Bangkok Lovestory
ဒါရိုက်တာ - ပေါ့ခ်ျအာနွန်
သရုပ်ဆောင်များ - ရတ်ထာဘောလုံး တော်ဆာဝပ် (မတ်အဖြစ်) ချိုင်ဝပ် တောင်ဆန်၊ ၀ီရာဒစ် ဆီရီမရိုင်း၊ ချတ်ချာ ရူဂျင်နာနွန်၊
နိုင်ငံ - ထိုင်းနိုင်ငံ
ဘာသာစကား - ထိုင်းဘာသာ၊ (အင်္ဂလိပ်စာတန်းထိုး အခွေကို ထိုင်းနိုင်ငံပြင်ပတွင်သာရနိုင်သည်)
ဇာတ်ကားအမျိုးအစား - အချစ်အက်ရှင်ဇာတ်လမ်း
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးက ကြေးစားလူသတ်သမား မက်ကို သူ့ရဲ့အလုပ်ရှင် သူဌေးက အိတ် လို့ခေါ်တဲ့ ရဲအရာရှိတယောက်ကို လုပ်ကြံသတ်ဖြတ်ခိုင်းတဲ့ အဖြစ်ကနေ စထားတာပါ။ မက် တယောက် အိတ်နဲ့တွေ့တော့ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး စိတ်ပြောင်းလဲသွားလည်းမသိ အိတ်ကို သတ်မယ့်အစား နောက်ဆုံးတော့ သူဌေးရှင်ရဲ့ လူဆိုးဂိုဏ်းတွေနဲ့ပဲ ပစ်ခတ်သတ်ဖြတ်ကြပါတော့တယ်။ အဲဒီမှာ မက်တယောက် ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီလို ဒဏ်ရာရသွားတဲ့ မက်ကို အိတ်က ပြန်လည်ကာကွယ်တိုက်ခိုက်ပေးရင်း မက်နေတဲ့ နေရာအထိ လိုက်ပို့ပေးခဲ့ပါတယ်။ နောက်တော့ ဒဏ်ရာရနေတဲ့ မက်ကို အိတ်တယောက် လက်လွတ်စပယ်ထားမသွားနိုင်တော့ဘဲ ဆက်လက်ပြုစုစောက်ရှောက်ရင်း အိတ်တယောက် မက်ကို တိတ်တခိုး ချစ်ကြိုးသွယ်သွားပါတော့တယ်။ နောက်ဆုံးတော့ အိတ်တယောက် ဒဏ်ရာရနေတဲ့ မက်နဲ့ ချစ်ပွဲလေးနွှဲဖြစ်သွားခဲ့ပါတယ်။ မက် ပြန်နေကောင်းလာတော့ သူကယောက်ျားလေးကို စိတ်ဝင်စားသူမဟုတ်ကြောင်း ခါးခါးသီးသီးငြင်းဆိုပြီး အိတ်ကို သူ့အိမ်ကနေ နှင်ချလိုက်ပါတယ်။ အိတ်တယောက် ၀မ်းနည်းပက်လက်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။ အိမ်ရောက်တော့လည်း အိတ်ရဲ့စိတ်တွေက မက်ဆီကိုပဲ တ၀ဲလည်လည်နဲ့ ဖြစ်နေပါတော့တယ်။ အိတ်တယောက် အဲလိုဝမ်းနည်းကြေကွဲနေတာ၊ အမူအကျင့်တွေပြောင်းလဲနေတာကို သတိထားမိနေသူလေးကတော့ အိတ်နဲ့ မကြာခင်လက်ထပ်တော့မယ့် ချစ်ဇနီးလောင်းလျာလေးပါ။ မက်တယောက်ကလည်း အိတ်ကို ချစ်ကြိုက်သံယောဇဉ်ရှိနေတာကို နောက်တော့ သတိထားမိလာတယ်။ ဒါပေမယ့် ကျန်းမာရေး မကောင်းတဲ့ညီနဲ့ မိခင်ရဲ့ပြဿနာနဲ့ အိတ်ကို လွမ်းတဲ့စိတ်နှစ်ခု လွန်ဆွဲလို့နေပါတယ်။ ရှေ့ဆက်ဘယ်လို အဆုံးသတ်မယ်ဆိုတာကတော့ ကိုယ့်ကိုယ်တိုင် ဖန်သားပြင်ပေါ် ဆက်လက်ရှုစားကြပါဦးနော်။ သတင်းမီဒီယာမှာ လိင်တူချစ်သူတွေကို ပုံဖော်တင်ဆက်ရင် အမြဲလိုလို ယောက်ျားတပိုင်း မိန်းမတပိုင်း ရုပ်ပြောင်ပြောင်လိုလို ကယ်ရီကေးချာလိုလိုနဲ့ ဟာသအခန်းတွေမှာသာ တင်ဆက်ပြသလေ့ရှိတဲ့ ထိုင်းလူမှုအသိုင်းဝိုင်းရဲ့ လိင်တူချစ်သူတွေအပေါ်မှာ မြင်တဲ့ ရှေးရိုးစွဲပုံစံခွက် အမြင်တွေကို ဒီဘန်ကောက်ချစ်သူ ဇာတ်လမ်းလေးက ဗြောင်းဆန်အောင် ကောင်းကောင်းပြသပေးသွားနိုင်ခဲ့ပါတယ်။
Boys Don’t Cry
ဒါရိုက်တာ - ကင်မ်ဘာလေ ပီးရားစ်
သရုပ်ဆောင်များ - ဟီလာရီဆွဝမ့်
နိုင်ငံ - အမေရိကန်ပြည်ထောင်စု
ဘာသာစကား - အမေရိကန် အင်္ဂလိပ်စကားပြောနှင့် စာတန်းထိုး
ဇာတ်ကားအမျိုးအစား - ဒရာမာ
မှတ်တမ်းတင်ရုပ်ရှင်အမျိုးအစား ဇာတ်လမ်းနောက်ခံအကျဉ်း ဒီဇာတ်လမ်းလေးထွက်တာ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၉၉၉ခုနှစ် တုန်းက ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး အပေါ်အခြေခံထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားလေးက ဟောင်းတော့နေပြီဖြစ်ပေမယ့်လို့ တချို့မကြည့်လိုက်ရသေးတဲ့ သူတွေကို သိစေချင်တဲ့ဆန္ဒ၊ နောက်ဇာတ်ကား အဟောင်းဖြစ်စေ အသစ်ဖြစ်စေ မြန်မာပြည်က လိင်တူချစ်သူတွေအတွက် အကျိုးရှိစေနိုင်မယ့် ဇာတ်လမ်းလေးတွေကိုမှ သက်တံ့စာစောင်မှာ တင်ပြသွားမယ်လို့ ခံယူထားတဲ့ရည်ရွယ်ချက် စတဲ့အချက်တွေကြောင့် ဒီဇာတ်ကားလေးရဲ့ ဇာတ်လမ်းအကျဉ်းအချုပ်ကို ပြန်တင်ပြလိုက်ရပါတယ်။ ဇာတ်လမ်းအကျဉ်းက ဘရန်ဒွန် တီနာဟာ ကိုယ်ခန္ဓာကသာ မိန်းကလေးလိုမွေးဖွားလာခဲ့ပေမယ့် အမှန်တကယ် လိင်စိတ်ခံယူမှုကတော့ ကိုယ့်ကိုယ်ကို ယောက်ျားလေးတယောက်လိုပဲ ခံယူထားတဲ့ လိင်တူချစ်သူ အမျိုးသမီးတစ်ဦးပါ။ မိမိကိုယ်မိန်းကလေးမှန်း လူသိသွားမှာစိုးလို့ ရင်ဘက်ကို ပတ်တီးနဲ့ကျပ်အောင် စည်းတယ်။ နောက် ချေစွပ်ကိုခေါက်ပြီးတော့ ပေါင်ကြားတဲကိုသွင်းပြီး ယောက်ျားလေး တယောက်ရဲ့ လိင်အင်္ဂါဖောင်းကြွနေသလိုမျိုး ဖြစ်အောင်လုပ်ပြီး ဆန့်ကျင်ဘက်လိင်လို ၀တ်စားဆင်ယင် နေထိုင်သွားလာနေတဲ့ မိန်းကလေးတယောက်ပါ။ တစ်နေ့ ဘရန်ဒွန်တယောက် နိုက်ကလပ်တစ်ခုမှာ ကောင်လေးတယောက်ရဲ့ နှမကိုသွားစမိရာက ရန်ဖြစ်ကြတယ်။ အဲဒီမှာ ရန်ပွဲကနေ ထွက်ပြေးကြရင်းမှ ကောင်လေးနှစ်ယောက် ကောင်မလေးနှစ်ယောက်ပါတဲ့ အုပ်စုနဲ့ သူငယ်ချင်းဖြစ်သွားတယ်။ နောက်တော့ ကောင်မလေးနှစ်ယောက်ထဲက အကြီးမလေးတယောက်နဲ့ ဘရန်ဒွန် သမီးရည်းစားတွေဖြစ်သွားကြတယ်။ အဲဒီအချိန်ထိ ဘရန်ဒွန်တယောက် မိန်းကလေးဖြစ်မှန်း ဘယ်သူမှ သံသယ မဖြစ်မိကြဘူး။ တစ်ရက်တော့ အိမ်ခန်းခမပေးနိုင်လို့ ဘရန်ဒွန်တယောက် အဖမ်းခံရပြီး မိန်းကလေးအကျဉ်းထောင်ကို အပို့ခံရပါတယ်။ အဲဒီအခါကျတော့မှ ဘရန်ဒွန်တယောက် မိန်းကလေးဖြစ်နေမှန်းကို ချစ်သူကောင်မလေးက သိသွားပါတော့တယ်။ ဒါပေမယ့် သူ့ကောင်မလေးက ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ပြဿနာမရှိဘူး အချစ်ကသာ အဓိက ဆိုပြီး နှစ်သိမ့်ခဲ့ပါတယ်။ အဲဒီအချိန်မှာဘဲ ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်ကလည်း ဘရန်ဒွန်ကို စတင်သံသယ ၀င်လာပါတော့တယ်။ အဲဒီလိုနဲ့ တနေ့ ဘရန်ဒွန်ရဲ့ ကောင်မလေးမရှိတဲ့အချိန်မှာ အတင်းအဓမ္မအ၀တ်အစားချွတ်ခိုင်းပါတယ်။ ဘရန်ဒွန်က ဘယ်လိုတောင်းပန်တောင်းပန် မရဘူး။ နောက်ဆုံးတော့ ချွတ်ပြလိုက်ရပါတယ်။ အဲဒီထက် မကသေးပါဘူး။ ကောင်လေးနှစ်ယောက်က နောက်ထပ်လည်း ဆက်ပြီးတော့ ဘရန်ဒွန်ကို မိန်းကလေးဖြစ်လာအောင် ပညာပေးတဲ့အနေနဲ့ နှစ်ယောက်သား ၀ိုင်းပြီး မုဒိမ်းကျင့် လိုက်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့သူတွေကတော့ ဘယ်လိုရင်နင့်စရာတွေ ဆက်ဖြစ်လာမယ်ဆိုတာကို သိကြပါလိမ့်မယ်။ ဒါပေမယ့် မကြည့်ရသေးတဲ့ သူတွေကတော့ ဒီအခွေလေးကို ဆက်လက်ရှာဖွေပြီးတော့ ကြည့်ရှုအားပေးလိုက်ကြပါလို့ ဆိုပါရစေ။
Lan Yu
ဒါရိုက်တာ - စတန်လီကွာန်
သရုပ်ဆောင်များ - ဟူဂျွန်။ လွီယီ
နိုင်ငံ - တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပြည်မကြီးနောက်ခံ)
ဘာသာစကား - မန်ဒရင်း (အင်္ဂလိပ် စာတန်းထိုး)
ဇာတ်ကားအမျိုးအစား - ဒရာမာ
ဇာတ်လမ်းနောက်ခံအကျဉ်း ဒီဇာတ်လမ်းလေးရဲ့ နောက်ခံကျောရိုးဇာတ်လမ်းကို အင်တာနက် စာမျက်နှာကနေရရှိတယ်လို့ဆိုပါတယ်။ ဘယ်သူက ဒီဇာတ်လမ်းလေးကို ရေးခဲ့တယ်ဆိုတာလည်း အခုထိမသိရသေးပါဘူး။ ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ ၁၉၈၉ခုနှစ် ပီကင်းမြို့ ရှန်နမင်ရင်ပြင်မှာ ဒီမိုကရေစီလိုလားသူ ဆန္ဒပြကျောင်းသားတွေကို တရုတ်ကွန်မြူနစ် အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အကြောင်းအရာကို မသိမသာ တင်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လန်းယူလို့ခေါ်တဲ့ တောင်ပေါ်သားလေးတယောက် ပီကင်းမြို့မှာ တက္ကသိုလ်လာတက်ရင်းနဲ့ ငွေပြတ်သွားလို့ ဒုက္ခရောက်နေတဲ့အချိန်မှာ ကောင်လေးတွေကို ခေါ်ခေါ်အိပ်နေတဲ့ သူဌေးတယောက်နဲ့ တွေ့သွားပါတယ်။ အဲဒီသူဌေးနဲ့ လန်းယူတို့ ရံဖန်ရံခါတွေ့ဆုံကြရင်းနဲ့ နောက်တော့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ သူဌေးကလည်း လန်းယူကိုချစ်လွန်းတော့ နောက်ဆုံးအိမ်နဲ့ယာနဲ့ ၀ယ်ပေးတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ချစ်ကြိုက်နေတုန်း များမကြာမှီမှာပဲ သူဌေးကြီးက လန်းယူမသိပဲ သူ့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတယောက်နဲ့ လက်ထပ်ထိမ်းမြားဖို့ စီစဉ်ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ လန်းယူကို အဲဒီအကြောင်းထုတ်ပြောပြလိုက်တော့ လန်းယူတယောက် အလွန့်လွန်ကို စိတ်ထိခိုက်ကြေကွဲခဲ့ပါတယ်။ နောက်တော့ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပါတယ်။ ဒီလိုနဲ့ နှစ်အတန်ကြာတော့ ပီကင်းမြို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ သူဌေးနဲ့ လန်းယူတို့ အမှတ်မထင် ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အဲဒီမှာ သူဌေးက သူ့မိန်းမနဲ့ကွာရှင်းလိုက်ပြီဆိုတဲ့အကြောင်း လန်းယူကိုပဲ အမြဲသတိရနေတယ်ဆိုတဲ့ အကြောင်းတွေကို ပြောထွက်လာပါတော့တယ်။ လန်းယူက ဘယ်လိုပြန်တုန့်ပြန်မလဲ ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့ စာဖတ်သူများ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစား ကြည့်ပါနော်။
| Comments |
|
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.