လိင်တူချစ်သူအမျိုးသမီးအချင်းချင်း အခြားအမျိုးသားတယောက် အကူအညီမပါဘဲ မိမိကိုယ်ဝန်နဲ့လွယ်ပြီး ရင်သွေးယူရတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ အဲဒီလိုမလွယ်တဲ့အထဲမှာမှ ဘေဂျင်းလို မြို့ကြီးပြကြီးမှာနေတဲ့ လိင်တူချစ်သူအမျိုးသမီးစုံတွဲတွေအတွက်ဆိုရင် ပိုလို့တောင် ခဲယဉ်းပါသေးတယ်။
“ဒိန်းမတ်နဲ့ ဗြိတိန်မှာအခြေစိုက်တဲ့ သုတ်ပိုးလှူဒါန်းတဲ့ဘဏ်နှစ်ခုကို အွန်လိုင်းပေါ်မှာရှာတွေ့လိုက်တော့ ကျမတို့နှစ်ယောက်စလုံး တကယ်ကို အရမ်းပျော်သွားတာ၊ မကြာခင်ကလေးရတော့မယ်ပေါ့နော်။
ဒါပေမဲ့ နောက်ပိုင်းမှာ အခက်အခဲတွေအများကြီးတွေ့ရတယ်။ ဘေဂျင်းမြို့မှာနေပြီးတော့ ပြည်ပကအမျိုးသား သုတ်ပိုးကိုယူပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ဆိုတာ လိင်တူချစ်သူအမျိုးသမီးစုံတွဲ တွေအနေနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အလွန့်အလွန်ကိုခက်ခဲတဲ့ နည်းလမ်းတခုပါ”လို့ ဘေးဂျင်းမြို့က လိင်တူချစ်သူစုံတွဲဖြစ်တဲ့ ယွန်ယွန်နဲ့ ဟောင်တို့စုံတွဲက မကျေမချမ်းထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
ယွန်ယွန်နဲ့ ဟောင်တို့စုံတွဲဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ နေတဲ့ အမျိုးသမီးချစ်သူစုံတွဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ အရည်အသွေးပြည့်မီတဲ့ အမျိုးသားသုတ်ပိုးရရှိဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းအားထုတ်ခဲ့ကြတာကြာပါပြီ။ အခုလို ကလေးရယူဖို့ဆုံးဖြတ်ခဲ့ကြတာက ယွန်နဲ့ ဟောင်တို့နှစ်ယောက်အတူလက်တွဲလာခဲ့တဲ့ သုံးနှစ်ပြည့်ပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အနက် အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ ဟောင်ကတော့ ကလေးလိုချင်လွန်းလို့ အရူးတပိုင်းလိုဖြစ်နေပါတယ်။
ဒါပေမယ့် တရုတ်ပြည်မှာ တရားဝင်လက်ထပ်ထိမ်းမြားထားခြင်းမရှိတဲ့ တရုတ်အမျိုးသမီးတယောက်အနေနဲ့ အမျိုးသားတွေရဲ့ သုတ်ပိုးကို တရားဝင်ဝယ်ယူခွင့်မရှိပါဘူး။ တရုတ်ပြည်မှာနေပြီး ပြည်ပကအမျိုးသားသုတ်ပိုးကိုမှာယူပြီး ကိုယ်ဝန်ဆောင်မယ်လို့ ပထမက စိတ်ကူးခဲ့ပေမဲ့ တရုတ်ဥပဒေက ဒါကို ခွင့်မပြုခဲ့ပါဘူး။ အဲဒီစိတ်ကူးပြိုပျက်ခဲ့ရပေမဲ့ ဟောင်တို့စုံတွဲကတော့ စိတ်ဓာတ်ကျမသွားသေးပါဘူး။ ဟောင်ကောင်အထိသွားပြီး ကိုယ်ဝန်ယူလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒါနဲ့ နည်းနည်းပါးပါးစူးစမ်းပြီးမေးမြန်းကြည့်ပြန်တော့ ဟောင်ကောင်ကလည်း အဲလိုပဲ သုတ်ပိုးတင်ပို့ခွင့်မပေးပြန်ပါဘူး။ ဒီလိုနဲ့ အိန္ဒိယက အခြေအနေကို လေ့လာပြန်ပါသေးတယ်။ ဒိန်းမတ်နိုင်ငံက သုတ်ပိုးအလှူဘဏ်တခုကို အိန္ဒိယမှာပြန်ရှာတွေပြန်တော့ အရမ်းကိုဝမ်းသာသွားကြပါတယ်။ အိန္ဒိယကို သွားပြီး သုတ်ပိုးယူမယ်ပေါ့။ ဒါပေမယ့် ပျော်ရွှင်ကြည်နူးမှုက သိပ်မကြာလိုက်ပါဘူး။
အိန္ဒိယက သူတို့နိုင်ငံသားတွေကိုပဲ တရားဥပဒေအရခွင့်ပြုတာဖြစ်ပြီး နိုင်ငံခြားသားတွေကို ရောင်းခွင့်မပြုဘူးဆိုတာ သိလိုက်ရတော့ သူတို့မျှော်လင့်ချက်တွေ ကြေမွသွားရပြန်ပြီပေါ့။ ဟောင်တို့စုံတွဲအတွက် နောက်ဆုံးမျှော်လင့်ချက်ကတော့ အင်္ဂလန်နိုင်ငံပဲ ကျန်ပါတော့တယ်။
အင်္ဂလန်နိုင်ငံမှာတော့ ဘယ်သူမဆို သုတ်ပိုးကို လှူဒါန်းနိုင်သလို ၀ယ်ယူဖို့လည်းခွင့်ပြုပါတယ်။ ဒါနဲ့ ပွဲစားတွေဆီကနေတဆင့် ဘယ်လောက်ကုန်ကျနိုင်မလဲလို့ မေးကြည့်တော့ ဈေးနှုန်းက ကလေးတယောက်အတွက် ၁၅၀၀ ပေါင်လို့ဆိုတော့ ဟောင်နဲ့ ယွန်တို့အတွက် အတော်လေး ရှာဖွေရမယ့်ဈေးနှုန်းပါ။ “ဒါကြောင့် သုတ်ပိုးအလှူရှင်တွေဆီက သုတ်ပိုးဝယ်ပြီး ကလေးယူဖို့ ဘယ်တော့မှမစဉ်းစားတော့ဘူး” လို့ ယွန်ယွန်က မချိပြုံးလေးနဲ့ ပြောရှာပါတယ်။ ကုန်ကျစရိတ်ကြီးလို့ မကြိုးစားတော့တာလားလို့မေးတော့ “မဟုတ်ဘူး။
ကျမတို့နှစ်ယောက်က သုတ်ပိုးအလှူရှင်ရဲ့နာမည်ကိုပါ သိချင်တာလေ။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ကျမတို့ကလေးကြီးလာလို့ အဖေဘယ်သူလဲလို့မေးရင် နင့်အဖေက အမှတ်ဘယ်လောက်၊ မျဉ်းစောင်းဘယ်လောက် စသဖြင့် သုတ်ပိုးမှတ်ပုံတင်နံပါတ်တွေ ရွတ်ဖတ်ပြနေရတဲ့ အဖြစ်မျိုးမကြုံချင်လို့ပါ။ ကလေးမှာလဲ သူ့ဖခင်အရင်း ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ သိခွင့်ရှိရမှာပဲလေ၊ မဟုတ်ဘူးလား။
အဲလိုပဲ ကလေးအဖေကလဲ ကလေးဆီကို အချိန်မရွေးလာရောက်လည်ပတ် ကြည့်ရှုခွင့်ရှိသင့်တာပေါ့။ ဒါပေမယ့် တရားဥပဒေအရတော့ သူ့မှာပိုင်ဆိုင်ခွင့်မရှိစေရဘူး”လို့ သူတို့စုံတွဲက ပြန်ပြောခဲ့ပါတယ်။ အခုအချိန်ထိ ဟောင်နဲ့ ယွန်ယွန်က ကလေးရယူဖို့အတွက် အမျိုးသားသုတ်ပိုးအလှူရှင် အလိုရှိကြောင်းကို အင်တာနက်ဝက်ဆိုက်တွေမှာ လိုက်လံကြော်ငြာထားဆဲပဲဖြစ်ပါတယ်။ သူတို့အလိုရှိတဲ့ သုတ်ပိုးအလှူရှင်ဟာ အသက် ၂၁ ကနေ ၄၅ အတွင်းရှိရမယ့် နောက်ပြီး အရပ်အမောင်း ၆ ပေနဲ့ အထက်မှာရှိရမယ်။ ပြီးတော့ မျိုးရိုးဗီဇပါ ရောဂါလက္ခဏာရှိသူ မဖြစ်ရဘူးလို့ဆိုထားပါတယ်။
တကယ်လို့သာ သုတ်ပိုးအလှူရှင်ကို ရှာတွေ့ပြီး ကိုယ်ဝန်ရလိုက်လို့ ယွန်ယွန်နဲ့ ဟောင်တို့စုံတွဲအတွက် ပြဿနာပြေလည်သွားပြီလို့ မထင်လိုက်ပါနဲ့။ တရုတ်ပြည်ရဲ့ တရားဥပဒေအရ ဟောင်တို့မွေးလိုက်တဲ့ကလေးဟာ တရုတ်နိုင်ငံသားဖြစ်ဖို့အတွက် အမျိုးသားတယောက်နဲ့ လက်ထပ်ထားမှ ရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အမျိုးသမီးတယောက်ဟာ လင်ယောက်ျားမရှိဘဲနဲ့ ကလေးမွေးလို့မရနိုင်ပါဘူး၊ တကယ်လို့ ခင်ပွန်းသည်မရှိပဲမွေးခဲ့မယ်ဆိုရင် ဟောင် တယောက် အလုပ်ပြုတ်ရုံတင်မက အပြစ်ဒဏ်ပါပေးခံရနိုင်ပါတယ်။ ဒါက ကလေးရပြီးရင်တော့ ရင်ဆိုင်ရမဲ့ နောက်ပြဿနာတခုပါဘဲ။ အမှန်တကယ်တော့ ဟောင်ဟာ ယွန်ယွန်နဲ့မတွေ့ခင်က အမျိုးသားတယောက်နဲ့ အိမ်ထောင်ကျခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားက ဟောင်စိတ်ကူးထာတဲ့ အချစ်မျိုးကိုပေးနိုင်မယ့် အမျိုးသားမဖြစ်တဲ့အတွက် ဟောင်ဟာ အဲဒီအမျိုးသားကိုထားခဲ့ပြီး ယွန်ယွန်နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။
တရုတ်ပြည်မှာ လိင်တူချစ်သူတွေအနေနဲ့ ကလေးမွေးနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တခုမဟုတ်သလို အထူးအဆန်းဖြစ်ရပ်အဖြစ် လူတွေထင်မြင်နေတုန်းပါ။ ရှားရှားပါးပါးထဲမှာဆိုလို့ မနှစ်က တရုတ်အမျိုးသားသုတ်ပိုးအလှူရှင်တယောက်ကြောင့် ကလေးမွေးနိုင်ခဲ့တဲ့ ဗြိတိသျှအမျိုးသမီးတဦးနဲ့ တရုတ်အမျိုးသမီးတို့စုံတွဲ၊ နောက်တော့ ဂွမ်ဇောင်ပြည်နယ်က လိင်တူချစ်တူအမျိုးသမီးစုံတွဲနဲ့ အတူလက်တွဲနေထိုင်ခဲ့တာ ၂၁ နှစ်ရှိပြီဖြစ်တဲ့ ဆီချွမ်းပြည်နယ်က လီလွန်ဇောင်နဲ့ ဂျူဂျီယန်းဇောင်တို့ လိင်တူချစ်သူ အမျိုးသားစုံတွဲတွေလောက်ဘဲ ရှိတာဖြစ်ပါတယ်။ လီနဲ့ဂျူတို့စုံတွဲကတော့ သားလေးတယောက်ကို မွေးစားခဲ့ကြတာဖြစ်ပါတယ်။
အနာဂတ်မှာ ဘယ်လိုအခက်အခဲမျိုးတွေရှိနေပါစေ လတ်တလောမှာတော့ ဗေဒင်ဆရာတယောက်က “ဟောင် ရဲ့အိမ်မက်တွေ၊ မျှော်လင့်ချက်တွေက တကယ်ဖြစ်လာပါလိမ့်မယ်တဲ့။ ဒါပေမယ့် အဲဒီအိမ်မက်အကောင် အထည်ဖော်လာဖို့အတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ရမယ်” လို့ ဟောထားတော့ နှစ်ယောက်သားပြုံးပြုံးရွင်ရွင် ရယ်ရယ်မောမောနဲ့ အနာဂတ်အတွက် ပြင်ဆင်နေကြပါတယ်။ စာဖတ်သူအနေနဲ့ တကယ်လို့သာ ဟောင်နဲ့ ယွန်တို့ရည်မှန်းထားတဲ့ စံချိန်နဲ့ ကိုက်ညီတဲ့သူဖြစ်ပြီး ဟောင်နဲ့ ယွန်တို့ကိုလည်း အမှန်တကယ်ကူညီချင်တယ်ဆိုရင်တော့ ဟောဒီအောက်မှာ ဖော်ပြထားတဲ့လိပ်စာအတိုင်း သူတို့စုံတွဲကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
October 13, 2008 Adapted by knoo
This e-mail address is being protected from spambots. You need JavaScript enabled to view it Sources; Fridae news letter, Fridae.com
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev |
|---|






Welcome Boy Homo created this network with SocialGO.