လိင်တူချစ်သူတွေဆိုလိုက်တာနဲ့ ပတ်ဝန်းကျင်မှာ တုန့်ပြန်မှုတွေ အမျိုးမျိုးရှိတတ်ကြပါတယ်။ တချို့ကတော့ ပြောင်လှောင်စရာ၊ ရွံမုန်းစရာမြင်သလို တချို့ကတော့ ဘာမှ ထူးထူးခြားခြားမမြင်တတ်ပါဘူးလို့ ပြောကြပါတယ်။ အခုတပတ်စာစောင်မှာတော့ လိင်တူချစ်သူတွေမဟုတ်တဲ့ သူတွေက လိင်တူချစ်သူတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အမြင်တွေကို သိနိုင်ဖို့ အစီအစဉ်သစ်တခုကို ထည့်ထားပါတယ်။ ဒီအကြောင်းအရာကို ဆွေးနွေးဖို့ လိင်တူချစ်သူမဟုတ်တဲ့ လူ့အခွင့်အရေးပညာပေးသူ ခြောက်ဦးနဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်။ နောက်ပိုင်းစာစောင်တွေမှာလဲ အလျဉ်းသင့်သလို ဖော်ပြသွားမှာပါ။
စီစဉ်သူ ရောင်စဉ်ယက်ကန်းသည်များအဖွဲ့
အမေး။ ။ သူငယ်ချင်းတွေထဲမှာ အရပ်အခေါ် (ဂျီမတွေ၊ အခြောက်မတွေ၊ ဂျီပုန်းမတွေ၊ ယောက်ျားလျာ) စတဲ့လိင်တူချစ်သူတွေ ရှိခဲ့ဖူးလား။ ရှိခဲ့မယ်ဆိုရင် သူတို့တွေရဲ့ အနေအထိုင် အပြုအမူလေးတွေ၊ အကျင့်စရိုက်လေးတွေကို နည်းနည်းပြောပြပါလား။
ကိုအောင် ဟုတ်ကဲ့ ရှိခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပုံစံတွေက ယောက်ျားပုံစံပေါက်နေပေမယ့် သူတို့ရဲ့ ပြောဆိုတဲ့ဟာတွေ အလုပ်အကိုင်တွေ အပြုအမူတွေက မိန်းမဆန်တာ ထင်ရှားတယ်ပေါ့နော်။
မိလ၀ီနွန်
သူငယ်ချင်း ရင်းရင်းနှီးနှီးတော့ မရှိခဲ့ပါဘူး။ တယောက်နဲ့တယောက် သိတဲ့ပုံစံလောက်တော့ ရှိခဲ့ပါတယ်။ ညီမလေးလိုမျိုးပုံစံရှိတယ်။ အစ်မတွေလိုမျိုးပုံစံရှိတယ်။ သူငယ်ချင်းရင်းရင်းနှီးနှီးတော့ မရှိဖူးပါဘူး။ ဘယ်လိုပြောရမလဲ ဒီ LGBTကို ကျမ မသိခင်အချိန်တုန်းကပေါ့နော် ယောက်ျားလေးဆိုရင် သူတို့ မိန်းကလေးလိုမျိုးပေါ့ ထမိန် မဟုတ်သည့်တိုင် ပုဆိုးကို ထမိန်ပုံစံလိုမျိုးနီးပါးလောက် သူတို့ ၀တ်ဆင်တာကို တွေ့ရတယ်လေ။ အထူးသဖြင့် သူတို့က မိန်းကလေးနဲ့ သွားလာတာ များတယ်။ အမျိုးသမီးက ယောက်ျားလေးပုံစံ ၀တ်ထားတာရှိတယ်။ ထမိန်မ၀တ်ဘူး ပုဆိုး ကိုပဲဝတ်တယ်ပေါ့နော်။ နောက်တခုရှိတာက ယောက်ျားလေး လုပ်တဲ့အတိုင်း သူတို့ လိုက်လုပ်တာ ကိုတွေ့ရတယ်။ အဲလောက်ကို ကျမ တွေ့ဖူးပါတယ်။
ကိုထွေး
ရှိတယ်ဗျ။ ကျနော်တို့ ငယ်ငယ်က ကျောင်းတက်တုန်းက ဆရာမက ခုံတွေကိုနေရာချပေးတာကိုး။ အဲဒီမှာ ကျနော့် ဘေးနားမှာ ထိုင်တဲ့ကျနော့်သူငယ်ချင်းက အခြောက်လို ပုံစံလေးပေါ့နော်။ တချိန်လုံး ကျနော်စိတ်ထဲမှာ သူ့ကို လှောင်စရာ၊ နောက်စရာ လိုဘဲထင်နေခဲ့တယ်။ သူနဲ့ကျနော်နဲ့လည်း အရမ်းခင်တယ်။ သူ့ကို ကျန်တဲ့သူငယ်ချင်းတွေကလည်း ၀ိုင်းပြီးစနောက်တော့ သူမှာကျနော့ဘေးနားမှာ အားကိုးရာမရှိ ဖြစ်နေတာပေါ့။ သူက သူ့ခံစားမှုအခြေအနေကို ပြောပြတယ်။ ကျနော်တို့ ဘယ်လိုမှခံစားပေးလို့မရဘူး။ ကျနော်တို့က ပြောင်စရာ၊ နောက်စရာလို့ဘဲမြင်တယ်။
မြတ်နိုးဖြူ
ဟီး…ဟီး၊ ရှိတာပေါ့ အများကြီး။ ဘယ်လိုလဲဆိုတော့ အများကြီးဘဲ့ရှိတာပေါ့နော်။ မြတ်နိုးက အင်ဂျီအိုတွေမှာ လုပ်ဖူးတယ်ဆိုတော့ သူတို့တွေနဲ့ ပိုပြီးမှအတွေ့အကြုံရှိတယ်ပေါ့။ စစဦးဆုံးပေါင်းတုန်းကဆိုလို့ရှိရင်တော့ အပုန်းလို့ခေါ်တာပေါ့နော်။ ယောက်ျားပုံစံဘဲ။ ကြည့်လိုက်လို့ရှိရင် သူများတကာတွေက ဂေး လို့မထင်ရဘူး။ ယောက်ျားပုံစံလိုမျိုးတွေနဲ့ပေါင်းတယ်။ တဖြည်းဖြည်းကျတော့ သူတို့ကနေမှတဆင့်ဆင့် အဆက်သွယ်တွေရလာတော့ အပွင့်လို့ခေါ်တာပေါ့နော်။ မိန်းမပုံစံလိုပြင်ဆင်ထားတယ်။ ဆံပင်က ကောက်ကောက်ဖြောင့်ဖြောင့်တွေနဲ့၊ နှုတ်ခမ်းနီးတွေ၊ မိတ်ကပ်တွေနဲ့ အလှပြင်ထားတာပေါ့နော်။ အဲလိုလူမျိုးတွေနဲ့ တွဲတယ်။ ပြီးတော့ သူတို့ကပြောပြတာပေါ့နော်။ ဂေး တွေရဲ့အထာက မိန်းမတွေကို သိပ်ပြီးအရောမ၀င်ဘူးပေါ့နော်။ မိန်းမတွေကို အရောဝင်တယ်ဆိုရင် သူတို့ရဲ့ သူငယ်တွေက အဲဒီ မိန်းမတွေကို ကြိုက်ကြိုက်သွားတယ်။ မိန်းမတွေကိုအရောမ၀င်ဘူး။ အဲဒီမိန်းမတွေက သူတို့ရဲ့သူငယ်တွေကို လုလုသွားလို့လေ။ သူတို့က ကောင်လေးချောချောလေးတွေဘဲ လိုက်ရှာတွဲတယ်လေ။ သူတို့က မိန်းမတွေကို စပိမလို့ခေါ်တယ်လေ။ စပိမ တွေနဲ့မတွဲဘူးလေ။ မြတ်နိုးကတော့ သူတို့သူငယ်တွေကိုလည်းမလုဘူးလေ။ သူတို့နဲ့ ဟေးလားဝါးလား လိုက်နေရတာကို ပျော်တယ်ဆိုတော့ သူတို့က မြတ်နိုးကို ခင်တယ်လေ။
ချစ်ခါးလေး
ကျနော့ မှာ ဂေး သူငယ်ချင်းတွေတော့ အများကြီးရှိဖူးပါတယ်။ ဒါပေမယ့် ယောက်ျားလျာ(Lesbian) တော့ မရှိပါဘူး။ တချို့က တကယ့်ယောက်ျားလေးလို ဂေး လို့မထင်ရဘူး။ ကျားကျားယားယား ဗလ တောင့်တောင့်ကြီး တွေလည်း ရှိပါတယ်။ တချို့က နွဲ့နွဲ့နှောင်းနှောင်း လည်းရှိပါတယ်။ Lesbian တော့ သူငယ်ချင်းထဲမှာ မရှိဖူးပါဘူး။ ဒါပေမယ့် အပြင်မှာတော့ မြင်ဖူးပါတယ်။
ဆိုင်းမိုင်
အင်း လိင်တူချစ်သူလို့တော့ ကျမက အခုမှကြားဖူးတာပေါ့နော်။ ကျမတို့ အရင်ကပြောနေတာက အခြောက် ပေါ့နော်။ မိန်းမလျာ၊ ယောက်ျားလျာ တို့ရှိတာပေါ့နော်။ မိန်းမလျာကျတော့ မိန်းကလေးပုံစံပေါ့နော်။ ကျနော်တို့နဲ့ ကျောင်းမှာဆိုရင် ကြိုးခုန်တယ်။ ပြီးလို့ရှိရင် အတူတူ အာလူးဖုတ်တယ်၊ သွားတယ်၊ လာတယ်ပေါ့နော်။ ယောက်ျားလျာကျတော့ ပေါင်းတော့ပေါင်းတယ် ဒါပေမယ့် ကျနော်တို့နဲ့သိပ်မပေါင်းချင်ဘူး။ မိန်းမလျာကတော့ ပေါင်းတယ်ပေါ့နော်။ ယောက်ျားလျာတွေက ယောက်ျားလေးလိုနေတော့ သူက ယောက်ျားလေးနဲ့ ပိုပေါင်းများတယ်လေ။ မိန်းမလျာတွေ ကတော့ ကျမတို့နဲ့ပေါင်းတာများတယ်။ ပြီးတော့ ယောက်ျားလျာတွေက ကြမ်းတမ်းတယ်။ သူတို့စိတ်မှာ သူတို့ ယောက်ျားလိုခံစားရလို့ထင်တယ် ကျနော်တို့နဲ့ သိပ်မပေါင်းဘူး။
အမေး။ ။ အဲဒီလို လိင်တူချစ်သူတွေအပေါ် အရင်ကမြင်ခဲ့တဲ့ အမြင်လေးတွေကိုလည်း ပြောပြပါအုံးလား။
ကိုအောင်
အရင်တုန်းက ကျနော်မြင်တာကတော့ ဒါဟာ သူ့မောင်နှမတွေကြားမှာ သူ့အဖေ၊ အမေက သင်ထားပေးလို့ အဲလိုမျိုးဖြစ်လာတယ်ပေါ့၊ နဂိုဗီဇ ကဖြစ်လာတာမဟုတ်ဘူးပေါ့၊ အစ်မတွေ များလွန်းလို့ ကိုယ့်ရဲ့မောင်လေးကို ချစ်လွန်းအားကြီးတော့ အလှပြင်ပေးတာတို့ ဘာညာသူတို့အကြိုက်ကို လုပ်ပေးတဲ့အခါကျတော့ အဲလို ဖြစ်လာတာပါ လို့ထင်ခဲ့ပါတယ်။
မိလ၀ီနွန်
ကျမအနေနဲ့ကတော့ သူတို့ကို အရမ်းရင်းရင်းနှီးနှီးမဟုတ်တဲ့အခါကျတော့ လူထူးလူဆန်းတယောက်လိုဘဲ မြင်တယ်လေ။ ဘာဖြစ်လို့ သူတို့ဒီလိုလုပ်ရတယ်ဆိုတာ ကျမအနေနဲ့ မသိနိုင်ဘူးပေါ့။ သူတို့က စတိုင်ထွင်တာလား ကျမအနေနဲ့ တခါတလေ မြင်မိတယ်လေ။ တခါတလေကျရင် စကားပြောကြည့်တယ်။ စကားပြောကြည့်တဲ့အခါကျတော့ သူတို့ကိုယ်သူတို့ ၀န်မခံတဲ့ အခါကျတော့ တမျိုးကြီးဖြစ်နေတာပေါ့။ ကျမစိတ်ထင် အများစုက ကျမတယောက်တွေ့ဖူးတာပေါ့နော်။ သူက အခုစကားလုံးနဲ့ဆိုရင် (Lesbian) ပေါ့နော်။ သူက မိန်းကလေးနဲ့သွားတယ်။ မိန်းကလေးတယောက်ကို ကြိုက်တယ်။ ကြိုက်တဲ့အခါကျတော့ ပတ်ဝန်းကျင်ကပြောတာပေါ့။ နောက်ပြီးတော့ ယောက်ျားလေးတွေနဲ့ သွားပြီး သူကပေါင်းတယ်။ ယောက်ျားလေး ဖြစ်ချင်တော့ အရက်ဝိုင်းမှာ လည်းသူက သွားတယ်ပေါ့။ ကွမ်းတွေ ဘာတွေ ၀ါးတယ်ပေါ့။ အဲဒါမျိုးအခါကျတော့ ဒီမိန်းမက မိန်းကလေးလိုမနေဘဲနဲ့ သူလုပ်ချင်တဲ့ ဟာတခုတည်းနဲ့ ဒီဟာတွေ လိုက်လုပ်နေတယ်။ အရက်တွေဘာတွေ လိုက်သောက်နေတယ်ဆိုပြီး ပတ်ဝန်းကျင်က အမျိုးမျိုးဖိအားပေးလာတဲ့အခါကျတော့ သူတို့ကိုယ်သူတို့ ထုတ်ဖော်မပြောရဲဘူးလို့ကျမ မြင်တယ်လေ။
ကိုထွေး
နောက်စရာပြောင်စရာ အဲလိုပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပတ်ဝန်းကျင်မှာကျတော့ ဒီဟာကြီးကို သဘာဝမကျဘူးလို့ မြင်တယ်။ မြင်သားကျနေတဲ့ မိန်းမပုံစံ၊ ယောက်ျားပုံစံ မဟုတ်တော့လေ တမျိုးကြီးပဲ။ လက်ခံလို့မရဘူး။ နောက်တခုက ကျနော်တို့ဘက်မှာဆိုရင်တော့ နတ်ကနားပွဲတွေ အများကြီးလုပ်တယ်လေ။ တစ်နိုင်ငံလုံးက ဂေး တွေလာကြတယ်။ အဲဒီနေရာကိုရောက်ရင် ကျနော်တို့အနေနဲ့ပေါ့နော် သူတို့ကို ပြောင်စရာ၊ လှောင်စရာ၊ အနိုင်ကျင့်စရာလိုဘဲ မြင်တယ်ပေါ့နော်။
မြတ်နိုးဖြူ
ဟိုးအရင်တုန်းကတော့ ဒီလို အင်ဂျီအို တွေမှာမလုပ်သေးဘူးလေ။ သာမာန်အလုပ်ပဲလုပ်တယ်ပေါ့။ ပြောရမယ်ဆိုရင် ကိုယ်က အခြောက်မတွေကိုတွေ့တယ်ဆိုရင် ရှောက်သီးဆေးပြားရောင်းတယ်ဘဲထင်နေတာကို။ ကိုယ့်အိမ်ရှေ့မှာ ဆိုရင် ဒီလို တောက်တောက်ပြောင်ပြောင်အင်္ကျီတွေဝတ်ပြီးမှ ရှောက်သီးဆေးပြားလာရောင်းတာကို တအားသဘောကျတယ်လေ။ အတင်းလူကြီးတွေကိုပြောပြီးမှလေ ရှောက်သီးဆေးပြားဝယ်ခိုင်းပြီးမှ ကခိုင်းတယ်။ အဲလိုပုံစံမျိုးနဲ့ပဲ အရင်တုန်းက အခြောက်ဆိုရင် ရှောက်သီးဆေးပြားရောင်းတဲ့သူတွေလို့ပဲမြင်တယ်။ အရင်ကတည်းက အခြောက်တွေကို သိပ်တော့ အမြင်မကပ်ဘူးပေါ့နော်။ ဘာဖြစ်လို့ သူတို့ ယောက်ျားအချင်းချင်း နေနေကြတာလဲပေါ့နော်၊ ဘယ်လိုမျိုးခံစားရလဲဆိုပြီး စိတ်ထဲကတော့ ဖြစ်မိတယ်။ နောက်ပိုင်းကျတော့ သူတို့တွေနဲ့ ပေါင်းသင်းလာတော့မှ သူတို့တွေရဲ့စိတ်ဟာအဲလိုမျိုးမဟုတ်ဘူး၊ ကျနော်တို့ထင်တာက အခြောက်မတွေဆိုတာက အချိန်ပြည့် သူများအကြောင်းကို အတင်းလိုက်ပြောနေတယ်ပေါ့၊ ဒါပေမယ့် တကယ့်တမ်းကျတော့ သူတို့တွေက ဖွတာမဟုတ်ဘူး။
ချစ်ခါလေး
အရင်တုန်းက ဘယ်လိုပြောရမလဲ သူတို့ကိုကြောက်တာတော့မဟုတ်ဘူး။ ခင်ဖို့တော့ နည်းနည်းမရဲဘူးပေါ့။ မရဲဘူးဆိုတာလောက်လည်းမဟုတ်ဘူး ခင်ဖို့နည်းနည်း မချင့်မရဲဖြစ်မိတာပေါ့နော်။ အဲလိုမျိုးခံစားခဲ့ပါတယ်။ အရင်တုန်းကတော့ ကျနော်က ဂေး တွေနဲ့ခင်တယ် သူငယ်ချင်းတွေလည်းရှိတယ်ဆိုတော့ သူတို့နဲ့ သွားရတာ မလွပ်လပ်တာမျိုး အဲလိုလည်းရှိတယ်။ မလွတ်လပ်ဘူးဆိုတာက ကျနော်လည်းကောင်းကောင်းတော့ မဖြေတတ်ဘူး။ တမျိုးကြီးတော့ ခံစားရတာပေါ့နော် သူတို့နဲ့။ ဘယ်လိုပြောမလဲ အရင်တုန်းက သွားတဲ့အခါကျရင် သူငယ်ချင်းတော့ သူငယ်ချင်းဘဲ ဒါပေမယ့် စိတ်ထဲမှာ တမျိုးမျိုးခံစားနေရသလိုမျိုးဘဲပေါ့နော်။
ဆိုင်းမိုင်
သူတို့ကို သီးသီးခြားခြားလိုတော့ မမြင်ပါဘူး။ ကျနော်တို့က သူငယ်ချင်းဆိုတော့ လူသားလို့ဘဲခံစားရပါတယ်။ အကုန်လုံးသူငယ်ချင်းဘဲ။ ဘယ်သူ့ကိုမှ မခွဲခြားဘူး။
အမေး။ ။ အခုလို လူ့အခွင့်အရေးအကြောင်းတွေကို လေ့လာပြီးတဲ့နောက်ပိုင်း သူတို့တွေအပေါ် မြင်တဲ့အမြင်တွေက ဘယ်လိုလဲ။
ကိုအောင်ပြောမယ်ဆိုရင်တော့ အရင်တုန်းက လူ့အခွင့်အရေးကို မသိသေးဘူးပေါ့။ ကိုယ်ကလည်း သူများမြင်သလို လျှောက်မြင်လိုက်တာပေါ့။ ဒီကောင်က အခြောက်၊ ဘာမှမလုပ်နိုင်ဘူး၊ ဘာမှသုံးစားလို့မရဘူး၊ အဲလိုမျိုး သူ့ရဲ့အားနည်းချက်ကိုဘဲမြင်ပြီးတော့ သူ့ကိုအသိမှတ်ပြုမှုမှာ လျော့နည်းခဲ့တယ်။ LGBT(လိင်တူချစ်သူများ) ရဲ့ အကြောင်းတွေကိုပါ နားလည်သိရှိလာတဲ့အခါကျတော့ လူတိုင်းဟာ မွေးကတည်းက တန်းတူဖြစ်တယ်ဆိုတာ အခုတော့ သူ့တို့တွေကို ထိန်ချန်ထားမယ်ဆိုရင် ဒါဟာလွှဲမှားတဲ့ အယူအဆဖြစ်လာပါလိမ့်မယ်။ ပြီးတော့ လူဆိုတာ မတူညီတဲ့အခြေအနေတွေကို လက်ခံရတော့မယ်ဆိုတာကို သတိရှိလာပါတယ်။ အရင်ကမြင်ခဲ့တဲ့အမြင်ကိုလည်း အခုပြောင်းလဲဖို့အတွက် လမ်းစဖြစ်လာပါပြီ။
လ၀ီနွန်
အရင်တုန်းကဆိုရင် ကျမက သူတို့ရှိတယ်ဆိုတာကို မသိဘူးလေ။ ဘယ်လိုပုံစံပြောရမလဲဆိုတော့ သာမာန်သူငယ်ချင်းတယောက်အနေနဲ့ သွားသွားလာလာတော့ရှိတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်တွေကို ကျမသတိမထားမိဘူးလေ။ နောက်ပိုင်း လူ့အခွင့်အရေးတွေနားလည်လာတဲ့အချိန်မှာ ကျမက သူတို့ရဲ့ခံစားချက်တွေကို ပိုပြီးတော့ သတိထားမိလာတယ်ပေါ့။
ကိုထွေး
ကျနော်မြင်တာကတော့ သူ့ဟာသူ လိင်စိတ်ခံယူမှုအရ ယောက်ျားချင်းဘဲချစ်ချစ်၊ မိန်းမချင်းဘဲချစ်ချစ် ချစ်တာကပြဿနာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ ဘေးနားမှာဖြစ်ဖြစ် နားလည်လက်ခံပေးလို့ရပါတယ်။ ကျနော်တို့က လူအခွင့်အရေးကိုနားလည်ပြီး စကားဝိုင်းထဲမှာ လူ့အခွင့်အရေးကို ဆွေးနွေးတဲ့အခါမှာ အခက်အခဲအများကြီးရှိတယ်။ သဘာဝမကျဘူးလို့ လူတွေလက်ခံထားတဲ့ လိင်တူချစ်သူတွေကို စကားဝိုင်းထဲမှာ ဆွေးနွေးတဲ့အခါမှာ အများကြီးအခက်ခဲတွေ တွေ့ရတယ်။ နောက်တခု သူတို့ပြန်ပေးတဲ့ ဥပမာက ဒီလိုဝါဒကြီးသာ ထွန်းကားသွားမယ်ဆိုရင် ငါတို့မျိုးဆက်တွေ တုန်းကုန်မယ်ပေါ့။ ယောက်ျားချင်းချစ်တဲ့ကိစ္စဟာ ကလေးမွေးလို့မရဘူးဆိုတော့ အဲလိုမျိုးချည်းသာအကုန်လုံးဖြစ်ရရင် ခက်လှချည်ရဲ့ပေါ့ဆိုပြီး သူတို့ကစောဒကတက်ကြတယ်။ ကျနော်တို့က ပြန်ရှင်းပြတယ်၊ ယောက်ျားချင်းတိုင်းက ဒီအတိုင်းတော့မဟုတ်ဘူး။ ဒါပေမယ့် သူတို့စိတ်ထဲမှာက မျိုးဆက်တုန်းကုန်မယ်ဆိုတဲ့ အစွဲတွေကရှိနေသေးတယ်ဆိုတော့ ကျနော်တို့ပတ်ဝန်းကျင်မှာ ပြောင်းလဲဖို့ဆိုတာ သိပ်တော့မလွယ်ကူသေးပါဘူး။
မြတ်နိုးဖြူ
အရင်တုန်းကတော့ လူ့အခွင့်အရေးဆိုတာ လူသားအားလုံးနဲ့ဆိုင်တယ်ဆိုတာတော့သိတယ်ပေါ့။ ကျနော်တို့မျက်လုံးထဲမှာ သူတို့အတွက်အခွင့်အရေးဆိုပြီးမှ သီးသန့်မမြင်မိဘူးပေါ့။ တကယ်တန်းကျတော့ သူတို့က ခွဲခြားခံရတယ်ပေါ့နော်။ ကိုယ်ကိုတိုင်လည်း သူတို့နဲ့ပေါင်းလို့ပြောခံရတယ်ပေါ့။ အခြောက်တွေနဲ့ပေါင်းတဲ့ မိန်းမဆိုလို့ရှိရင် တချို့လူတွေက သိပ်ပြီးတော့ အမြင်မကြည်လင်ကြဘူးပေါ့။ နောက်ပိုင်းကျတော့ ဘာဖြစ်လာလည်းဆိုတော့ ဂေး တွေကြားထဲမှာလည်းအခွင့်အရေးနဲ့ပတ်သက်လို့ လိုအပ်တယ်ပေါ့။ သူငယ်ချင်းတွေနဲ့ ပြန်ဆက်စပ်တယ်ပေါ့။ သူတို့လည်းပါဝင်သင့်တယ်ပေါ့။ ဒါပေမယ့် သူတို့ပါဝင်နေဖို့တော့ ကျနော်လိုက်လုပ်နေလို့တော့ မဖြစ်ဘူးပေါ့။ ကျနော်ဝင်ပါတယ်ဆိုရင်သိပ်ပြီးတော့ အမြင်မကြည်တာမျိုးဖြစ်မှာပေါ့။ သူတို့အချင်းချင်းပြောတဲ့အခါကျတော့ ပိုပြီးတော့မှ ကောင်းတယ်ပေါ့။
ချစ်ခါးလေး
အခုနောက်ပိုင်းကျတော့ အားလုံးဟာ လူသားဘဲပေါ့နော်။ ဂေးတွေ၊ (Lesbian) တွေ ဆိုတာကလည်း ကိုယ့်ရဲ့ရွေးချယ်မှုမဟုတ်ဘူးလေ။ ဒါသဘာဝအတိုင်း ဖြစ်လာတဲ့ ခန္ဓာကိုယ်၊ စိတ်ရဲ့ခံစားမှု ဆိုတဲ့အခါကျတော့ ဘယ်လိုမှ အဲဒါကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့လည်း သိလာရတယ်။ သိလာရတဲ့ အခါကျတော့ ကျနော်ကယောက်ျားဆိုတော့ ယောက်ျားလိုခံစားတတ်တယ်။ မိန်းကလေးဆိုလဲ မိန်းကလေးလို ခံစားတတ်တယ်ပေါ့။ ဂေး (Gay) လည်း၊ (Lesbian) လည်း အဲလိုဘဲ သူတို့ဟာသူတို့ ကိုယ်ပိုင်ခံစားချက်ရှိတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ခံစားချက်ကို တန်ဖိုးထားသလို မြတ်နိုးသလို တပါးသူရဲ့ခံစားချက်ကိုလည်း တန်ဖိုးထားပေးရမှာပေါ့။
ဆိုင်းမိုင်
သူတို့လည်းလူသားဘဲ၊ သူတို့လည်းခံစားချက်နဲ့ဘဲ၊ လူလူချင်းဘဲ ဆိုပြီးပိုပြီးတော့မှ စာနာမိတာပေါ့။ သူငယ်ချင်းတော့ သူငယ်ချင်းဘဲ ဒါပေမယ့် တခါတလေကျရင် ကိုယ့်ပါးစပ်ကနေလွှတ်ခနဲပြောမိတယ်ပေါ့နော်၊ အခြောက်၊ ဂန်ဒူး၊ ယောက်ျားလျာ ဆိုပြီး ကိုယ့်ဘက်ကနေ ပြောမိတာတွေရှိတာပေါ့နော်။ အခုချိန်မှာတော့ ကိုယ်က သင်တန်းဆရာတယောက်အနေနဲ့ လိင်တူချစ်သူတွေကို စာနာနားလည်လာပြီဆိုတော့ ပြောတာဆိုတာတွေတော့ အဲလောက်မရှိတော့ဘူးပေါ့နော်။ ဆင်ခြင်လည်းဆင်ခြင်တယ်ပေါ့နော်။
အမေး။ ။ ကျနော်တို့နိုင်ငံမှာ ဆိုရင် ဒီလိုလိင်တူချစ်တဲ့သူတွေကို အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် (HIV/Aids) ရောဂါဖြန့်ချီတဲ့သူတွေဆိုပြီး ၀ိုင်းဝန်းသမုတ်ကြတယ်။ အဲဒီလို သတ်မှတ်မှုအပေါ်မှာရော ဘယ်လိုမြင်လဲ။
ကိုအောင်
ဒီအမြင်ကတော့ သူတို့လိင်တူချစ်သူချင်းဖြစ်တဲ့ အမြင်ပေါ်မှာလည်း မူတည်မယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုကျနော့် သူငယ်ချင်းတွေကြားထဲမှာ အဲလိုမျိုးလူတွေကြုံဖူးတယ်။ ကျနော်က အဆောင်မှာနေတယ် ဆိုတော့ ကြုံဖူးတယ်ပေါ့နော်။ အဲဒီသူငယ်ချင်းက ရောဂါဖြစ်နိုင်ချေရှိတယ်။ သူကအကာအကွယ်မသုံးဘဲ ဒီတည တယောက်နဲ့အိပ်လိုက် နောက်ညကျရင်လည်း နောက်တယောက်နဲ့အိပ်လိုက်နဲ့ ဆိုတော့ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ရောဂါကူးနိုင်ချေရှိမှာပေါ့နော်။
လ၀ီနွန်
ကျမတို့ ပတ်ဝန်းကျင်အနေထားနဲ့ ပြောရမယ်ဆိုလို့ရှိရင် ကျမက အဲလိုမမြင်မိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အနေအထိုင်တွေက ဥပမာ Lesbian တယောက်ဆိုရင် သူတို့က အလုပ်လုပ်တဲ့အခါ အရမ်းကြိုးစားတယ်။ ဒါပေမယ့် အသိမှတ်ပြုမခံရဘူးပေါ့နော်။ သူတို့က ယောက်ျားလေးနဲ့ အရမ်းသွားတဲ့အခါကျတော့ တခါတလေကျတော့ ယောက်ျားလေးတွေက သူတို့ကို ပြန်ပြီးတော့ အကြမ်းဖက်တာပေါ့နော်။ အဲလို လုပ်တဲ့အခါကျတော့ လူတွေကမြင်လာတယ်ပေါ့။ ကျမအနေနဲ့ကတော့ အဲလိုမျိုးဖြစ်မယ်လို့တော့ မမြင်ပါဘူး။
ကိုထွေး
အကာကွယ်မသုံးဘဲ လိင်ဆက်ဆံမယ်ဆိုရင်တော့ ဘယ်လိုလူမျိုးဘဲဆက်ဆံဆက်ဆံ ကူးစက်နိုင်ပါတယ်။ လိင်တူချစ်သူတွေမှ ရောဂါဖြန့်ဖြူးတယ်ဆိုတာကတော့ တဖက်သက် အယူစွဲတဲ့အမြင်တွေပါဘဲ့။ အကာကွယ်မဲ့လိင်ဆက်ဆံလို့ရှိရင် ဘယ်သူနဲ့မဆိုကူးစက်နိုင်တယ်ဆိုတာကတော့ ကျနော်တို့တွေက သိထားပြီးသားဘဲ။ အခြောက်ဆိုတာကလည်း ယောက်ျားအကုန်လုံးကို လိုက်ကြိုက်နေတာလည်းမဟုတ်ဘူး။ လူတွေမြင်လိုက်တာက အခြောက်ဆိုလို့ရှိရင် ယောက်ျားအကုန်လုံးကို လိုက်ကြိုက်နေတဲ့ပုံပေါ့နော်။ အဲဒါကြောင့်မို့လို့ သူတို့တွေဆီကတဆင့် ကူးစက်တယ်၊ ပြန့်ပွားတယ်လို့ပြောကြတာလို့ထင်တယ်။ စိတ်ဝင်စားတယ်ဆိုရင်တောင်မှ အကာအကွယ်သုံးပြီး လိင်ဆက်ဆံမယ်ဆိုရင်တော့ ဘယ်လိုလုပ် ကူးစက်နိုင်မှာလဲ။
မြတ်နိုးဖြူ
ငယ်ငယ်တုန်းက လူကြီးတွေပြောကြတော့ အဲဒီလိုမျိုးဘဲ မြင်မိတယ်။ နောက်ပိုင်း သူတို့တွေနဲ့ အပေါင်းအသင်းတွေ ဖြစ်လာတော့ အဲလိုမျိုးပြောတယ်ဆိုရင်စိတ်တိုတယ်လေ။ စိတ်ထဲမှာလည်း မခံချင်ဘူးဖြစ်မိတယ်။ သူတို့ဖြန့်တာမှမဟုတ်တာ။ သူတို့မှာ ရှိတယ်ဆိုရင် ယောက်ျားတွေက သူတို့နဲ့ ဘာဖြစ်လို့နေချင်ရတာလဲ။ ထားပါတော့ မိန်းမတွေမှာရော မရှိကြဘူးလား။ သူတို့တဦးတယောက်ထဲက ထွက်လာတာမှမဟုတ်တာ။ သူတို့မှာ မွေးကတည်းက ဒီရောဂါပါလာတာမဟုတ်ဘူးလေ။ သူတို့တွေရဲ့ သူငယ်တွေဆီက ပြန်ကူးတယ် ဆိုတာမျိုးကို ပြောချင်တာ။ သူငယ်တွေကရော ဘယ်ကရတာလဲ။ အဲလိုမျိုး ကျနော်ကပြန်ပြီးတော့ ပြောချင်တာ။
ချစ်ခါးလေး
ရောဂါပိုးသယ်ဆောင်တယ်ဆိုတာက ဂေးတွေ၊ Lesbian တွေထဲနဲ့တော့ ဖြစ်မလာနိုင်ဘူးလို့ ကျနော်ခံယူထားတာပေါ့နော်။ စည်းကမ်းမဲ့ လိင်ဆက်ဆံမယ်၊ တခြားအကြောင်းရာတွေပေါင်းများစွာကလည်း ကူးစက်နိုင်တယ်ပေါ့။ ဂေး ဖြစ်ဖြစ်၊ Lesbian ဖြစ်ဖြစ် စည်းစနစ်ကျကျ အကာအကွယ်သုံးပြီး လိင်ဆက်ဆံမယ်ဆိုရင်တော့ ရောဂါမဖြစ်နိုင်ဘူးပေါ့။
မေး။ ။ တကယ်လို့သာ လိင်တူချစ်သူဖြစ်တဲ့လူငယ်တယောက်က မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ဖယ်ကျင်ခံနေရတဲ့အတွက် အကူအညီ အကြံဥာဏ်တောင်းလာခဲ့မယ်ဆိုရင် ဘယ်လိုတုန့်ပြန်မှုမျိုးကိုပေးမလဲ။
ကိုအောင်
်အခုချိန်မှာ အကူအညီ တောင်းလာခဲ့မယ်ဆိုရင်တော့ ကိုယ်ကလည်း လိင်တူချစ်သူတွေရဲ့ကြောင်းကို လေ့လာထားသလောက် သူ့ကိုပြောပြမယ်။ တကယ်လို့ သူက လိင်ဆက်ဆံဖော်များတဲ့ သူတယောက်ဖြစ်မယ်ဆိုရင် ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ အကာအကွယ်သုံးမလဲဆိုတာကို ပြောပြပေးမယ်။ အဲနောက်ထပ် ဒီမှာဆိုရင်တော့ လိင်တူချစ်သူများ အသင်းဖွဲ့ဆိုတာရှိပြီ။ သူ့ကိုလဲ ဒီလိုမျိုး လိင်တူချစ်သူများ အသင်းအဖွဲ့တွေနဲ့ အဖွဲ့ဝင်ဖြစ်လာအောင် ကူညီပေးလုပ်ဆောင်ပေး နိုင်ပါတယ်။
လ၀ီနွန်
သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျမအရင် လေ့လာကြည့်ရမှာပေါ့နော်။ သူဟာ တကယ်ပဲ လိင်တူချင်းကိုစိတ်ဝင်စားတဲ့ သူလားဆိုတာကို အရင်သုံးသပ်ကြည့်ရမှာပေါ့။ သူက အဲဒီဘက်မှာ တကယ်အားသန်သွားပြီဆိုရင် ကျမအနေနဲ့ကတော့ အခုအနေအထားနဲ့ဆိုရင် ဘာမှပြောစရာ မလိုပါဘူး။ အရင် လူ့အခွင့်အရေးနဲ့ ပက်သက်ပြီးတော့ မသိသေးတဲ့အချိန်တုန်းကဆိုရင် ကျမဘယ်လိုမှ နားလည်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ကိုထွေးကျနော်တို့မြန်မာပြည်မှာဆိုရင် တွေ့ရတဲ့ ဂေး တော်တော်များများက စွမ်းရည်အားဖြင့်သော်လည်းကောင်း၊ အရည်ချင်းအားဖြင့်သော်လည်းကောင်း နိမ့်ကျတဲ့သူတွေတော်တော်များတယ်။ ဆိုတော့ သူတို့ စီးပွားရေးအရ၊ အတတ်ပညာအရ တော်တော်အောက်တန်းကျတဲ့အလုပ်တွေ သူတို့လုပ်ရတယ်ပေါ့နော်။ အသက်မွေးဝမ်းကျောင်းအရပါ အနှိမ်ခံရတဲ့ အနေအထားမျိုးရှိတယ်။ ကျနော့်သူငယ်ချင်းမှာ သားတယောက်ရှိတယ်။ အရွယ်မရောက်တရောက်ရှိနေပြီ။ သူက ဂေး ပေါ့။ သူ့အဖေ၊ အမေတွေက နှိပ်ကွပ်ကြတယ်။ ကျနော်က နားလည်တော့ အားပေးတယ်။ ဘာမှစိတ်မပျက်နဲ့ အားမငယ်နဲ့ဆိုပြီးပေါ့နော်။ ဂေး တယောက်ကိုသာ တွေ့မယ်ဆိုလို့ရှိရင်တော့ သာမာန်လူထက် အသက်မွေးဝမ်းကျောင်းပညာ၊ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် ပိုပြီးကြိုးစားဖို့ သင့်တယ်။ ကြိုးစားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမာန်လူ အတော်များများက လိင်တူချစ်တဲ့သူတွေကိုဆိုရင် ၀ိုင်းနှိမ်ဖို့ဘဲကြည့်နေကြတယ်လေ။ အဲဒါတွေကို ကျော်ဖြတ်မယ်ဆိုရင်တော့ အခြေခံအကျဆုံးကတော့ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်း တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ လေ့လာပြီးမှ ဘ၀ပတ်ဝန်းကျင်ကို ကျော်ဖြတ်ရင်တော့ ပိုအဆင်ပြေမယ်လို့ ကျနော်အကြံပြုချင်ပါတယ်။
ချစ်ခါးလေး
ဒါက နားလည်ပေးရမှာပေါ့။ ကျနော့် အနေနဲ့ဆိုရင်တော့ နားလည်ပေးပါတယ်။ ဘာဖြစ်လို့လဲဆို သူလည်းသူ့ဘ၀နဲ့သူ၊ သူ့ခန္ဓာကိုယ်နဲ့သူ၊ သူရဲ့စိတ်ခံစားမှု၊ တောင့်တမှုနဲ့သူဆိုတော့ နားလည်ပေးပါတယ်။ သာဓက ကြည့်စရာလည်းရှိတယ်လေနော်။ တချို့အသိုင်းအ၀ိုင်း မိသားစုတွေမှာဆိုရင် အဲဒီ ဂေးတွေ၊ Lesbian တွေကို အတင်းအကျပ်ပြောင်းလဲပေးတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ဘယ်လိုမှ ပြောင်းလဲလို့မရဘူးပေါ့နော်။ သူ့နဂိုအတိုင်းဟာ နဂိုအတိုင်းပြန်ဖြစ်လာတာဘဲ။ အဲဒါကိုကြည့်ခြင်းအားဖြင့် ဒါကိုဘယ်လိုမှပြောင်းလဲလို့မရဘူး။ ဒါကြောင့် သူ့ကို နားလည်ပေးရမှာပေါ့။ မိသားစုအသိုင်းအ၀ိုင်းက သူ့ကို နားလည်ပေးတာထက် ပိုပြီးမှ ကူညီပေးတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ 
ဆိုင်းမိုင်
အဲလို လိင်တူချစ်သူမျိုးကို တွေ့ခဲ့လို့ရှိရင် ဘာမှစိတ်မပျက်ဖို့ပေါ့နော်။ လူထဲက လူသားတယောက်ပဲ ကိုယ့်ရဲ့အောင်မြင်မှုကို ပိုပြီးတော့မှ ရအောင်ကြိုးစားပေါ့။ ကိုယ့်ကိုပြောတဲ့သူတွေထက် ကိုယ်ကသာအောင်ကြိုးစားပေါ့။ တော်အောင်နေပြ၊ ဘာမှစိတ်ဓါတ်ကျနေစရာမလိုဘူးလို့ အားပေးစကားပြောမယ်ပေါ့နော်။
မေး။ ။ လိင်တူချစ်သူတွေကို ပါးချင်တဲ့စကားလေးများရှိရင်...။
ကိုအောင်ဂေး တွေလည်းဘဲ ကိုယ့်ရဲ့ အဖော်ဆိုတာရှိမှာပေါ့။ ကိုယ့်မှာ လက်တွဲဆက်ဆံဖော်ရှိမယ်ဆိုရင် တယောက်ထဲကိုဘဲ ပေါင်းသင်းဆက်ဆံစေချင်တယ်။ တခြားသူတွေကို မထိခိုက်စေဘဲ အဲဒီတယောက်တည်းနဲ့ပဲ ဆက်ဆံပေါင်းသင်းခိုင်းစေချင်ပါတယ်။
ကိုထွေး
အကုန်လုံးဟာလူတွေဘဲလေ။ ဒီလိင်စိတ်ခံယူမှုကွဲပြားနေတာကတော့ ကျနော်တို့မမြင်နိုင်ဘူး။ အဲဒါကိုမှ ကြောက်လန့်ပြီးတော့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေတာကိုတော့ ကျနော်ကစိတ်မကောင်းဘူး။ ဘယ်လိုဘ၀ပဲ့ကျကျလေ ကိုယ့်ရဲ့စိတ်သဘောထားကို ကိုယ်ပွင့်ပွင့်လင်းလင်းပြော။ အခုနက ကျနော်ပြောခဲ့သလိုမျိုးဘဲ့ပေါ့နော်။ အဓိက ကဘာလဲဆိုတော့ အဲဒီပတ်ဝန်းကျင်က ကိုယ့်ကိုနှိမ်တယ်ဆိုတာက သူ့ရဲ့အရည်အချင်းကို အသိမှတ်မပြုမှု၊ တကယ်ဖြစ်တည်မှုကို အသိမှတ်မပြုတဲ့ ပတ်ဝန်းကျင်မှာဘဲ အဲလိုဖြစ်တာပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ပတ်ဝန်းကျင်က အသိမှတ်ပြုလာအောင် ကြိုးစားပါ။ ပိုပြီးတော့ အားထုတ်ပါ။ အဆုံးစီရင်တာတို့၊ လက်လျှော့တာတို့တော့ ကျနော်မဖြစ်စေချင်ဘူး။ ထပ်ပြီးပြောချင်တာက လိင်တူချစ်သူတွေအားလုံးကို လိင်ကွဲချစ်သူတွေထက် နှစ်ဆပိုပြီးတော့ ကြိုးစားပါလို့ ကျနော်ပြောချင်ပါတယ်။
မြတ်နိုးဖြူ
လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ တချို့ လိင်တူချစ်သူတွေက ပတ်ဝန်းကျင်က ပြစ်ပယ်ခံရတဲ့ပုံစံမျိုးဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ရှေ့တန်းမတင်ဘူးလေ။ မိသားစု ပတ်ဝန်းကျင်က ဖြစ်ချင်တဲ့ဆန္ဒကိုဘဲ ရှေ့တန်းတင်နေရတယ်ဆိုတော့ ကျနော့်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလိင်စိတ်ခံယူမှုကလည်း ရှက်စရာမှ မဟုတ်တာ၊ သက်သက်ကြီး လုပ်ယူထားတာလည်းမဟုတ်ဘူးဆိုတော့ ကိုယ့်ရဲ့မွေးကတည်းကပါလာပြီးသားဆိုတော့ ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းနေလိုက်ပေါ့။ ဒါပေမယ့် တချို့ တွေက အရမ်းပွင့်ပွင့်လင်းလင်းနေချင်တယ်။ ပတ်ဝန်းကျင်၊ မိသားစု က အသိမှတ်ပြုတာမခံရမှာကြောက်နေလို့ရှိရင်တော့ ကိုယ့်ကိုယ်ကို ပြန်ပြီး ဒုက္ခပေးသလိုမျိုးဖြစ်နေတာပေါ့။ အဲဒါကြောင့် သူတို့တွေမှာလည်း ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ကြိုးစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာ သူတို့ကိုပြောချင်တယ်။ နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ စိတ်အတိုင်းလွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်လို့ဘဲ့ သူတို့ကိုပြောချင်ပါတယ်။
ဆိုင်းမိုင်
်လူတိုင်းဟာ ကိုယ့်ခံစားချက်နဲ့ကိုယ် နေကြတယ်လေ။ ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ လိင်တူချစ်သူတွေကို သူများတွေထက် တဆင့်နိမ့်တယ်လို့မြင်ထားတယ်ပေါ့။ ဘာမှအားငယ်စရာမလိုဘူး။ ဂရုစိုက်စရာမလိုဘူး။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ ကိုယ့်ရဲ့အောင်မြင်မှုအပေါ်မှာဘဲ မူတည်တယ်။ လူမှုရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်ကူညီလာနိုင်မယ်ဆိုရင်တော့ တနေ့ကျရင်အားလုံးက လေးစားလာမယ်ပေါ့နော်။ ကိုယ့်ရဲ့လုပ်ငန်းကို ဘာမှစိတ်ဓါတ်မကျဘဲ အောင်မြင်အောင်ကြိုးစားဖို့ပြောချင်ပါတယ်။
သက်တံ့အယ်ဒီတာအဖွဲ့ မှ မေးမြန်းထားခြင်းဖြစ်ပါသည်။
| Comments |
|
!joomlacomment 4.0 Copyright (C) 2009 Compojoom.com . All rights reserved."
| < Prev |
|---|






Welcome Boy Homo created this network with SocialGO.