ဒီတစ်လ ကျန်းမာရေးကဏ္ဍမှာတော့ ဖင်တကြွကြွ ရင်တကြွကြွနဲ့ ရင်သား၊ တင်သားတွေ လှချင်လွန်းလို့ အမျိုးသမီးဟိုမုန်းဆေးတွေကို ပဲကြီးလှော်ဝါးသလို တကျွတ်ကျွတ်နဲ့ ခိုးလို့ဝါးစားနေကြရင်း လိင်အင်္ဂါ ပြောင်းဖို့အထိစိတ်ကူးယဉ်နေကြတဲ့ ဂျီမတွေ အတွက် သတိထားစရာအချက်တွေကို ကျန်းမာရေးရှုထောင့်ကနေ တစေ့တစောင်း တင်ပြပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစောင်မှာဖတ်လိုက်ရတယ်။ ထိုင်းနိုင်ငံက ဂျီမပေါက်စတွေလေ လှချင်လွန်းလို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ငွေကိုပဲကြည့်တဲ့ ပေါက်တတ်ကရ ဆေးခန်းတွေမှာသွားပြီး သူတို့အမျိုးသားလိင်အဂါင်္ကို သွားဖြတ်ထုတ်ကြတဲ့သတင်းလေ။ ဖတ်မိကြမှာပေါ့။ သက်တန့်စာစောင်မှာတောင် ဖော်ပြခဲ့သေးတယ်လေ။ ကောင်းကောင်းမွန်မွန် တတ်သိနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီ အကြံပေးမှုတွေကိုမယူ၊ လှချင်တာသက်သက်နဲ့ လက်လွတ်စပယ်လုပ်ပြီးမှ ခွဲထုတ်ပြီးသားဝှေးစေ့တွေ လိင်အင်္ဂါတွေကို ပြန်လိုချင်ရတာနဲ့၊ ဝှေးစေ့မရှိတော့ ကျားဟိုမုန်းက မလာ၊ မဟိုမုန်းဆေးဝယ်ထိုး ၀ယ်စားဖို့ကျပြန်တော့လည်း ငွေကမရှိနဲ့ ဒုက္ခလှလှစယမက ဒုက္ခဆိုးဆိုးနဲ့ တွေ့ခဲ့ကြတယ်တဲ့လေ။ သိတယ်မဟုတ်လား၊ အဲလို အဲလို ဒုက္ခတွေ မရောက်စေချင်လို့ ဒီတလမှာ လိင်ခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်လို့ ဗဟုသုတလေးတွေဝေမျှလိုက်ပါတယ်။
ပြင်လွန်းရင်ဖင်ချွန်းတယ်၊ ထိုင်နေရင်အကောင်းသား ထတော့မှ ကျိုးမှန်းသိဆိုသလို ကိုယ့်ရဲ့နဂိုမူလ သဘာဝအတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ လိင်တူချစ်သူဘ၀ကို ဖြတ်သန်းသွားနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့နော်။ အဲဒါမှမဟုတ် ဂျီမတို့ မြန်မာ့လူမှုအသိုင်းအ၀ိုင်းက ထုံးစံအတိုင်း အများတကာကို ကူညီချင်လွန်းလို့ ဆေးမြီးတိုကမ်းတတ်တဲ့ အကျင့်က အစဉ်အလာရှိတယ်မဟုတ်လား။ ပိုလို့လှအောင်ဆိုပြီး မတောက်တခေါက်ဆေးမီးတိုတွေ အကြံဥာဏ်တွေကြောင့် နောက်ဆုံးတော့ မရှုနိုင်မကယ်နိုင်နဲ့ အရပ်ကူပါ၊ ဘေးကူပါအဖြစ်နဲ့ တိုးနေမှာစိုးလို့ ပါ။
အခုတခါတင်ပြလိုက်တဲ့ လိင်ပြောင်းလဲခွဲစိတ်ရင် သတိထားရမယ့်အချက်တွေနဲ့ အကြံဥာဏ်တွေက ထိုင်းနိုင်ငံမှာ အစိုးရကအသိအမှတ်ပြုထားပြီး အခြားနာမည်ကျော် လိင်ပြောင်းလဲခွဲစိတ်ပြုပြင်ပြီးသူတွေရဲ့ ထောက်ခံချက်တွေကိုလဲ အများအပြားရရှိထားတဲ့ ယန်ဟီး ဆေးရုံက ဆရာဝန် ဒေါက်တာ ဂရင်းချပ် ပွန်ဆင်စီရီရတ် နဲ့ ဒေါက်တာ ဂျူတာ ဂျန်စီတို့ရဲ့ အကြံပြုချက်တွေဖြစ်ပါတယ်။
လိင်ပြောင်းလဲ ခွဲစိတ်တော့မယ်ဆိုရင် အဓိကအရေးကြီးဆုံးအချက်က မိမိစိတ်ကိုမိမိ ရှင်းရှင်းလင်းလင်းဖြစ်အောင် နားလည်နေဖို့လိုပါတယ်။ ပြီးရင် ပတ်ဝန်းကျင် မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းတွေဆီက လာမယ့် တုန့်ပြန်မှုတွေအတွက်လည်း ဘယ်လို ဘယ်ပုံ ပြန်လည်တုန့်ပြန် ရင်ဆိုင် ကြုံတွေ့မယ် ဆိုတာတွေကိုလည်း ကြိုတင်ပြင်ဆင် ထားရမှာဖြစ်ပါတယ်။ အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုက အရေးကြီးဆုံးပါ။ လိင်ပြောင်းလဲ ခွဲစိတ်တော့မယ်ဆိုရင် ဆေးပညာရပ်ကနေ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေရှိပါတယ်။ အဲဒါတွေကတော့ အမျိုးသားကနေ အမျိုးသမီးဘ၀ကို ပြောင်းလဲခွဲစိတ်မယ်ဆိုရင် -
ပြင်ပလောကမှာ အမျိုးသမီးတဦးလို ပွင့်ပွင့်လင်းလင်းနဲ့ တနှစ်တာကာလပတ်လုံး နေထိုင်ခဲ့ဖူးရမယ်။
မိမိကိုယ်မိမိ အမျိုးသမီးတဦးခံစားတဲ့ စိတ်ခံစားမှုမျိုးအနည်းဆုံး နှစ်နှစ်တိတိခံစားခဲ့ဖူးရမယ်။
မိမိရဲ့ အမျိုးသားလိင်အင်္ဂါကို မုန်းတီးစိတ် ဒါမှမဟုတ် မနှစ်မြို့တဲ့ခံစားချက်မျိုးရှိရမယ်။
လိင်တူချင်းစိတ်ဝင်စားတဲ့ အပြုအမူ၊ စိတ်ခံစားမှုမျိုး လုံးဝကို လုံးဝမရှိရဘူး။
မဟိုမုန်းဆေးတွေကို စားဆေးဖြစ်စေ ထိုးဆေးဖြစ်စေ အသုံးပြုနေသူဖြစ်ရမယ်။
စိတ်ပိုင်းဆိုင်ရာဆရာဝန်ရဲ့ မေးမြန်းချက်တွေကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး၊ လိင်ပြောင်းလဲ ခွဲစိတ်ဖို့ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ဆီက ခွင့်ပြုချက်လက်မှတ်ရရှိပြီးသူဖြစ်ရမယ်။
ဒီအချက်တွေကတော့ ခွဲစိတ်မှုမပြုလုပ်ခင်မှာ ပြင်ဆင်ရမယ့်အချက်တွေပါ။ ပြီးတော့ လိင်ပြောင်းလဲခွဲစိတ်တော့မယ်ဆိုရင် သတိထားသင့်တဲ့အချက် နောက်တချက်ကတော့ ဥပဒေ ရှုထောင့်ကပဲဖြစ်ပါတယ်။ တကယ်လို့ လိင်ခွဲစိတ်ပြောင်းလဲမှုကို ပြုလုပ်တော့မယ်ဆိုရင်တော့ အဲဒီခွဲစိတ်မှုပြုမယ့် နိုင်ငံရဲ့ ဥပဒေက လိင်ပြောင်းလဲခွဲစိတ်မှုကိုပြုလုပ်ဖို့ ခွင့်ပြုချက်ပေးလား မပေးဘူးလားနဲ့ ခွင့်ပြုရင်တောင် ဘယ်အသက်အရွယ်မှာမှ ခွဲစိတ်ပြောင်းလဲခွင့်ပေးသလဲဆိုတာကို အသေအချာလေ့လာရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ပြောင်းလဲခွဲစိတ်ပြီးသွားရင် အစိုးရက အဲဒီလိုမျိုး လိင်ပြောင်းလဲခွဲစိတ်ပြီးသွားတဲ့သူအတွက် ဘယ်လိုမျိုးကျန်းမာရေးစောင့်ရှောက်မှုတွေကို ဥပဒေနဲ့တကွ ဘယ်လိုအာမခံချက်မျိုး ပေးထားသလဲဆိုတာကိုပါ လေ့လာရမှာဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်ကြီးရင့်လာတဲ့အချိန်၊ တကယ်လို့များ ငွေရေးကြေးရေးအခက်အခဲတွေရှိလို့ ဟိုမုန်းဆေးတွေ ၀ယ်မစားနိုင် မထိုးနိုင်ရင် ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဥရောပနိုင်ငံအချို့တွေမှာဆိုရင် ဒီလို လိင်ပြောင်းလဲခွဲစိတ်ပြီးသွားတဲ့သူတွေကို ပင်စင်ယူသွားတဲ့အချိန်ထိ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေကို ဥပဒေကနေ စနစ်တကျ အာမခံစောင့်ရှောက်တာတွေရှိပါတယ်။
တကယ်လို့များ ထိုင်းနိုင်ငံမှာ လိင်ပြောင်းလဲ ခွဲစိတ်မယ်ဆိုရင် အနည်းဆုံးအသက် ၂၀ ပြည့်ရပါမယ်။ ဒါမှမဟုတ်လို့ အသက် ၂၀ အောက်ဖြစ်ပေမဲ့ လိုအပ်လို့ ခွဲစိတ်ပြောင်းလဲမှုလုပ်ရမယ်ဆိုရင်တော့ မိဘတွေရဲ့ ခွင့်ပြုချက် သဘောထားကို ရယူရပါမယ်။ စိတ်ပိုင်းဆိုင်ရာအရ စမ်းသပ်မေးမြန်းမှုတွေအားလုံး အောင်မြင်သွားလို့ ဥပဒေဘောင်နဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး ဆိုရင်တော့ နောက်ဆုံးအနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အောက်ပါလုပ်ဆောင်ချက်တွေကို ကြိုတင်ပြင်ဆင် ပြုလုပ်ရမှာဖြစ်ပါတယ်။
ဆရာဝန်ရဲ့ ဆေးစစ်ချက်မှတ်တမ်းရှိရမယ်။
ကိုယ်ကာယကျန်းမာမှုကို ဆရာဝန်ကတဖန်ပြန်လည် စစ်ဆေးရမယ်။
လိင်ပြောင်းလဲခွဲစိတ်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးစစ်မှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းကို ဆရာဝန်ဆီကို ပြန်လည် အကြောင်းကြားရပါမယ်။
ခွဲစိတ်မှုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ဆေးဝါးတွေကို ကြိုတင်ပြင်ဆင်ထားရပါမယ်။
ခွဲစိတ်မှုမပြုလုပ်ခင် (၂) ပတ်ကြိုတင်ပြီး ဟိုးမုန်းဆေးစားသုံးနေတာတွေ ရပ်တန့်ပစ်ရမှာဖြစ်ပါတယ်။
ခွဲစိတ်ပြီးလို့ နှစ်ရက် သုံးရက်လောက်ကြာမှ အစာပျော့တွေကို စတင်စားသုံးနိုင်မှာဖြစ်ပါတယ်။
ပြီးတော့ ဆီးသွားလို့ရပါပြီ။
လိင်ပြောင်းလဲခွဲစိတ်ပြီးလို့ ၄၊ ၅ ရက်အကြာမှာတော့ လမ်းစလျှောက်လို့ ရနိုင်ပြီလို့ဆိုပါတယ်။ အဲဒီနောက်မှာတော့ အသစ်ဖြစ်လာခဲ့တဲ့ မလိင်အင်္ဂါကို ဖွံ့ဖြိုးလာဖို့အတွက် တနေ့ သုံးလေးခါလောက် dilatorလို့ ခေါ်တဲ့ သားရေသားပျော့လေးနဲ့ ပြုလုပ်ထားတဲ့ လိင်တံအတုကို မအင်္ဂါဇာတ်ထဲကို အစားထိုး ထိုးသွင်းထားရပါတယ်။ တကယ်လို့ မိမိရဲ့ မအင်္ဂါဇာတ်ကို အတွင်းနက်နက်လေးဖြစ်စေချင်ရင်တော့ နေ့တိုင်းလိုလို ထိုးသွင်းပေးရမယ်လို့ဆိုပါတယ်။ ခွဲစိတ်ပြီးတဲ့နေ့ကနေစပြီး နှစ်လအတွင်း လိင်ဆက်ဆံတာကို လုံးဝရှောင်ကြဉ်ရမှာဖြစ်ပြီး အဲဒီနှစ်လကျော်လွန် ပြီးသွားရင်တော့ လိင်မှုရေးရာဘက်ကို စတင်စဉ်းစား လို့ရပြီလို့ ဆိုနိုင်ပါတယ်။
ဒီနေရာမှာလူအတော်များများက မေးတတ်မြန်းတတ်ကြတာလေးတွေရှိလို့ ဖောက်သည်ချပါရစေ။ တချို့ကမေးတယ် ယောက်ျားကနေ မိန်းမကိုခွဲစိတ်ပြီးလို့ရှိရင် လိင်ပိုင်းဆိုင်ရာအရ ခံစားမှု (ကျေနပ်မှု) ကိုမရတော့ဘူး လို့ပြောကြတာ ရှိပါတယ်။ ဒါပေမယ့် အဲဒီလိင်ဆက်ဆံတဲ့ အရသာ ခံစားလို့ရမရဆိုတာက ကာယကံရှင်အပေါ်မှာသာ မူတည် တယ်လို့ဆိုကြပါတယ်။ မအင်္ဂါကလဲ မိန်းမအော်ရီဂျင်နယ်နဲ့ ချွတ်စွတ်ခွဲမရအောင် တူတယ်လို့ဆိုကြပါတယ်။ တချို့က လိင်ပျော်ရွင်မှုကိုလည်း အထွတ်အထိပ်ထိရကြတယ်လို့ ဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆို အချို့ ခွဲစိတ်ပါရဂူရှင်တွေက ယောက်ျားလိင်တံထိပ်က အရေပြားကို အမျိုးသမီးလိင်အင်္ဂါပြောင်းတဲ့အထဲမှာ ပြန်လည်ထည့်ပေးတာ၊ နောက်ပြီး အမျိုးသားလိင်အင်္ဂါထိပ်က အထိအတွေ့တုန့်ပြန်မှု အများဆုံးဖြစ်စေတဲ့ ဆဲလ်နဲ့ အသားတွေကို မအင်္ဂါဇတ်ရဲ့ clitoris(ခံစားမှုတုန့်ပြန်မှုအပေးဆုံးနေရာ) အဖြစ် ပြောင်းလဲပြုပြင်ပေးလိုက်တာတွေကြောင့် လိင်ပြောင်းလဲခွဲစိတ်ပြီးသား သူတွေအနေနဲ့ လိင်ဆက်ဆံတဲ့အခါ သာယာမှုအပြည့်အ၀ရကြတာလို့ဆိုပါတယ်။ ဒါပေမယ့် မ ဟိုမုန်းဆေးကိုပုံမှန်မသုံးစွဲရင်တော့ လိင်ဆက်ဆံတဲ့အခါမှာ နာကျင်နိုင်တယ်လို့ဆိုကြပါတယ်။
ကဲဒို့မြန်မာပြည်က ဂျီမတွေ သိသင့်သလောက်တော့ သိပြီးသွားကြရောပေါ့။ လိင်ပြောင်းလဲခွဲစိတ်တယ်ဆိုတာက လွယ်တော့မလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် ကိုယ့်စိတ်ကူးအိမ်မက်လေးကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ ရှောင်သင့်တာရှောင် သတိထားသင့်တာသတိထားပြီး လုပ်ဆောင်ကြပေါ့။ အရေးကြီးတာလေးကတော့ ငွေပေါ့။ အဲဒါလေးအဆင်ပြေရင်တော့ လွယ်လွယ်လေးပါ။ ဒါပေမယ့် အဲဒီငွေကြောင့်လဲ ကိုယ်ဘ၀ကြီးတခုလုံး ရေတိမ်နစ်သွားအောင်တော့ မလုပ်မိကြရလေအောင် သတိထားလုပ်ဆောင်ကြပေါ့နော်။
အပွင့်မ
Source; sexchangecenter.com transsexual.org http://www.kaffeine.freeuk.com/korner/bl...
| Comments |
|
|
||||||||
|
||||||||
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.