတယ်။ သီချင်းသံစဉ်လေးနဲ့အတူ အားလုံးတယောက်ပြီးတယောက် စင်မြင့်ပေါ်ကို တက်သွားလိုက်ကြတာ စင်မြင့်ကြီးခဗျာ ဂျီစင်ကြီးကိုဖြစ်လို့ သွားခဲ့ပါတော့တယ်။ ဓါတ်ပုံတွေဆိုတာလည်း ရိုက်လိုက်ကြတာဗျာ ပြောစရာကို မလိုတော့ဘူး။ ဗီဒီယိုလည်း ရိုက်ထားပါတယ်ခင်ဗျား။

နောက်ထပ် ကျနော်တို့ရဲ့ အာရှတခွင်မှာ ပထမဦးဆုံးထုတ်တဲ့ သက်တံ့သံစဉ်များလို့ အမည်ရတဲ့ သီချင်းခွေ လယ်လ်ဘမ်ကိုလည်း ထုတ်လုပ်ထားကြောင်း အမေမျိုးကကြေညာပေးသွားသေးတယ်ခင်ဗျား။ ရိန်းဘိုးကာလာအဖွဲ့ကလည်း အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားအထိမ်းအမှတ်ကို ရည်ရွယ်ပြီးတော့ International Day against Homophobia (IDAHO) လက်ကမ်းစာစောင်နဲ့ သက်တံ့စာစောင် အတွဲ (၆) တို့ကိုလည်း ထုတ်ဝေဖြန့်ချီပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်ခင်ဗျား။

ဘာပဲပြောပြော ၂၀၁၀ခုနှစ် မေလ ၁၇ရက်နေ့ကပြုလုပ်ကျင်းပသွားတဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့အခမ်းအနားလေးကို အားလုံးလက်တွဲပြီး အတူတူဆင်နွှဲခဲ့ကြတဲ့ အမေတွေ၊ အစ်ကိုတွေ၊ အစ်မတွေ၊ ညီလေး၊ ညီမလေး၊ သူငယ်ချင်း၊ မိတ်ဆွေပေါင်းအသင်းတွေအပါအ၀င် အဖက်ဖက်ကနေ ကူညီပေးခဲ့တဲ့ သူတွေအားလုံးကို သတိရတမ်းတမိပြီး ကျေးဇူးတင်ရှိပါကြောင်းလည်း ပြောချင်ပါတယ်ခင်ဗျား။ တစ်နှစ်ထက်တစ်နှစ်လည်း နေရာဒေသ အတော်များများ ပြည်တွင်းရော ပြည်ပမှာပါမကျန် ဒီလိုအခမ်းအနားပွဲတွေကို လုပ်ဆောင်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

အခုတော့ အားလုံးကို လွမ်းဆွတ်တဲ့အလွမ်းတွေကို ဒီစာလေးနဲ့ပဲ ရေးပြီးတော့ အလွမ်းဖြေခွင့်ရခဲ့တဲ့အတွက် ၀မ်းသာကြည်နူးမိပါတယ်။

အုတ်အော်သောင်းနင်း

(၂၈ ရက်နေ့ မေလ၊ ၂၀၁၀ခုနှစ်)

(တောင်းပန်ချက်။  ။ ကျနော်က စာရေးဆရာတယောက်မဟုတ်တဲ့အတွက် ကျနော်ရေးထားတဲ့ စာထဲမှာ ရိုင်းတာများ အမှားများပါရင် အားလုံးကို ခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျား။ ကျနော့်ရဲ့ အမြင် ခံစားချက်လေးကိုရေးထားတာ သက်သက်သာ ဖြစ်ပါတယ်ခင်ဗျား)

Comments
Add New Search
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More

Secured by Siteground Web Hosting