You are here: Home သတင်းဆောင်းပါး In & Out သာမန်ယောက်ျားတွေ အများကြီးထဲက သာမန်ယောက်ျားတယောက်ပါ၊ ဒါပေမယ့် ယောက်ျားလေးချင်းချင်းသာ စိတ်ဝင်စားတယ်ဆိုတဲ့ ဆန္ဒဇန်ဦးနှင့် တွေ့ဆုံခြင်း

သာမန်ယောက်ျားတွေ အများကြီးထဲက သာမန်ယောက်ျားတယောက်ပါ၊ ဒါပေမယ့် ယောက်ျားလေးချင်းချင်းသာ စိတ်ဝင်စားတယ်ဆိုတဲ့ ဆန္ဒဇန်ဦးနှင့် တွေ့ဆုံခြင်း

E-mail Print PDF

 

ဒီအပတ် တွေ့ဆုံမေးမြန်းခန်းအစီအစဉ်လေးကို မြန်မာပြည်မှာကြီးပြင်းခဲ့ပြီး ခုခါမှာတော့ အမေရိကန်နိုင်ငံ နယူးယော့မြို့မှာအခြေကျနေထိုင်နေပြီဖြစ်တဲ့ ပန်းချီ အနုပညာရှင် ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူ ဆန္ဒဇန်ဦးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ သူ့ရဲ့ခံယူချက်လေးတွေနဲ့ လိင်တူချစ်သူတယောက်ဘ၀ဖြတ်သန်းမှုလေးတွေက စိတ်ဝင်စားစရာ ကောင်းသလို သက်တန့်ရောင်စာဖတ်ပရိသတ်တွေလည်း စိတ်ဝင်စားကြမယ်လို့မျော်လင့်ပါတယ်။

အမေး။ ။ အကို့နာမည်နဲ့ အကို့အကြောင်းလေးကို နည်းနည်းပြောပြပေးပါလား။

အဖြေ။ ။ ဟုတ်ကဲ့။ နာမည်ကတော့ ဆန္ဒာ့ဇန်ဦးလို့ ခေါ်ပါတယ်။ နေတာကတော့ လောလောဆယ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ နေပါတယ်။ ကိုယ်ကတော့ ပန်းချီအနုပညာသည်တဦးပါ။ ပြီးတော့ ရုပ်ရှင်ဇာတ်လမ်းတိုလေးတွေနဲ့ ပြဇာတ်လေးတွေကိုလည်း ဖန်တီး ထုတ်လုပ်ပါတယ်။ ဒီအနုပညာလုပ်ငန်းတွေကို လုပ်တာကလည်း အမြတ်အစွန်းရဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်တာမဟုတ်ပါဘူး။ အချိန်တော့အများကြီးပေးရပါတယ်။ ဒါပေမယ့်လို့ ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုတဲ့ လုပ်ငန်းလေးတွေကို လုပ်ပေးရတာဆိုတော့ အားရကျေနပ်တဲ့ ပီတိလေးတွေတော့ဖြစ်မိတယ်။

အမေး။ ။ ကိုယ့်ကိုယ်ကို လိင်တူစိတ်ဝင်စားတဲ့သူတယောက်ဖြစ်နေတာကို ဘယ်အချိန်လောက်ကစပြီး သတိထားမိတာလဲ။ အဲဒီလို သတိပြုမိလိုက်တဲ့အချိန်မှာ ကိုယ်စိတ်ထဲမှာဘယ်လိုခံစားခဲ့ရလဲ။

အဖြေ။ ။ ကိုယ်ကတော့ လိင်တူချင်းချစ်တဲ့သူ၊ အမျိုးသားအချင်းချင်းမှ စိတ်ဝင်စားတဲ့သူတယောက်ပါ။ လူပျိုဖော်မဝင်ခင် ကလေးဘဝတုန်းကဆို ကိုယ်က ယောက်ျားလေးတွေအနားမှာနေရတာ၊ သူတို့နဲ့ကစားရတာကိုပဲ စိတ်ထဲကအားရကျေနပ်တယ်။ တခြားသာမန်ယောက်ျားလေးတွေလိုပါပဲ။ ဘယ်တော့မှ မိန်းကလေးတွေနဲ့ ပေါင်းပြီးကစားချင်တဲ့ စိတ်မျိုးတွေတော့မရှိခဲ့ဘူး။ နောက် လူပျိုဖော်ဝင်လာတဲ့အခါကျတော့ လိင်စိတ်က စပြီး ဖွံ့ဖြိုးလာတဲ့အခါမျိုးမှာ စိတ်လာရင်လာသလို ရွှေပန်းကတင်းလာတတ်တယ်။ အဲဒီအရွယ် ဟိုမုန်းစပြီး တိုးတက်ပြောင်းလဲလာတဲ့အခါမျိုးလေ။ ဆိုတော့ မိန်းကလေးကို ကြည့်လိုက်လို့ ရွေပန်းကတင်းလာလို့ မိန်းမကိုကြိုက်ရတယ်၊ ယောက်ျားလေးကိုကြည့်လိုက်တော့ ဆွဲဆောင်မှုအားကောင်းလို့ ရွေပန်းကတင်းလာလို့ ယောက်ျားကြိုက်တယ် ဆိုတဲ့အကြောင်းအရင်းက အဓိကမဟုတ်ပါဘူး။ ကိုယ်အဓိက သတိပြုမိလိုက်တာက မိန်းကလေးနဲ့ အတူတူဆက်ဆံတာထက် ယောက်ျားလေးနဲ့ ဆက်ဆံတာက ကိုယ့်အတွက် ပိုအဆင်ပြေနေတယ်။ ပိုပြီးနှစ်ခြိုက်မိတာ၊ သာယာတာမျိုးဖြစ်နေတယ်ဆိုတော့ အဲဒါလေးလည်း သတိပြုမိလိုက်တဲ့အချက်တချက်ပေါ့။ နောက် ကိုယ်က ထုံးတမ်းစဉ်လာအရ အိမ်ထောင်ရေးကိစ္စဆို မိဘဆွေမျိုးအသိုင်းအဝိုင်းတွေက စီစဉ်ပေးတဲ့ ယဉ်ကျေးမှုအသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတော့ တနေ့ကျရင် ကိုယ့်အတွက် စီစဉ်လက်ထပ်ပေးမယ့် မိန်းမက ဘယ်လိုမိန်းကလေးဖြစ်နေမလဲ၊ ခုချိန်မှာရောသူဘာတွေလုပ်နေလဲ စသဖြင့်ပေါ့ တောင်စဉ်ရေမရ လျှောက်တွေးမိတာတွေလဲ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ့်အတွေးတွေထဲမှာ၊ စိတ်ကူးတွေထဲမှာ သမီးရည်းစားဖြစ်ခဲ့လို့ ကိုယ်ဝါသနာပါတဲ့အရာတွေဖြစ်တဲ့ စွန့်စွန့်စားစား ခရီးသွားရတာတို့၊ အပူပိုင်းဒေသက ကျွန်းတွေဆီကို အလည်အပတ်ခရီးထွက်တာတို့ကို စဉ်းစားစိတ်ကူးယဉ်လိုက်ပြီဆိုရင်ပဲ ကိုယ့်ဘဝလက်တွဲဖော်အဖြစ်နဲ့ အမြဲလိုလို ကိုယ်စိတ်ကူးတွေထဲမှာ ရှိနေတတ်တဲ့သူက ကိုယ့်လိုရွယ်တူ ယောက်ျားလေးတယောက်ပဲ ဖြစ်နေတယ်။ ဆိုတော့ စိတ်ကူးယဉ် အိမ်မက်တွေထဲမှာဆိုရင် သစ်ပင်တက်ရင်လည်း တကိုင်းကနေတကိုင်းကို အတူတူခုန်ကူးကြ၊ ငါးဖမ်းလည်းအတူတူ၊ ရေကူးလည်းအတူတူ၊ အမဲလိုက်တော့လည်း အတူတူ အဲဒီလိုပဲ စိတ်ကူးယဉ်တယ်။ တည်ငြိမ်ရင့်ကျက်လာတဲ့ နောက်ပိုင်းမှာ သေသေချာချာစဉ်းစားကြည့်တော့ ကိုယ့်ဘဝအတွက် ထာဝရလက်တွဲဖော်ဟာ ကိုယ့်လို အမျိုးသားတယောက်ပဲဆိုတာ ပိုပြီးသေချာလာတယ်လေ။

အမေး။ ။ ဘယ်အချိန်လောက်မှာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတယောက်အနေနဲ့ ဖွင့်ထုတ်ပြောဆိုလိုက်တာလဲ။ အဲဒီတုန်းက စိတ်ခံစားမှု၊ စိုးရိမ်ကြောင့်ကြမှုလေးတွေကိုလည်း နည်းနည်းပြောပြပေးပါလား။

အဖြေ။ ။ ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကို ဖွင့်ထုတ်လိုက်တယ်။ ပွင့်ပွင့်လင်းလင်းကြေညာလိုက်တယ်ဆိုတဲ့ ယဉ်ကျေးမှုအတွေးအခေါ်က အနောက်နိုင်ငံကလာတယ်လို့ ကိုယ်ထင်တယ်။ ကိုယ်က လောလောဆယ်မှာ အနောက်နိုင်ငံမှာသာ နေတယ်ဆိုပေမယ့် အခုချိန်ထိ ကိုယ်တို့ အာရှသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျင့်သုံးတန်ဖိုးထားနေတုန်းပါ။ ဆိုတော့ ဂေးဖြစ်တာကနောက်မှဖြစ်တာ အာရှယဉ်ကျေးမှုက ကိုယ့်ဘဝထဲကိုရောက်လာတာ ပထမလေ။ ဖွင့်ထုတ်ပြောဆိုလိုက်တယ်ဆိုတာက အခက်အခဲကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်တာမျိုးလေ။ ဒါက ကိုယ်ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်း အာရှသားတွေရဲ့ အလေ့အထတခုမဟုတ်သလိုမျိုး ဖြစ်နေတယ်။ ဒါပေမယ့် မိဘတွေကတော့ သိပါတယ်။ အထူးသဖြင့် အမေဖြစ်တဲ့သူတွေဆို ပိုသိတယ်။ ကိုယ်ကတော့ အရမ်းကံကောင်းတယ်လို့ ဆိုရမယ်။ မိသားစုက အရမ်းကိုကြင်နာငဲ့ညှာတတ်တဲ့ မိသားစုလေ။ ကိုယ်ကနည်းနည်း ဂျီးများတတ်တဲ့သူဆိုတော့လည်း ထုံးစံအတိုင်း အိမ်ကမိန်းမပေးစားဖို့ စီစဉ်ပြီဆိုရင် ကိုယ့်ရဲ့အနာဂတ် ဇနီးလောင်းအတွက် မဖြစ်နိုင်တဲ့ အရည်အချင်းတွေကို ဇွတ်မြှင့်တင်ပြီး ပေးထားလိုက်တယ်။ ဆိုတော့ အဲဒီအရည်အချင်းကိုပြည့်မှီတဲ့ မိန်းကလေးတယောက်ရဖို့ဆိုရင် တော်တော့်ကိုမလွယ်ဘူး။ မြန်မာအသိုင်းအဝိုင်းထဲမှာဆို ရှားတယ်ပေါ့။ တချို့အမျိုးသမီးတွေကြတော့လည်း ကိုယ်သတ်မှတ်ထားတဲ့ အရည်းအချင်းနဲ့ကိုက်ညီတဲ့သူတွေရှိတယ်။ ဒါပေမယ့်နောက်ဆုံးတော့ ကိုယ်ဘာလဲဆိုတာ သဘောပေါက်သွားကြပုံရပါတယ်။

မိသားစုက ကိုယ့်လိင်စိတ်ခံယူမှုကို သဘောပေါက်နားလည်လိုက်တယ်လို့ သေသေချာချာသိလိုက်ရတဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်နှစ်ခုတော့ရှိတယ်။ တခါ ကိုယ်အိမ်ကနေခွဲပြီးတော့ အပြင်မှာ အခန်းပြောင်းနေဖို့ဆိုတော့ သူငယ်ချင်းကောင်လေး တယောက်နဲ့ အပြင်မှာအတူနေဖို့ပြင်တယ်။ အတူပေါင်းနေမယ့်သူငယ်ချင်းကလည်း ကိုယ်နဲ့တွေ့တာသိပ်မကြာသေးတဲ့တယောက် ဆိုတော့ သူက သူ့ပုံတွေကို အခန်းနံရံတွေမှာ အများကြီးပဲချိတ်ဆွဲထားတာ၊ သူငယ်ချင်းက နည်းနည်းနွဲ့တယ် ဓါတ်ပုံထဲမှာဆိုသိသာတယ်။ အဲဒီပုံတွေကို အမေကပြုံးပြုံးလေးကြည့်ပြီး မှတ်ချက်ချဖူးတယ်။ ဓါတ်ပုံထဲကကောင်လေးက အမေသိတဲ့ ရုပ်ရှင်မင်းသားတယောက်နဲ့ အရမ်းတူတယ်ပေါ့။ နောက် နှစ်အတော်လေးကြာတဲ့နောက်ပိုင်းမှာ ကိုယ်အခုလက်ရှိအချိန်ထိ ပေါင်းနေတဲ့ ကိုယ့်ရည်းစားကောင်လေးနဲ့အတူ အခန်းတခန်းထဲမှာပဲ အတူပေါင်းနေကြတယ်။ အဲဒီမှာ မိသားစုက အခန်းသစ်ကို လာလည်မယ်လည်း လုပ်ရော ကိုယ်တို့နှစ်ယောက်မှာ နေတာကလည်းတခန်းထဲ၊ ကုတင်ကလည်းတခုတည်း ပြီးတော့ကိုယ်ကလည်း အနောက်နိုင်ငံမှာ နေလာတာကလည်းကြာပြီဆိုတော့ တမျိုးထင်မှာကိုတော့ နည်းနည်းစိုးရိမ်ပူပန်မိတယ်။ ဒီလိုနဲ့နှစ်ယောက်သား ဂေး ဆိုတဲ့စကားလုံးပါတဲ့ ပစ္စည်းပစ္စယမှန်သမျှ အကုန်အကုန်ဖွက်ထားရတယ်။ နောက်ဆုံးတော့ သူတို့တွေ ရောက်ချလာပါရော။ အခန်းထဲကို ပထမဦးဆုံးစဝင်တာက အမေပဲ၊ ဝင်လာတာနဲ့ ကုတင်ကိုကြည့်တယ်။ ဒီကုတင်တခုတည်းမှာ အိပ်ကြတာလားဆိုပြီးမေးတယ်။ ကိုယ်ကပထမတော့ ဆင်ခြေဆင်လက်တွေ တပုံကြီးစဉ်းစားထားပြီးသား။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တယ်။ အမေပဲဒီလောက်တော့မညံ့ပါဘူး။ ကိုယ့်ကိုယ်ဝမ်းနဲ့လွယ်မွေးထားတာ ဆိုတော့ သိမှာပေါ့။ ဒါနဲ့ကိုယ်မညာဖြစ်ဘူး၊ ဟုတ်တယ်လို့ပဲ ဝန်ခံလိုက်တယ်။ ဆိုတော့ အမေက အပြုံးလေးနဲ့ပဲ နေရာအနှံ့လိုက်ကြည့်တယ်။ နောက်တော့လည်း ကိုယ့်ညီတွေ ညီမလေးတွေကလည်း ကိုယ့်ချစ်သူကို သူတို့ရဲ့ အကိုရင်းလိုပဲဆက်ဆံကြတယ်။ အမေဆိုရင်လည်း သူ့သားအရင်းလိုပဲ ဆက်ဆံတယ်။ တခါ အမေကင်ဆာဖြစ်လို့ ဆေးရုံတင်ထားတုန်း ကိုယ်ကအမေ့ကို လနဲ့ချီပြီးသွားပြုစုရတယ်။ ဆိုတော့ ကိုယ့်ချစ်သူနဲ့မတွေ့ရတာလည်း ကြာလာတော့ သူ့ကိုသတိရပြီးလွမ်းလာတယ်။ ဒါကိုအမေက သတိပြုမိတယ်ထင်တယ်။ ကိုယ့်ကိုပြောတယ် ချစ်သူကိုသွားတွေ့လိုက်ပေါ့ ပြီးမှပြန်လာခဲ့လို့ရတာပဲဆိုပြီးပြောတာ။ အဲဒီစကားက အမေနောက်ဆုံးပြောသွားတဲ့စကားပဲ။ အမေကသူ့သားကို သူ့ချစ်သူနဲ့ အတူပေါင်းဖက်သွားစေချင်တဲ့ ဆန္ဒရှိခဲ့သူပါ။

အမေး။ ။ ဒီလိုကိုယ့်ကိုယ်ကို လိင်တူချစ်သူဘဝကို ပွင့်ပွင့်လင်းလင်း နေထိုင်သွားပြီးတဲ့နောက်ပိုင်းမှာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာရော၊ မိသားစုထဲမှာရော ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။

အဖြေ။ ။ မိမိကိုယ်ကိုသာ မိမိယုံကြည်မှုအပြည့်ရှိတယ်ဆိုရင်တော့ စိန်ခေါ်မှုဆိုတာတွေက ဘာမှမှုစရာမလိုပါဘူး။ သေချာတာကတော့ ကိုယ်ကဘာပဲလုပ်လုပ် မလုပ်လုပ် လူတွေကတော့ ပြောကြမှာပဲ ပြောရမှာက သူတို့အလုပ်လိုကိုဖြစ်နေတာ။ သူတို့ရဲ့အပြောထဲမှာ ကိုယ့်ဘဝတခုလုံး နှစ်မျောပါမသွားဖို့ကအရေးကြီးတယ်။ အဓိကကိုယ့်ကိုယ်ကို အမှန်အတိုင်း လက်ခံနိုင်ဖို့လိုတယ်လေ။ တကယ်လို့ လူတွေကကိုယ်နဲ့ ပေါင်းသင်းရတာပြဿနာလို့ထင်ရင် သူတို့ဟာသူတို့ ရှောင်ထွက်သွားကြလိမ့်မယ်။ ကိုယ်ကလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ လူဦးရေ ၆ ဒသမ ၇၆ ဘီလီယံလောက်ရှိတဲ့ထဲမှ ရာဂဏန်းလောက်သာသာရှိတဲ့ လူတွေက ကိုယ့်ကိုမုန်းတာ ဘာမှဂရုစိုက်စရာမရှိပါဘူး။

 

အမေး။ ။ ဒီလို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးတဲ့နောက်ပိုင်းမှာရော ကိုယ့်ရဲ့တနေ့တာဓူဝ လူမှုဘဝပုံစံကို ဘယ်လိုမျိုး ရွေးချယ်ခဲ့လဲ။ ဥပမာ - မိန်းမလို ဝတ်စားဆင်ယင်ပြီးတော့နေထိုင်သွားမလား။ ဒါမှမဟုတ် ယောက်ျားလေးတယောက်လို နေထိုင်သွားလား။ ဘာကြောင့်အဲဒီလိုဆုံးဖြတ်ခဲ့တာလဲ။

အဖြေ။ ။ ကိုယ့်ရဲ့ လိင်စိတ်စပြီး ဖွံ့ဖြိုးနိုးကြားလာကတည်းက ကိုယ့်ကိုယ်ကို ဂေး ဆိုတာရှင်းရှင်းလင်းလင်းသိနေတယ်။ ဘယ်သူမဆို ယောက်ျားမိန်းမကြိုက်တဲ့သူဖြစ်ဖြစ်၊ လိင်တူကြိုက်တဲ့သူဖြစ်ဖြစ် လူပျို အပျိုဖော်ဝင်စမှာ လိင်မှုကိစ္စနဲ့ ပတ်သက်လို့ အသစ်အဆန်းလေးတွေကို စူးစမ်းချင်လို့ လုပ်မိတာလေးတွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ကိုယ်ကတော့ အမြဲတန်း ယောက်ျားလေးကိုပဲကြိုက်တယ်ဆိုတာ ပိုသေချာသွားတယ်။ ကိုယ်ဟာ ယောက်ျားတွေအများကြီးထဲက ယောက်ျားတယောက်ပါ။ ယောက်ျားကိုပဲ ကြိုက်တဲ့ယောက်ျားတယောက်ပါ၊ ယောက်ျားတွေအနားမှာနေရတာ စိတ်ကျေနပ်တယ်။ ချွေးသံတရွှဲရွှဲနဲ့ လုပ်ရတဲ့ အလုပ်တွေ အားကစားမျိုးတွေ လုပ်ရတာကြိုက်တယ်။ ယောက်ျားတွေရဲ့ ကိုယ်သင်းရနံ့ကို စွဲလန်းနှစ်ခြိုက်တဲ့ ယောက်ျားတယောက်ပါလို့ ဆိုပါရစေ။

အမေး။ ။ ဘဝမှာ အခက်အခဲတွေကို ဘယ်လိုအောင်မြင်ကျော်လွှားနိုင်ခဲ့လဲ။ ဘယ်လိုမျိုးခံစားချက်အတွေ့အကြုံတွေရခဲ့လဲ။

အဖြေ။ ။ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ ဗုဒ္ဓဘာသာက ဆုံးမသင်ကြားထားတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ သူတယောက်အနေနဲ့လည်း အမြဲလို အခြေအနေကိုကောင်းကောင်း နားလည်သဘောပေါက်အောင် အကျိုးအကြောင်း၊ အဖြစ်အပျက်မှန်သမျှရဲ့ အကျိုးအဆက်တွေကို သုံးသပ်တယ်။ ပြီးတော့မှ ဘယ်နည်းလမ်းကိုရွေးမလဲဆိုပြီး ပြန်စဉ်းစားတယ်။ အမေဆိုရင်လည်း ဗုဒ္ဓဘာသာကို အလွန်ပဲကိုးကွယ်ယုံကြည်သူပါ။ ဒါပေမယ့် ကိုယ့်ရဲ့ မိဘတွေက တွေ့သမျှဘုန်းကြီးတိုင်းကို ထိုင်ရှစ်ခိုးမယ့်လူမျိုးတွေတော့ မဟုတ်ဘူး။ ငယ်ငယ်ကတည်းကကို မေးခွန်းပြန်ထုတ်တတ်ဖို့၊ ပြန်မေးတတ်ဖို့ဆို အမြဲသွန်သင်ခံရတယ်။ ပြီးတော့ အရာရာတိုင်းကို မျက်စိစုံမှိတ်မယုံကြည်ဖို့လည်း ဆုံးမတာ အမြဲခံခဲ့ရတယ်လေ။ ငယ်ငယ်ကဆို ကျောင်းမသွားခင် မိဘတွေက အမြဲ မိမိပတ်ဝန်းကျင်ကို လေ့လာဖို့၊ ကိုယ့်ကိုယ်ကို စိတ်အာရုံစုစည်းဖို့ အမြဲမှာတယ်။ တကယ်လို့ ပြဿနာ အခြေအနေ တရပ်ရပ်ဖြစ်လာခဲ့ပြီဆိုရင်လည်း ကိုယ့်စိတ်ကို ကိုယ် အရင်အာရုံစုစည်းလိုက်တယ်။ ပြီးရင် အခြေအနေကိုလေ့လာ အကဲခတ်လိုက်တယ်။ စိတ်ခံစားမှုကို လျှော့နိုင်သလောက် အရင်လျှော့ချတယ်။ ပြီးတော့မှ ဖြစ်လာတဲ့အခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတဲ့နည်းလမ်းကို စဉ်းစားတယ်။

အမေး။ ။ မြန်မာအသိုင်းအဝိုင်းထဲမှာ အထူးသဖြင့်ဗုဒ္ဓဘာသာဝင်အများစုက လိင်တူချစ်သူတွေကို အထင်အမြင်သေးရှုပ်ချတာတွေ လုပ်ကြတာရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘယ်လိုပြောချင်ပါသလဲ။

အဖြေ။ ။ ကိုယ်ကမြန်မာပြည်မှာမွေးတာဆိုတော့ ငယ်ငယ်ကအဖြစ်အပျက်တွေကို သတိရနေသေးတယ်။ ကိုယ်တို့ခေတ်မှာ မြန်မာပြည်က ရှောက်သီးဆေးပြားသည် ဂျီမတွေလည်း ဖျော်ဖြေရေးအခန်းကဏ္ဍမှာ တထောင့်တနေရာကနေပြီးတော့ ပါဝင်နေခဲ့ကြတယ်လို့မြင်တယ်။ ရှောက်သီးဆေးပြားသည် အိမ်ရှေ့ကဖြတ်လာပြီဆိုရင် ညီတဝမ်းကွဲတွေက ပြေးခေါ်ပြီးတော့ ကခိုင်းတော့တာပဲ။ ပြီးရင် တိုက်တန်တဲ့ အခကြေးငွေကိုလည်းပြန်ပေးကြတယ်။ ဘယ်သူမှ ခွဲခြားဆက်ဆံတာတွေ၊ နှိမ့်ချပြောဆိုတာတွေ တော့မလုပ်ကြဘူး။ ကိုယ့်ဆွေမျိုးတွေထဲမှာလဲ အဲလိုလိင်တူစိတ်ဝင်စားနေတဲ့ လူပျိုစစ်စစ်တွေအများကြီးပဲ။ အားလုံးပဲ တလေးတစား ဆက်ဆံခံရတာပဲ။ ဒါပေမယ့် သူတို့တွေအားလုံးကတော့ ယောက်ျားလေးလိုပဲ ဝတ်စားဆင်ယင်ကြတယ်။ ဘယ်သူမှတော့ မိန်းမအဝတ်အစားတွေ ဝတ်ဆင်တာမျိုးမရှိဘူး။ ဆိုတော့ အဲဒီဝတ်စားဆင်ယင်မှုကြောင့်ပဲ လေးလေးစားစားဆက်ဆံ ခံရတာလားဆိုတာတော့ ကိုယ်လဲ မစဉ်းစားတတ်ဘူးနော်။

ဗုဒ္ဓဘာသာဝင်တွေထဲမှာလည်း ဒီလိင်တူချင်းချစ်တဲ့ ကိစ္စကိုပြဿနာတခုလို့ကိုယ်ကတော့မမြင်ဘူး။ ဒါပေမယ့် ဒီကနေ့ မြန်မာပြည်မှာက ဗုဒ္ဓဘာသာတင်မကဘူး အရာရာတိုင်းက ပျက်စီးယိုယွင်းလာနေတော့ အခုအခြေအနေကိုတော့ မပြောတတ်ဘူးပေါ့နော်။ တကယ်လို့ တယောက်ယောက်ကသာ ဗုဒ္ဓဘာသာ အကြောင်းကို နက်နက်နဲနဲ လေ့လာကြည့်မယ်ဆိုရင်တော့ လိင်တူချစ်သူတွေနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာမှာ လိင်တူချင်းဆိုတဲ့စကာလုံးကို တလုံးတပါဒမှ မဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ Homosexualလို့ခေါ်တဲ့ လိင်တူချင်းဆက်ဆံသူများဆိုတဲ့ စကားလုံးက ဘယ်ဘာသာတရားမှာမှ ဖော်ပြမထားခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Homosexualလို့ခေါ်တဲ့ စကားလုံးကိုယ်၌က ပေါ်လာတာ အနှစ် ၇ဝ လောက်ပဲရှိသေးလို့ပါပဲ။ ကိုယ်နားလည်သလောက်ဆိုရင် ဗုဒ္ဓဘာသာမှာ လိင် (သို့) ကာမနဲ့ပတ်သက်လို့ မကောင်းတာ၊ မလုပ်သင့်တာဆိုလို့ရှိရင် လွဲမှားပြီး အလွဲသုံးစား မပြုမိဖို့ပါပဲ။ ဗုဒ္ဓဘာသာရဲ့ အဓိကအနှစ်သာရက သူတပါးကို ညှာတာချစ်ခင်ဖို့ပါပဲ။ တပါးသူကို ခွဲခြားဆက်ဆံတာ၊ နှိမ်ချတာ၊ ဖိနှိပ်တယ်ဆိုတာတွေက ဗုဒ္ဓဘာသာဝင်သူတော်စင်တွေရဲ့ ကျင့်စဉ်နဲ့ လုံးလုံးကိုဆန့်ကျင်နေပါတယ်။

အမေး။ ။ လိင်တူချစ်တဲ့သူတွေအပေါ်မှာ ယေဘူယျအားဖြင့် အထင်အမြင်လွဲမှားလေ့ရှိတဲ့ အချက်တွေကဘာတွေများလဲ။ ပြီးတော့ အဲဒီအပေါ်မှာရော ဘယ်လိုတုန့်ပြန်မှုမျိုး ပေးချင်ပါလဲ။

အဖြေ။ ။ အဓိက နားလည်မှုလွဲနေတဲ့အချက်က ကိုယ့်ရဲ့လိင်စိတ်ခံယူမှုအပေါ် လုံခြုံစိတ်ချမှုမရှိတာပါ။ လိင်တူချစ်တဲ့သူတွေကို မုန်းတဲ့သူအတော်များများက များသောအားဖြင့် မိမိရဲ့လိင်စိတ်ခံယူမှုကို စိတ်မချတဲ့သူတွေ၊ သေသေချာချာဝေခွဲမရတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကို မေးခွန်းထုတ်နေရတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို သံသယဖြစ်နေတဲ့သူတွေသာ ဖြစ်နေတတ်ပါတယ်။ စဉ်စားကြည့်ပါ ယောက်ျားချင်းကြိုက်တဲ့ ဂေး တွေကို မိန်းမတွေက ကြောက်စရာမလိုသလို၊ မိန်းမသားကိုသာ စိတ်ဝင်စားတဲ့ ယောက်ျားမှန်ရင်လည်း ဂေး ယောက်ျားတွေနဲ့ ပေါင်းသင်းရမှာ စိုးရိမ်စရာမလိုပါဘူး။ (ဆိုလိုတာက မိန်းမကြိုက်တဲ့သူမှန်ရင် ဘယ်တော့မှ ယောက်ျားချင်းကြိုက်တဲ့ လူဖြစ်လာမှာမဟုတ်ပါဘူး)။

အမေး။ ။ လူမှုအကျိုးဆောင်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူတယောက်အနေနဲ့၊ လူမှုအသိုင်းအဝိုင်းရဲ့ လုပ်ငန်းခွင်အသီးသီးမှာ လိင်တူချင်းချစ်သူတွေကိုရော၊ အခြားသူတွေလိုပဲ တန်းတူဆက်ဆံဖို့သင့်တယ်လို့ ထင်ပါသလား။

အဖြေ။ ။ သိပ်သေချာတာပေါ့။ အခြားသူတဖက်သားကို နာကျင်စေတဲ့ လုပ်ငန်းမျိုးမဟုတ်သရွေ့တော့ ဘယ်အလုပ်မဆို ကောင်းတဲ့အလုပ်ပါ။ အလုပ်တိုင်းကိုလေးစားဖို့လိုပါတယ်။

အမေး။ ။ မြန်မာပြည်က လိင်တူချစ်သူတွေကို ပါးချင်တဲ့သတင်းစကားလေးက။

အဖြေ။ ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ။ လိင်မှုကိစ္စနဲ့ လိင်စိတ်ခံစားမှုဆိုတာတွေက လူ့ဘဝတခုလုံးနဲ့နှိုင်းယှဉ် လိုက်မယ်ဆိုရင် အစိတ်အပိုင်း အသေးအမွှားကလေးပါ။ ကိုယ့်ကိုယ်ကို ကိုယ်ဘယ်သူလဲဆိုတာကို ပထမဆုံး နားလည်အောင်အရင်လုပ်ပါ။ အဖြစ်မှန်ကိုလက်ခံလိုက်ပါ။ ပြီးမှ ရှေ့ဆက်လျှောက်ပါ။ ကိုယ့်ကိုလူတွေ ဆက်ဆံခိုင်းစေချင်တဲ့ပုံစံအတိုင်း သူတပါးကိုလည်း အဲဒီအတိုင်းပဲဆက်ဆံပါ။ လူ့ဘဝဆိုတာ ဘဝပေါင်းများစွာနဲ့ ပေါင်းစပ်ပြီး ဖြန်သန်းလာရတယ်ဆိုတာမမေ့ပါနဲ့။ ငယ်ငယ်ကဆိုရင်ကလေးဘဝ၊ တချိန်ထဲမှာပဲ မိသားစုညီအစ်ကိုမောင်နှမဘဝ၊ ပြီးရင်ကျောင်းသားဘဝ၊ သူငယ်ချင်းဘဝ၊ လုပ်ငန်းဘဝ အဲဒီလိုဘဝပေါင်းများစွာနဲ့ ဖြတ်သန်းလာခဲ့ရတယ်။ အဲဒီဖြတ်သန်းလာခဲ့တဲ့ ဘဝပေါင်းများထဲကနေရတဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီးမှ ကိုယ်တို့က သင်ခန်းစာယူ အနာဂတ်အတွက် ပြင်ဆင်ပြီး ရှေ့ဆက်အသက်ရှင်သွားကြရမှာပါ။

 

18, 11, 2009

သက်တံ့ရောင်အယ်ဒီတာအဖွဲ့

Comments
Add New Search
aung aung  - နည်းနည်း ဆွေးနွေးချင်တာက   |195.91.164.xxx |2009-11-21 21:45:17
လိင်တူ စိတ်ဝင်စားတာ လူ့ သက်တမ်း ငါးရာ က စတယ်လို့  ကမ္ဘာဗုဒ္ဓဘာသာ တက္ကသိုလ် ဒုတိယ ဥ
က္ကဌ ဆရာတော်ကြီး (MRTV 4) မှာ ဟောကြားတဲ့ တရား ကို နာခဲ့ဖူးပါတယ် ..... အေ ကြာင်းအ
ရင်းက ကိလေသာ တွေ များပြားထူပြောလာလွန်းလို့  လူသက် တမ်းတွေလည်း သိန်းက သောင်း၊ သော
င်းက ထောင်၊ ထောင်က ရာ ကိုလျော့ကျလာရတယ် .... လူ့ သက်တမ်း ငါးရာမှာ လိင်တူ နဲ့ ပတ
်သက်တဲ့ အရာတွေ ဖြစ်ထွန်းလာပြီလို့ ဟောပါတယ် ဆိုလိုတာက လူတွေဟာ သဘာဝ အလျောက်လမ်းစဥ
်နဲ့ မတ င်းတိမ်နိုင်ကြ လောက်အောင် ကိလေသာ အညစ်အကြေးတွေ များ ပြားလာတယ်လို့ ဆိုချင်
တာပါ ... နောက် က အတိအကျ တင်ြ ပနိုင်ဖို့  တရားခေါင်းစဉ်းမပေးနိုင်တဲ့ အတွက် ခွင့်
လွှတ်ပါ ဒါပေမယ့် နှစ်ခုနှစ်ဆယ် ဆိုတဲ့ ကာဟာ မှားယွင်း နေလို့ အပြုသဘောဆောင်တဲ့အနေ
နဲ့  ဆွေးနွေးတာပါ .... . လူ့ သက်တမ်းငါးရာ ကတည်းက ဆိုတော့ တွေးကြည့်ပါ နှစ် ပေါင်း
ဘယ်လောက်များနေပြီလဲဆိုတာ ..... စကားလုံးထက် အရှိတရားကို ဆိုလိုချင်တာပါ .... နော
က် ဘာသာတရားမှာ လိင်တူ နဲ့ ပတ်သက်တာတွေကို ဟောကြားထားတာ ရှိပါတယ် ဒါ ပေမယ့် ဆွေးနေ
ွးဖို့ မသင့်လို့  ချန်လှပ်ထားခဲ့ပါတယ် အက်ဒမင် အနေန...
ဖြိုးသဲလေး  - ဆွေးနွေးခြင်း   |118.173.225.xxx |2009-11-23 15:33:18
အစ်ကိုအောင်အောင် ပြောတာလည်း မှန်တာပေါ့နော်... ဒါပေ မယ့် ဒီအင်တာဗျူးထဲမှာြေ
ဖထားတဲ့ နှစ်ခုနှစ်ဆယ်ဆိုတာ က ... gay တွေ lesbian တွေရှိလာတဲ့ သက်တမ်းကို ပြေ
ာချင်တာမဟုတ်ပဲ Homosexual ဆိုတဲ့ စကားလုံးပေါ်လာတာကို ပြောတာလို့ ကျနော်ကတော့  သဘောပေါက်ပါတယ်...
Write comment
Name:
Email:
 
Website:
Title:
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
 
:angry::0:confused::cheer:B):evil::silly::dry::lol::kiss::D:pinch:
:(:shock::X:side::):P:unsure::woohoo::huh::whistle:;):s
:!::?::idea::arrow:
 
Please read our policy first
And input the code that you can read in the image to agree.

!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."

 

Networking Links

Myanmar Gay Education

သူငယ်ချင်းတွေ အားလုံး တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ရင်းနှီးမှု လွယ်ကူ စေရန် ပြုလုပ် ပေးထားခြင်း ပဲဖြစ်ပါတယ်။ www.mymgedu.com

Mplus Thailand
Chiang Mai-based Mplus unveils its mision and ponders the challenges ahead

Myanmar Homosexual Society
Welcome Boy Homo created this network with SocialGO.

Related Links

HIV Information of Myanmar
မြန်မာ အိတ်ခ်ျအိုင်ဗီ သတင်းအချက်အလက် [ဟင်: မ်] က ကြိုဆိုပါတယ်

ILGA
International Lesbian and Gay Association

Fridae - Empowering Gay Asia
Asia's Gay and Lesbian Personals Network

My MGEDU
Myanmar Gay Education

Sin Myanmar Guy
Sin Myanmar Guy Network

 

အယ်ဒီတာ့ စကား

လူ့အခွင့်အရေးနဲ့ လိင်တူချစ်သူများ အခွင့်အရေး နိုင်ငံပေါင်း (၅၆) နိုင်ငံကနေ (၁၉၄၈) ခုနှစ်က အတည်ပြုပြဌာန်း လိုက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူ့အခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာရဲ့ စံထားဖော်ညွှန်းစရာ တခုအဖြစ်.. Read More