ဧရာဝတီအွန်လိုင်းသတင်းဌာနရဲ့ သောကြာစကားဝိုင်း 4.9,09 အစီအစဉ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်
September 16, 2009
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အလှဖန်တီးရှင်တွေရဲ့ မယ်ရွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီအလှဖန်တီးရှင်တွေရဲ့ မယ်ရွေးပွဲကို နောက်ကနေပြီးတော့ ထောက်ပံ့ပေးတာက ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇရဲ့ မရီးနဲ့ သူ့ရဲ့သားလို့ပြောပါတယ်။ အဲဒီတော့ အလှဖန်တီးရှင်တွေရဲ့ပွဲကို ဘာကြောင့် ဒီလူတွေရဲ့ စပွန်ဆာနဲ့ ပထမဆုံးအကြိမ် ကျင်းပနိုင်တာလဲဆိုတာကို ကျမတို့ ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ၊ နောက်ပြီးတော့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေကို ကြိုးပန်းပေးနေတဲ့ ကိုအောင်မျိုးမင်းနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ရှေးရိုးစွဲအကျင့်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ဒါကို ခွင့်ပြုတာဟာ တခါးတချပ်ကို ထပ်ပြီးဖွင့်ပေးလိုက် တယ်ဆိုတဲ့ပုံစံမျိုး အဓိပ္ပါယ်သက်ရောက်ပါလား။
ကိုအောင်မျိုးမင်း။ ။ ဟုတ်ကဲ့၊ ဒါဟာ မြန်မာ့သမိုင်းမှာ ပထမဦးဆုံး တရားဝင်ကျင်းပခဲ့တဲ့ မြန်မာ့ အလှဖန်တီးရှင်များရဲ့ မယ်ရွေးပွဲဖြစ်တယ်။ ခုနက ကိုအောင်ဇော်ပြောသလိုပေါ့ဗျာ။ တံခါးတချပ် ဖွင့်လိုက်တာပေါ့။ ဒီလိုမျိုး ပွဲလုပ်ဖို့အတွက် မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ လိင်တူချင်း ချစ်တဲ့သူတွေ ကြိုးပန်းခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီလို ပါမစ်တောင်းတိုင်း ပိတ်ချခံခဲ့ရတယ်။ သူတို့အကြောင်းပြချက် ကတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတဲ့ အချက်နဲ့ အမြဲတန်းပိတ်ပင်တယ်။ ဖြစ်နိုင်တဲ့ အခြေအနေက (၃) ခုရှိတယ်။ ပထမတခုက ဒီစပွန်ဆာပေးတဲ့သူတွေက နအဖဘက်က ထိပ်တန်းခေါင်းဆောင် တွေနဲ့ အမြဲတန်းရင်းနှီးပြီးတော့ လုပ်ပိုင်ခွင့်တွေ အမြဲတန်းရရှိနေတဲ့ သဘောမျိုး ကျနော်တို့ စာစောင်တွေထဲ မှာ အမြဲတန်းဖတ်နေရတယ်။
ကိုအောင်ဇော်။ ။ ကိုတေဇကို ပြောတာပေါ့နော်။
ကိုအောင်မျိုးမင်း။ ။ ဟုတ်ကဲ့၊ အခုက သူ့ရဲ့မိသားစုကို ပြောတာပါ။ နောက် ဒုတိယတချက်ကတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ပွဲက အလှဖန်တီးရှင်လို့ နာမည်ခံထားပေမယ့် ရရှိတဲ့ ရံပုံငွေတွေ အားလုံးကို အိတ်ခ်ျအိုင်ဗွီ (အေ့ဒ်စ်) ရောဂါဖြစ်နေတဲ့သူတွေရဲ့ ရံပုံငွေအဖြစ် အသုံးပြုမယ်ဆိုပြီးတော့ စကားအဓိပ္ပါယ်လေးကို သူတို့လုပ်ထားတယ်။ အဲဒီတော့ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီ ကေ့စ်ကို ကြိုးပန်းနေတဲ့ နအဖအတွက်က လက်ခံနိုင်စရာအကြောင်း ဖြစ်လာတယ်။ နောက်တခုကတော့ သိပ်တော့မဖြစ်နိုင်ဘူးဗျ။ ဘာဖြစ်လို့လဲဆို တော့ ကျနော်တို့တိုင်းပြည်မှာက ဒီလိင်တူချင်း ချစ်တဲ့သူတွေဆိုရင် သိပ်ပြီးတော့ နေရာမပေးချင်တာ၊ အထင် သေးတာတွေ ရှိနေတဲ့အချိန်မှာ အခုလိုမျိုး သူတို့ရဲ့အခွင့်အရေးကို နားလည်သဘောပေါက်ပြီးတော့ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်တွေ၊ ခုနကလို ပါဝင်ခွင့်တွေ ပေးတဲ့ပုံစံမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဖြစ်ဖို့အရမ်းနည်းနေတယ်။ ကျနော့်ယူဆချက်ကတော့ ခုနက အိတ်ခ်ျအိုင်ဗွီ (အေ့ဒ်စ်) ပညာပေးတဲ့ ရံပုံငွေ ကြောင့်ဖြစ်နိုင်တယ်။ စပွန်ဆာပေးတဲ့သူတွေက သြဇာလွှမ်းမိုးပြီးတော့ သူတို့ ဖြစ်အောင်လုပ်နိုင်တဲ့ အခြေအနေနှစ်ခုကို ကျနော်ပိုပြီးတော့ သုံးသပ်မိပါတယ်။
မအေးချမ်း။ ။ အဲဒီတော့ ကိုအောင်မျိုးမင်းအနေနဲ့ နိုင်ငံတကာမှာ ဒီလိုမယ်ရွေးပွဲတွေ အခွင့်အရေး ပေးပြီးတော့ ဒီလိုလိင်တူချစ်သူတွေကို ဘယ်လိုကျင်းပပေးနေလဲရှင့်။
ကိုအောင်မျိုးမင်း။ ။ ကျနော်တို့ တော်တော်ကြာပါပြီ၊ ဒီအနောက်နိုင်ငံတွေမှာလည်း ရှိတယ်။ ဒီ အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် မစ္စဒစ်ဗနီဆိုလို့ရှိရင် နှစ်တိုင်းနှစ်တိုင်းရှိတယ်။ ထိုင်းနိုင်ငံတင် မကဘဲနဲ့ အာရှ၊ တကမ္ဘာလုံးမှာရှိတဲ့ လိင်ခွဲစိတ်ပြောင်းလဲထားတဲ့သူတွေ အကုန်လုံး လာပြီးတော့ ပြိုင်ကြတယ်။ ကြည့်တဲ့သူလည်း အများကြီးဘဲ။ ဆုတွေလည်း အများကြီးဘဲ။ ဒါပေမယ့် မြန်မာနိုင်ငံ အနေအထားမှာတော့ ဒါပထမဦးဆုံး တရားဝင်လုပ်ဆောင်မှုလို့ ကျနော်ပြောနိုင်ပါတယ်။ ခုနက လိင်တူချစ်သူ အခွင့်အရေးလုပ်ဆောင်နေတဲ့ သူတယောက်အတွက်ကတော့ ဒါက ထူးခြားတဲ့ တိုးတက်မှုလို့ ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီလိင်တူချစ်သူတွေက လူမှုအသိုင်းအဝိုင်းကြားထဲမှာ ရှိနေရဲ့သားနဲ့ ဒါကို မရှိဘူးလို့ ငြင်းဆန်ခံရတာတွေရယ်၊ ရှိနေရဲ့သားနဲ့ ဒါကိုအသိအမှတ်မပြုတာ ဖြစ်နေတဲ့ ပတ်ဝန်းကျင်အတွင်း မှာ စင်မြင့်ပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ပါဝင်နိုင်ခြင်းဟာ တကယ့်ကို ကောင်းမွန်တဲ့ အသိအမှတ်ပြုမှုတရပ်လို ဖြစ်နေလို့ပါဘဲ။
ကိုအောင်ဇော်။ ။ အခု ပြီးခဲ့တဲ့ ပွဲနဲ့ပတ်သက်ပြီးတော့ ကိုအောင်မျိုးမင်းအနေနဲ့ ဘာတွေသိလဲ၊ ဘယ်လောက် အောင်မြင်သလဲဆိုတာကရော။
ကိုအောင်မျိုးမင်း။ ။ အောင်မြင်တယ်။ ဒီပွဲကို လက်မှတ်မရလို့ ပြန်သွားရတဲ့သူတွေတောင် အများကြီး ရှိတယ်။ ကျနော်တို့ နေပြည်တော်မှာကျင်းပတဲ့ အကယ်ဒမီပွဲထက်တောင် ပိုပြီးတော့ ခန်းနားမှုတွေရှိတယ်၊ ဖျော်ဖြေမှုတွေ အရမ်းအားကောင်းတယ်။
အအေးချမ်း။ ။ ကျမကြားတာကတော့ လက်မှတ်တစောင်ကို သိန်းချီအထိ ဖြစ်သွားတယ်လို့ ကြားတယ်။
ကိုအောင်မျိုးမင်း။ ။ ဒါမှောင်ခိုဈေး ဖြစ်သွားတယ်။ လက်မှတ်တစောင်ကို လေးဖြူပွဲတောင် ဒီလောက်အထိ ဈေးမရှိဘူးဆိုပြီး ဖြစ်လာတယ်။ နောက်တခါ ဒီမှာပါဝင်ပြီးတော့ အကဲဖြတ်တဲ့ သူတွေဆိုရင် ရုပ်ရှင်လောကမှာ နာမည်ကြီးတဲ့ စိုးမြတ်သူဇာတို့၊ ကိုရဲအောင်တို့၊ နောက်တခါ ပါဝင်တက်ရောက်ပြီးတော့ လာပြီးအားပေးတဲ့သူတွေဆိုရင် ရန်ကုန်မြို့ရဲ့ မိတ်ကပ်နဲ့ အလှပြင်လောကမှာ နာမည်ကြီးတွေ၊ အကုန်လုံး ဒိတ်ဒိတ်ကျဲတွေ ပါဝင်တယ်။
ကိုအောင်ဇော်။ ။ ကျနော်တို့က စစ်အစိုးရကို တည်ပြောတယ်။ ရှေးရိုးစွဲလို့ပြောတယ်။ လိင်တူချစ်သူ တွေနဲ့ပတ်သက်ပြီးတော့ အထင်သေး ခွဲခြားဆက်ဆံမှုတွေ ရှိတယ်လို့ပြောတယ်။ အဲဒါဆိုရင် မြန်မာလူထုက ရော အဲဒီ မြန်မာလူမျိုးတွေ အမြင်တွေကို ဘယ်လိုပြောင်းလဲသွားနိုင်လဲ။ ဘယ်လို ပညာတွေပေးလဲ။
ကိုအောင်မျိုးမင်း။ ။ ကျနော်တို့ တိုင်းပြည်မှာ ဥပဒေအရကိုယ်တိုင်က ခွဲခြားဖိနှိပ်တဲ့ ဥပဒေရှိနေတယ်။ ကျနော်တို့ ရာဇဝတ်မှုပုဒ်မ (၃၇၇) ဆိုရင်တော့ လိင်တူချင်း ချစ်တဲ့သူက သဘာဝမကျတဲ့ လိင်ဆက်ဆံမှုလို့ သတ်မှတ်ခံထိပြီးတော့ ထောင်ချနိုင်တဲ့အထိရှိတယ်။ ကျနော်တို့ မကြာခင်ကဘဲ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံ မှာ ဒါကို ပြောင်းလိုက်တယ်။ ဒါပေမယ့် မြန်မာပြည်နဲ့ တချို့နိုင်ငံတွေမှာ ဆက်ရှိနေတုန်းဘဲ။
ကိုအောင်ဇော်။ ။ အာဖဂန်နစ္စတန်မှာတောင် ရှိသေးတယ်။
ကိုအောင်မျိုးမင်း။ ။ အာဖဂန်နစ္စတန်မှာလည်း ရှိတုန်းဘဲ။ သီရိလင်္ကာ၊ ပါကစ္စတန်မှာလည်း ရှိတုန်းဘဲ။ ထူးခြားချက်က ဒီဥပဒေက ကိုလိုနီခေတ်တုန်းက ချမှတ်ခဲ့တဲ့ ဥပဒေတရပ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံမှာ အဲဒီဥပဒေတွေက ဖျက်သိမ်းသွားပြီးတော့ ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံအဟောင်းတွေမှာ ဒီဥပဒေဟောင်းတွေကို ဆက်လက်လုပ်ဆောင်နေတာ ကျနော်တို့အတွက် ဟာသကြီးတော့ ဖြစ်နေတယ်။ နောက်တခုက ကျနော်တို့ ပတ်ဝန်းကျင်မှာက လိင်တူချင်း ချစ်တဲ့သူတွေက အရင်တုန်းက အတိတ်ကံမှာ မကောင်းခဲ့လို့ ဒီလိုမျိုးဖြစ်တယ် ဆိုတဲ့ သွန်သင်ဆုံးမမှုတွေ ဖြစ်လာတယ်။ နောက်တခါ လိင်တူချင်းချစ်တဲ့သူတွေက ဘယ်တော့မှ ပုံမှန်စိတ်မရှိဘူး။ ဘယ်တော့မှ သူတို့မှာ အရည်အချင်းရှိတဲ့သူ မရှိဘူးဆိုပြီးတော့ ပတ်ဝန်းကျင်က သတ်မှတ်မှုတွေ ဖြစ်လာတယ်။ အဲဒီတော့ ကျနော်တို့ ပတ်ဝန်းကျင်မှာ လိင်တူချင်း ချစ်တဲ့သူလို့ ပြောလိုက်တာနဲ့ ထဘီဝတ်ပြီး၊ ပန်းပန်ပြီး ရှောက်သီးဆေးပြားရောင်း၊ နတ်ကတော်လုပ်ပြီးတော့ မိတ်ကပ်လူးတဲ့ လူလောက်ဘဲ မြင်လာတယ်။ အဲဒီတော့ အဲဒီပုံစံအတိုင်း ကိုက်တဲ့သူတွေကတော့ သူတို့ကို သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်မှာ ဒီအတိုင်းနေတယ်။ ဒါပေမယ့် အဲဒီပုံစံအတိုင်း မဖြစ်တဲ့သူတွေကိုတော့ ပတ်ဝန်းကျင်က လက်မခံတဲ့အတွက် ကျနော်တို့မှာ အပုန်းလို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ဖွင့်ပြောလို့မရတဲ့ သူတွေဖြစ်လာတယ်။ အဲဒါ ဖိနှိပ်မှုတွေ အများကြီးဘဲ။ ခုနကပြောခဲ့တဲ့ ပုဒ်မ (၃၇၇) ပြောင်းဦးတော့ လူတွေထဲမှာ ဖြစ်နေတဲ့ အထင်သေးတဲ့စိတ်တွေ၊ နောက်တခါ ဒါတွေကို မုန်းတီးမှုစိတ်တွေက ကျနော်တို့ ပညာပေးမှုတွေ အများကြီး လိုအပ်တယ်။ တချိန်ထဲမှာဘဲ လိင်တူချင်းချစ်တဲ့သူတွေက ငါတို့တွေဟာ လူသားဖြစ်တယ်။ ငါတို့တွေမှာ အစွမ်းအစရှိတယ်ဆိုတဲ့ ရိုးမော်ဒယ်တွေ ယူနိုင်ဖို့အတွက် ကျနော်တို့အများကြီး လိုအပ်တယ်။
မအေးချမ်း။ ။ အကိုအခု ထုတ်နေတဲ့ မဂ္ဂဇင်းပေါ့နော်။ ရိမ်းဘိုးပေါ့၊ အဲဒီ ရိမ်းဘိုးရဲ့ အောင်မြင်မှုရော ဘယ်လောက်အထိ အောင်မြင်မှုရှိလဲ။
ကိုအောင်ဇော်။ ။ နေဦး မအေးချမ်းရေ၊ ကျနော်မေးချင်တာက အဲဒီရိမ်းဘိုးက မြန်မာဘာသာနဲ့နော်။
မအေးချမ်း။ ။ ဟုတ်ကဲ့၊ မြန်မာဘာသာနဲ့ လိင်တူချစ်သူတွေကို ပညာပေးတဲ့ မဂ္ဂဇင်းလို့ ပြောလို့ရပါတယ်။
ကိုအောင်ဇော်။ ။ နောက်ပြီးတော့ အထဲကို ပြန်ဖြန့်တာပေါ့။
မအေးချမ်း။ ။ ဟုတ်ကဲ့၊ အထဲရော၊ အပြင်ရောဖြန့်တယ်။ ပြည်ပမှာရောပေါ့။ ပြောပြပါဦး ကိုအောင်မျိုးမင်း။
ကိုအောင်မျိုးမင်း။ ။ ရိမ်းဘိုးဆိုတဲ့ မဂ္ဂဇင်းက ကျနော်တို့ စာဖတ်ပရိတ်သတ် (၂) ခုကို ရည်ရွယ်ပါတယ်။ တခုကတော့ ကိုယ့်ကိုယ်ကို လိင်တူချင်းချစ်တဲ့ ဖြစ်တဲ့သူမို့လို့ အားငယ်နေတဲ့ သူတွေကြားထဲမှာ လိင်တူချင်း ချစ်ဖို့ဟာ ရောဂါမဟုတ်ဘူး။ လိင်တူချင်းချစ်တဲ့ စိတ်ကို မုန်းတီးတဲ့စိတ်ကသာ စိတ်ရောဂါ ဖြစ်တယ်ဆိုတာ သိပြီးတော့ သူတို့ကိုသူတို့ အားငယ်နေတဲ့စိတ်တွေ ပြင်နိုင်ဖို့အတွက် တခုဖြစ်တယ်။ နောက်တခုကတော့ လိင်တူချင်း ချစ်တဲ့သူတွေ အပေါ်မှာ မုန်းတီးမှုရှိနေတဲ့ စိတ်ထားတွေ ပြောင်းနိုင်ဖို့အတွက် ကျနော်တို့ မှန်ကန်တဲ့ သတင်းတွေပေးပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ အတွင်းရော အပြင်ရော ဖြန့်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေဆိုရင်တော့ ဘယ်လိုစာစောင်ဘဲဖြစ်ဖြစ် ဒါက တရားမဝင် ဖြစ်တဲ့အတွက် အထဲထဲမှာ ဖြန့်တဲ့ဟာမျိုးအတွက် ကျနော်တို့ အခက်အခဲရှိတယ်။ ဒါပေမယ့် ဒါကို ကျနော်တို့ www.coloursrainbow.com ဆိုပြီးတော့ ကျနော်တို့ အွန်လိုင်းမှာလုပ်ထားတယ်။ အဲဒီပေါ်မှာ တက်ရောက်တဲ့ သူများဟာ တချို့ကတော့ ပုဂ္ဂိုလ်ရေးအရ သူတို့ဒီစာဖတ်တဲ့အတွက် ပိုပြီးတော့ သိလာတယ်။ တချို့ကတော့ ဒီဟာဖတ်တဲ့အတွက် အရင်ကမသိတဲ့ အချက်တွေသိတဲ့အတွက် ပိုပြီးဆွေးနွေး ချင်တယ်ဆိုပြီးတော့ အချေအတင်ငြင်းခုံတာတွေ အများကြီးရှိပါတယ်။ ဒါဟာ အောင်မြင်မှုတရပ်ပါဘဲ။
ကိုအောင်ဇော်။ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ၊ ၃ဝ ထက်စာရင် မြန်မာလူ့ဘောင်အဖွဲ့အစည်းဟာ ပိုပြီးတော့ ပွင့်လင်းလာတယ်လို့ ပြောလို့ရလား၊ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့။
ကိုအောင်မျိုးမင်း။ ။ ပွင်းလင်းလာတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခုမှ တိုးလာတာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိင်တူချင်းချစ်တဲ့သူတွေဟာ နေရာတိုင်းမှာ ရှိပြီးသား၊ ယဉ်ကျေးမှုတိုင်း မှာ ရှိပြီးသား၊ နိုင်ငံတိုင်းမှာ ရှိပြီးသား၊ စနစ်တိုင်းမှာ ရှိပြီးသား။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုရယ်၊ နောက်တခါ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးမှုတွေ တိုးလာတဲ့အခါမှာ ဒီလိုလူတွေက ပိုမိုထုတ်ဖော်ပြော ဆိုရဲလာတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဒါတွေက ထင်ပေါ်လာတဲ့ အတွက်ကြောင့်မို့လို့ အခုအချိန်မှာ ပိုပြီးများလာတယ်။ ပွင့်လင်းမှုရှိတဲ့ သဘောမျိုးဘဲ။
ကိုအောင်ဇော်။ ။ ကျနော် ကြားဖူးတာ တခုရှိတယ်။ မြန်မာ့တပ်မတော်ထဲမှာတောင်၊ စစ်ခေါင်းဆောင် တွေမှာတောင် ဒီလို လိင်တူချစ်တဲ့သူတွေ များကြီးရှိကြတယ်။ ဒါကတော့ စစ်တမ်းကောက်ယူရမှာပေါ့လေ။ ကျနော်သိချင်တာက မြန်မာ နအဖ စစ်အစိုးရကရော ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝ နှစ်၊ ၁၅ နှစ်အတွင်း ဖွင့်ပေးတာမျိုးတွေရှိခဲ့လား၊ ဒါမှမဟုတ် ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့လား။
ကိုအောင်မျိုးမင်း။ ။ အခုနောက်ပိုင်းမှာ အနုပညာပိုင်းနဲ့ မိတ်ကပ်ဆိုတဲ့အပိုင်းမှာ နာမည်ကြီးတာ ကြည့်မယ်ဆိုရင်တော့ လိင်တူချင်းချစ်တဲ့ အနုပညာရှင်တွေကြီးဘဲ။ မခင်စန်းဝင်း၊ ကိုမာတို့၊ မိုးကုတ် ပေါက်ပေါက်တို့၊ မိတ်ကပ် အောင်အောင်တို့ဆိုရင် သူတို့ တကယ့်ကို အောင်မြင်နေတဲ့ သူတွေဘဲ။ သူတို့က အောင်မြင်နေယုံတင်မကဘဲ ဒီအနုပညာရှင်တွေ ကြားထဲမှာ သူတို့ရဲ့ အလှဖန်တီးမှုနဲ့ အားကောင်းအောင် လုပ်ပေးတာ အားလုံးမငြင်းနိုင်တဲ့ ကိစ္စတွေပါဘဲ။ သူတို့ရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ ထင်ရှားလာတယ်။ စစ်အစိုးရက ဖွင့်ပေးခြင်းကြောင့်မို့လို့ ဒီလိင်တူချင်း ချစ်တဲ့သူတွေက ပိုမိုပြီးတော့ စီးပွားရေးလုပ်ငန်းမှာ နေရာရလာရင်းနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပိုမြင်လာတာ ကျနော်တို့ မကောင်းတဲ့ထဲက အားကောင်းချက်တခုလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကြားထဲမှာ မိတ်ကပ်၊ ဆံပင် ဖန်တီးရှင် လောက်ဘဲ ကျနော်တို့ တင်းတိမ်တာမဟုတ်ဘဲနဲ့ လိင်တူချင်း ချစ်တဲ့သူတွေကလည်း လူ့အခွင့်အရေး လေးစားတဲ့သူတွေ၊ လူ့အခွင့်အရေး ပါဝင်စောင့်ရှောက်မှုမှာ ပါဝင်တဲ့သူတွေ၊ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ ပါဝင်နိုင်တဲ့သူတွေ ဖြစ်နိုင်တဲ့ ဒါတွေ လုပ်ဆောင်ဖို့အတွက် နောက်တဆင့် ထပ်ပြီးတိုးအောင် ကြိုးစားစေချင်တယ်လို့ ကျနော်မှာကြားချင်ပါတယ်။
| Comments |
|
|
||||||||
|
||||||||
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev | Next > |
|---|






Welcome Boy Homo created this network with SocialGO.